မန္တလေးသည် ပူသည်။
နေ့ခင်းစာဝါလိုက်သည့် စာသင်သားတို့လည်း အိပ်ငိုက်သည်။ ထိုအခါ မျိုးတွင် ဗန်းမော်ဆရာတော်က အိပ်ချင် ပြေ ပုံပြင်များ ပြောပြတတ်သည်။
“ရှေးတုန်းက ရွာတစ်ရွာမှာ အကောင်းမှ ကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါးရယ်၊ ဘုန်းကြီးလိုပဲ အကောင်းမှ ကြိုက် တတ်တဲ့ ကျောင်းသားတစ်ဦးရယ် ရှိသတဲ့”
ဆရာတော်က ပုံပြင်ကို နိဒါန်းချီသည်။
ဆရာတော် ပုံပြောလျှင်၊ မှတ်စရာ၊ ရယ်မောစရာ ပါစမြဲဖြစ်သဖြင့် စာသင်သားတို့ အာရုံစိုက်လာကြသည်။

တစ်နေ့ ဆရာတပည့် ဆွမ်းခံထွက်လာကြသည်။
ပထမ ဆယ်အိမ်လောက်မှာ ဆွမ်းမကောင်း။ ပဲပြုတ်၊ ချဉ်ရည်၊ ပဲရေပွများသာ လောင်းကြသည်။
သို့နှင့် ရွာလယ်သူကြီးအိမ်သို့ ရောက်သည်။ သူကြီးအိမ်က ၀က်သားဟင်းတစ်ခွက်လောင်းသည်။ အကောင်းကြိုက်သော ဆရာတပည့်နှစ်ဦးစလုံး ဖွင့်မကြည့်ပါ။ သို့သော် စိတ်ထဲက ကျိတ်၍ ၀မ်းသာနေကြသည်။
ကျောင်းသို့ ရောက်သောအခါ ဆွမ်းပွဲပြင်ပြီး ကပ်သည်။ ဘုန်းကြီးက ဆွမ်းပွဲကို ကြည့်သည်။ ၀က်သားဟင်းခွက်မပါ။
“သာဂိ ဟိုဟင်းလဲပါ မလာပါလား”
ဘုန်းတော်ကြီးက တပည့်ကျောင်းသားလေး သာဂိကို မေးသည်။
“ဘယ်ဟင်း ပါလဲဘုရား”
“ဟဲ့- သူကြီးအိမ်ကလောင်းလိုက်တဲ့ ဟင်းလေ”
“သြော်- ၀က်သားဟင်းခွက်လားဘုရား၊ မှန်လှပ၊ ဒီကနေ့ရလာတဲ့ ဆွမ်းဟင်းတွေထဲမှာ အဲဒီဆွမ်းဟင်းသာ အကောင်းဆုံးဖြစ်လို့ ခုပဲ တပည့်တော် ဘုရားမှာ ဆွမ်းတော်တင်ထားပါတယ် ဘုရား”
ကျောင်းသားလေး သာဂိက ဖြေသည်။
ဘုရားမှာ ဆွမ်းတော်တင်ထားသည်ဆိုသဖြင့် မည်သို့မျှ စောဒက မတက်သာပေ။ ဆွမ်းတော်စွန့်လျှင် သာဂိအားရပါးရစားတော့မည်ကို သိသည်။
“အင်း- သာဂိတို့က လူသာငယ်တာ၊ ဘုရားကို ကြည်ညိုတဲ့နေရာမှာတော့ ရှားတယ်။ စေတနာကလဲ ကောင်းပါ့ကွာလို့ ငေါ့တော့တော့နဲ့ မိန့်သတဲ့”
ဆရာတော်၏ ပုံပြင်ဆုံးလျှင် စာသင်သားတို့မှာ တ၀ါးဝါး ရယ်မောကြလေတော့သည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment