ဗန်းမော်ဆရာတော်အား ကြည်ညိုသော ဒကာများထဲတွင် ရှေ့နေတစ်ဦး ပါဝင်သည်။ ထိုရှေ့နေကြီးသည် ဆရာတော်အား ကြည်ညိုလှသည်ဖြစ်၍ နိစ္စပတ်ဒါနမှုကို ပြုသည်။ ဆရာတော်လည်း ကြုံတိုင်း တရား ဓမ္မဟောကြား ပြသပါသည်။
“ဓမ္မစက္ကပ၀တ္တနသုတ်ဟာ အလွန်ကောင်းတယ်။ ဒကာကြီး၊ ကျက်ထား”
“တင်ပါ့ဘုရား”

ဆရာတော်က တွေ့ကြုံတိုင်း ဓမ္မစကြာသုတ်ကို ကျက်ထားရန် တိုက်တွန်းသည်။ ရှေ့နေကြီးကလည်း “တင်ပါ ဘုရား”သာ လျှောက်သည်။ ဆရာတော်ကလည်း တွေ့တိုင်း ကျက်ပြီး မပြီး မေးသည်။ ရှေ့နေကြီးမှာလည်း အလုပ်များသဖြင့် မကျက်ဖြစ်။ ကြာတော့ ဖြေရမှာ ရှက်လာသည်။ အားလာလာသည်။ ဆရာတော်အား ရွံ့လာသည်။ ဆရာတော်နှင့် မဆုံမိအောင် ရှောင်သည်အထိ ဖြစ်လာသည်။
သို့သော် ကြည်ညိုစိတ်၊ သဒ္ဒါစိတ်က ယိုဖိတ်လာသည်။ သို့နှင့် ဆရာတော့်ကျောင်းသို့ ရောက်လာသည်။
“ဘုန်းကြီးကျက်ခိုင်းတဲ့ ဓမ္မစကြာသုတ်ကော ကျက်ဖြစ်ရဲ့လား” တွေ့သည်နှင့် ဆရာတော်က မေးတော့သည်။
“ကျက်ပြီးပါပြီ”ဟု ဆိုမိချေက ရွက်ခိုင်းလျှင် အခက်တွေ့ချိမ့်မည်။
“အလုပ်တွေကများလို့ မကျက်ဖြစ်သေးပါ ဘုရား”
“ခက်သားကလား ဒကာ၊ သံသရာက လွတ်မြောက်အောင် စေတနာရင်းနဲ့ ဘုန်းကြီးက ကျက်ခိုင်းတာ၊ လောကီအလုပ်လောက်မှ ဒကာတို့က တန်ဖိုးမထားဘူးကိုး။ ၀ီရိယတယ်နည်းတာကိုး၊ သတ္တ၀ါဆိုတာ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ပျက်စီးတတ်တယ်ဒကာ”
ဆရာတော်က ကရုဏာဒေါသောနှင့် အပြစ်တင်ပြောဆိုလေသည်။
မင်းပေါက်စိုေးပါက် ပညာရှိ ရှေ့နေမင်းလည်း ကျောင်းသားငယ်တစ်ဦးကဲ့သို့ အဆူခံရသဖြင့် ရှက်မိသည်။ ၀မ်းလည်း နည်းသည်။
“မှန်လှပါအရှင်ဘုရား သံသရာက လွတ်မြောက်ဖို့ ကရုဏာတော်နဲ့ ဓမ္မစကြာသုတ်ကို အရှင်ဘုရား ကျက်ခိုင်းတာလဲ မှန်ပါတယ်။”
“ဓမ္မစကြာတရားဟောတော်မူတာလဲ ကြားနာရပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရား၊ ဆရာတော်ဘုရားက သဗညုတမြတ်စွာဘုရားမဟုတ်၊ ဗန်းမော်ကျောင်းတိုက်ကြီးကလဲ မိဂဒါဝုန်တောမဟုတ်။ တပည့်တော်ကလဲ ပဉ္စ၀ဂီထဲက မဟုတ်တော့ မကျက်ဖြစ်တာပါ ဘုရား”
ဒကာကြီးက ရှေ့နေပီပီ သူသန်ရာအကိုးအကားများနှင့် ဆင်ခြေဆင်လက်ပေးကာ လျှောက်လဲချက်ပေးသည်။
မလျော်ဆင်ခြေများပင်ဖြစ်သော်လည်း လောကီသဘောကို နောကျေနေသော ဆရာတော်သည် ရှေ့နေကြီးအား စိတ်မဆိုး၊ ပြုံးရယ်ကာ ခွင့်လွှတ်တော်မူပါသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)

No comments:
Post a Comment