ဗန်းမော်ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတောင်စောင်းတောရကျောင်းတွင် သီတင်းသုံးတော်မူခိုက် ဖြစ်ပါ သည်။ ဥပုသ်နေ့တစ်နေ့တွင် ဥပုသ်စောင့် ဒကာတစ်ဦးက ဆရာတော်ဘုရားအား ဤသို့လျှောက်ထား မေးမြန်း လေသည်။
“ဆရာတော်ဘုရား၊ ရှင်မဟာသီလ၀ံသရဲ့ ပါရမီတော်ခန်းပျို့ထဲမှာ…
သုံးမည်ခန္ဓာ
အနိစ္စာကား
မကွာတူတကွ
ဆွေမျိုးစသား… လို့ ပါရှိနေပါတယ်။ တပည့်တော်မှတ်သားဖူးသည်မှာ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာလို့ ဆိုပါတယ်ဘုရား။”

“မှန်ပေတယ်”
“ဒီတော့ သုံးမည်ခန္ဓာဆိုတာနဲ့မတူ ကွဲပြားနေပါတယ် ဘုရား၊ ဒါနဲ့ ဆရာကိုပါနောက်ကို မေးကြည့်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာရေးသုံးပါးကို ဆိုလိုတယ်လို့ ပြောပါတယ်။ ရှင်းလင်းတော်မူပါဘုရား။”
“ဒကာ၊ မင်းရဲ့ မောင်ပါနောက်က ဦးသာရောက် အနက်မတင်လို့ စာပြင်မှားသလို ဖြစ်နေတာကိုးကွယ့်”
“ဦးသာရောက် စာပြင်မှားပုံ မိန့်ကြားရှင်းလင်းပါဦး ဘုရား”
“တစ်ခါက ရွှေဘိုမြောက်နေ ကြီးမှ ဘုန်းကြီးဝတ်တဲ့ ဘုန်းကြီးတစ်ပါး ရှိတယ်။ လူအမည်ကတော့ ဦးသာရောက်လို့ ခေါ်တယ်။”
ဆရာတော်က ဦးသာရောက်အကြောင်းကို စ၍ နိဒါန်းချီသည်။ ကြီးမှ ဘုန်းကြီးဝတ်သူဖြစ်သဖြင့် ဇာတ်နိပါ၊ အဌကထာ၊ ဋီကာ စသည်တို့ကို နှံ့စပ်ပိုင်နိုင်ခြင်း မရှိသေး။
တစ်နေ့သော် ၄င်း၏ ကျောင်းသို့ ကိုရင်လေးတစ်ပါး ပြောင်းရွှေ့ရောက်ရှိလာသည်။ ထိုကိုရင်လေးမှာ အခြားကျောင်းတွင် သီတင်းသုံးစဉ်က မဟာဇနကဇာတ်တော်ကို သင်ယူဆဲဖြစ်သည်။ ထို့ကြောင့် ဤကျောင်းရောက်သည်တွင်လည်း မဟာဇနကဇာတ်တော်ကိုပင် ဆက်၍ သင်ယူသည်။
ကိုရင်လေးက အနက်မြှုပ်ထားသည်ကို မသိ။
“မဟာရာဇ-ကြီး၊ တွံ-သည်” အနက်မြှုပ်ထားသည်ကို ဆက်ပြီး…
“မဟာရာဇကြီး တွန်သည်”ဖတ်သည်။ ဤသို့ မြန်မာနှင့် ပါဠိရော၍ ဖတ်သည်ကို တောထွက်ဦးပဉ္စင်း ဦးသာရောက်က ကြားသည်။
“ဟဲ့- ကိုရင် နင်ဖတ်သာ အမှားတွေချည်းပဲ၊ စာကို သေသေချာချာ ကြည့်မှပေါ့ကွယ်”
“မှားမယ့်သာ မှားရမယ်။ စာအတိုင်း ဖတ်တာပါ ဘုရား” ကိုရင်က စာကို သွား၍ ပြသည်။
“မင်းဖတ်တာက မှန်သားပဲ။ စာရေးတာ လွဲနေတာကိုး ကိုရင်။ တွန်ချင်းတွန်ရင် ကြက်သာတွန်ရမှာ၊ ဘယ့်နှယ် ကျီးတွန်ရမှာလဲ၊ မဟာရာဇကြက်တွန်သည်လို့ ဖတ်တဲ့”
ဦးသာရောက်က စာပြင်ပေးသည်။ ထပ်မှားနေပြန်သည်။ စင်စစ်… မဟာရာဇ- မြတ်သောမင်းကြီး၊ တွံ-သင်သည်… ဟု ဖြစ်ပါသည်။ မြတ်သောမင်းနှင့် သင်ကို မြှုပ်ထားခြင်း ဖြစ်သည်။
စာမနှံ့သည့်အတွက် ကျီးမတွန်၊ ကြက်သာတွန်သည်ဟု သဘာဝသုံးနှင့်ထပ်၍ အပြင်မှားခြင်းဖြစ်လေသည်။
“အဲဒီလိုပဲဒကာ၊ ရှင်မဟာသီလ၀ံသစပ်ဆိုတဲ့ သုံးမည်ခန္ဓာဆိုတာ စိတ်၊ စေတသိက်၊ ရုပ် ဒီသုံးပါးဟာ အနိစ္စပဲလို့ စပ်ဆိုတာ။ အဲဒီသုံးပါးကို ခန္ဓာအားဖြင့် ဖွဲ့ရင် ခန္ဓာငါးပါးပဲရတယ်ကွယ့်”
ဆရာတော်ဘုရားက စိတ်တစ်ခုယုတ် ကိုးဆယ်၊ အကျယ်တစ်ရာ့နှစ်ဆယ့်တစ်ပါးကို ရှင်းပြတော်မူသည်။ များစွာ နှစ်သက် သဘောကျကြလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment