တစ်နေ့တွင် မင်းတုန်းမင်းတရားကြီးသည် နေပြည်တော်တွင်းရှိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်တို့ကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဆွမ်းစား တရားပေးပြီးနောက် ဆရာတော်များ အာလာပသလ္လာပ ပြောဆိုနေကြသည်။ ထိုအခါ ဗန်းမော်ဆရာ တော်က…
“ဒကာတော် ရေမြေ့ရှင်၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးနှယ်မြဲရဲ့လား။ မင်းကျင့်တရားဆယ်ပါးနဲ့ အညီကော ကျင့် ရဲ့လား” ဟူ၍ မေးလေသည်။
“မှန်လှပါအရှင်ဘုရား တပည့်တော်ဟာ ငါးပါးသီလကို ခါးဝတ်ပုဆိုးနှယ် မြဲပါတယ်ဘုရား။ လပြည့်လကွယ်၊ ရှစ် ရက်သီတင်းဥပုသ်နေ့တွေမှာ ရှစ်ပါးသီလခံယူတည်ဆောက်ပါတယ် ဘုရား”

“သာဓု၊ သာဓု၊ သာဓု ဒကာတော်။ တစ်ခုတော့ရှိတယ်၊ ဘုန်းကြီး ကြားဖူးတဲ့ ဖိုးသူတော် ပုတီးစိပ်သလိုတော့ ဥပုသ်မစောင့်နဲ့နော်”
“ဖိုးသူတော် ပုတီးစိပ်သလိုဆိုတာ ရှင်းလင်းဟောကြားတော်မူပါဦး ဘုရား”
“ရှေးတုန်းက ရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ဖိုးသူတော်တစ်ယောက်ရှိတယ်။ အဲဒီ ဖိုးသူတော်က ပုတီးအလွန်စိပ်တယ်။ ရွာရဲ့ဓလေ့ လပြည့် လကွယ် ရှစ်ရက် ဥပုသ်သီတင်းကျရင် ရွာဦးကျောင်းကို သွားကြတယ်။ ဆရာတော့်ထံက သီလယူကြတယ်။ ပြီးတော့ ကျောင်းထဲမှာပဲ တရားထိုင်သူက ထိုင်၊ ပုတီးစိပ်သူက စိပ် ပြုကြတယ်။”
“ဖိုးသူတော်ကတော့ ညောင်ပင်ရိပ်ကောင်းကောင်းအောက်မှာ ထိုင်ပြီး၊ မျက်လွှာချပြီး ပုတီးစိပ်လေ့ရှိတယ်။”
ဖိုးသူတော်၏ ပုတီးမှာ အများနှင့်မတူ၊ ၁၀၈ လုံးပုတီးမဟုတ်။ ၄၅ လုံး၊ ကိုးလုံး လည်းမဟုတ်၊ သုံးလုံးတည်းသာရှိသော ပုတီးဖြစ်သည်။
ပုတီးလုံးရေကလည်း နည်းသည်။ စိပ်ပုံကလည်း မြန်လှသည်။ ထို့ကြောင့် အမြင်ထူးဆန်းနေသည်။ အထူးသဖြင့် ရွာဦးကျောင်းဒကာက ဖိုးသူတော်ပုတီးစိပ်ပုံ ပို၍ စိတ်ဝင်စားသည်။
“ကျုပ်တို့ ဖိုးသူတော်က ဆရာတော်ရဲ့ အပါးမှာ အမြဲဝတ်ကြီးဝတ်ငယ်ပြုစုသူ ဖြစ်တယ်။ စာလဲတတ်တယ်။ ပုတီးစေ့လုံးရေကလဲ ထူးခြားတယ်။ ပုတီးစိပ်ပုံကလဲ ထူးခြားတယ်။ တရားထူး ကြားနာထားရပုံရတယ်။ ဒီတော့ ဖိုးသူတော်ရဲ့ ပုတီးစိပ်နည်းကို ရအောင် တောင်းရရင် ကောင်းမယ်။”
ကျောင်းဒကာကြီးက အခြားဥပုသ်သည်တစ်ဦးကို ဖွင့်၍ တိုင်ပင်သည်။
“ကောင်းပေသားပဲ ကျောင်းဒကာကြီး ဖိုးသူတော်ရဲ့ ပုတီးစိပ်နည်း ထူးခြားပုံကို ကျုပ်တို့လဲ သတိထားမိတာ ဥပုသ်နှစ်ပတ်ရှိပြီ။”
“ကဲ- ဒါဆို သူရဲ့ ပုတီးစိပ်နည်းရအောင် သွားပြီး တောင်းကြစို့”
“ဖိုးသူတော်ကြီး ပုတီးစိပ်နေတုန်းဗျ။ အနှောင့်အယှက် မပေးကြပါနဲ့။ သူစိပ်ပြီးမှ စိပ်နည်းကို တောင်းကြတာပေါ့”
ထိုသို့ တိုင်ပင်ကြပြီး ဖိုးသူတော်ကြီး ပုတီးစိပ်အပြီးကို စောင့်နေကြလေသည်။ အတန်ကြာသောအခါ ဖိုးသူတော်သည် ပုတီးစိပ်၍ပြီးသွားလေသည်။ ကျောင်းဒကာကြီးနှင့်တကွ စုဝေးရောက်ရှိနေကြသည့် ဥပုသ်သည်တို့သည်လည်း ဖိုးသူတော်၏ ပုတီးစိပ်နည်းကို တောင်းကြလေသည်။
“ဦးသူတော်ရဲ့ ပုတီးကလဲ ထူးခြားတယ်။ ပုတီးစိပ်ပုံကလဲ မြန်ဆန်ထူးခြားတယ်။ ဒါ့ကြောင့် တပည့်တော်တို့ကိုလဲ ဦးသူတော်ရဲ့ ပုတီးစိပ်နည်းကို ပေးပါ။”
“ပုတီးစိပ်နည်း ဟုတ်လား”
“ဟုတ်ပါတယ် ဦးသူတော်”
“ခင်းဗျားတို့တစ်တွေက တော်တော်ခက်ပါလား။ ဆရာတော်ပြတုန်းကတော့လဲ သေသေချာချာ မှတ်မထားဘူး။”
“ဦးသူတော် အပြစ်တင်ရင်လဲ ခံရမှာပါပဲ။ ဆရာတော် ပြတုန်းက ကောင်းကောင်းမမှတ်မိလိုက်လို့ပါ။”
“ဦးသူတော်နဲ့ တပည့်တော်တို့ဟာ ဆရာရင်း ဒကာရင်းတွေပဲဟာ၊ ဦးသူတော် သိထားတဲ့တရား ဦးသူတော်ရဲ့ ပုတီးစိပ်နည်းကို မျှဝေသင့်ပါတယ်။”
“အားလုံးက ၀ိုင်း၍တောင်းပန်ကြသည်။ ဖိုးသူတော်ကြီးလည်း မနေသာတော့ပဲ ပြောရလေတော့သည်။”
“ဒီလောက်တောင်းပန်ကြမှတော့ ပေးရမှာပေါ့။ ကျုပ်ရဲ့ စိပ်နည်းက ၄င်းနည်း၊ ၄င်းနည်း၊ ၄င်းနည်း လို့ စိပ်တာပဲ။”
အားလုံးက “ဟာ”ခနဲ ဖြစ်သွားကြသည်။ ဤ ၄င်းနည်းဟု စိပ်ခြင်းကို မည်သူမျှ မကြားသိဖူးကြပါ။
“ဦးသူတော်ပြောတာကို သဘောမပေါက်ဘူး။ ရှင်းပါဦး”
“ဒါပေါ့၊ ပြတုန်း သင်တုန်းက သေသေချာချာမှ နားမထောင်ဘဲကိုး၊ ကဲ- အစက ပြန်ပြောမယ်၊ သေသေချာချာ မှတ်ထားကြ”
“ပုတီးစပြီး စိပ်စိပ်ချင်းတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါးကို စိပ်တာပါပဲ။ နောက်တစ်လုံးကျတော့ သုံးလုံးအရှည်ဆိုစိပ် မနေတော့ဘူး။ မြန်အောင် ၄င်းနည်း၊ ၄င်းနည်းလို့ ဆိုပြီး စိပ်တာဗျား။ ကဲ- မှတ်ထားကြပေတော့။”
ဖိုးသတော်ကြီးက ၄င်း၏ ပုတီးစိပ်နည်းကို ရှင်းပြသည်။ ဤအခါကျမှပင် အားလုံး သဘောပေါက်သွားကြပြီး ပြုံးကြသည်။
“ဒါပါပဲ ဒကာတော်ရေမြေ့ရှင်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ မြဲတယ်ဆိုပြီး ၄င်းနည်းပဲ သုံးမနေနဲ့ ဒကာတော်”
မင်းတုန်းမင်းတရားကြီးသည် ဗန်းမော်ဆရာတော်၏ ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်ပါသည်။ ထို့ကြောင့် ပြုံးရယ်တော်မူလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment