ဥပုသ်နေ့တစ်နေ့တွင် ဖြစ်သည်။ ဆရာတော်ဘုရားသည် ခေတ္တနားရင်း ကျမ်းစာတစ်အုပ်ကို ဖတ်နေခိုက် လူရွယ်နှစ်ဦး ကျောင်းပေါ်သို့ ရောက်ရှိလေသည်။ ဆရာတော်အား ရိုသေစွာ ကန်တော့သည်။
“အရှင်ဘုရား၊ တပည့်တော်တို့နှစ်ဦး အငြင်းအခုံဖြစ်လို့ပါဘုရား”
“ဘယ်လိုများလဲကွယ့်”
“ဆရာတော်ဘုရား၊ တပည့်တော်တို့နှစ်ဦးဟာ ဗုဒရဲ့ စကြ၀ဠာအကြောင်း ပြောရင်းနဲ့ မြင်းမိုရ်တောင်အကြောင်း ရောက်သွားပါတယ်။”
“အဲဒီတော့….”
“သူက မြင်းမိုရ်တောင်ဆိုတာ အခေါင်းကြီးလို့ပြောပါတယ်။ ငယ်ငယ်ကတည်းက ကြားဖူးတာလို့ ပြောပါတယ်။ တပည့်တော်က ခေါင်းပိတ်ကြီးပါလို့ ပြောပါတယ်။ ဘယ်သူမှ ကျမ်းဂန်အထောက်အထား မပြနိုင်ပါဘူး။ ဒါကြောင့် ဆရာတော်ဘုရားဆီ ရောက်လာတာပါဘုရား”
“မင်းတို့နှစ်ယောက်က ဓူဝံကြယ်အကြောင်းပြောတဲ့ မြေးအဘိုးလို ဖြစ်နေပြီ”
“ရှင်းလင်း ဟောကြားတော်မူပါဦးဘုရား”
လူငယ်ဒကာနှစ်ဦးက တောင်းပန်လျှောက်ထားသည်။ ဆရာတော်လည်း ကျမ်းစာကို အသာချရင်း မြေးအဘိုးပုံပြင်ကို စပြောသည်။
“ရှေးက ရွာတစ်ရွာမှာ မြေးအဘိုးနှစ်ယောက် ရှိတယ်။ နွေညတစ်ညမှာ မြေးအဘိုးနှစ်ဦးသား အပန်းဖြေရင်း၊ စကားစမြည်ပြောရင်း အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ လဲလျောင်းနေကြတယ်။”
လူရွယ်နှစ်ဦးလည်း စိတ်ဝင်စားစွာ နားထောင်နေကြသည်။ ရာသီဥတုက သာယာသည်။ မိုးကောင်းကင်တွင် တိမ်ကင်းစင်နေသည်။ မှိတ်တုတ်မှတ်တုတ်ကြယ်ကလေးများ လင်းလက်လျက် ရွှန်းပသာယာနေသည်။
“အဘိုး”
“ဘာလဲ ငါ့မြေး”
“ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲအဘိုး”
“ငါ့မြေးကလဲ အ,ရန်ကော၊ ဓူဝံကြယ်တောင် မသိဘူးလား။ ဟောဟို တောင်ဘက်က လင်းလက်နေတာ ဓူဝံကြယ်ပေါ့ ငါ့မြေးရဲ့”
“ကျနော် ကြားဖူးတာနဲ့ လွဲနေပြီအဘိုး”
“ငါ့မြေးက ဘယ်လို ကြားဖူးထားလို့လဲ”
စင်စစ်အဘိုးဖြစ်သူမှာ ဓူဝံကြယ်ကို ဂနစွာ သိသူမဟုတ်။ မသိကြောင်းကိုလည်း ၀န်မခံချင် ထို့ကြောင့် ပေါ့ဆစွာ ဖြေလိုက်ခြင်းဖြစ်သည်။ ယခု မြေးက အဓွန့်တက်လာသောအခါ အခက်တွေ့စ ပြုသည်။
“မြောက်မှာ ဓူဝံ၊ တောင်မှာ တံငါ့ကွန်လို့ ကြားဖူးထားတယ်။”
မြေးက မှတ်သားဖူးသည်ကို ရွတ်ပြသည်။ အဘိုးဖြစ်သူမှာ မှားလေပြီ။ နှုတ်ကလည်း ကျွံမိချေပြီ၊ ပြောမိမှတော့ မထူးတော့ပြီ။
“သြော်- အဲဒါလား။ ငါ့မြေးက သေသေချာချာ မသိလို့ပါ။ မြောက်မှာ ဓူဝံဆိုတာ အရင်ကတော့ ဟုတ်တယ် ငါ့မြေးရဲ့။ ခုတော့ တောင်ဘက်ကို ပြောင်းသွားပြီ။ ပြောင်းသွားတာတောင် မကြာလှသေးဘူး။ လေးငါးရက်ပဲ ရှိသေးတယ်။”
အဘိုးဖြစ်သူက ခပ်တည်တည်နှင့် ပြောတော့သည်။
“တောင်ဘက်ကို ပြောင်းသွားတယ် ဟုတ်လား အဘိုး”
“ရှူး တိုးတိုး ငါ့မြေး၊ သူများတွေ ကြားသွားမယ်။ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာ ဘယ်သူမှ မသိသေးဘူး။ အဘိုးတစ်ယောက်တည်း သိသေးတာ”
အဘိုးဖြစ်သူက ခပ်တည်တည်နှင့် ဖြီးသည်။
“ဒီလိုပဲ ဒကာတို့၊ မင်းတို့ပြောတဲ့ မြင့်မိုရ်တောင်ဟာ အခေါင်းကြီးလား၊ အပိတ်ကြီးလားဆိုတာ ဘယ်သူမှ သေသေချာချာ မသိဘူး။ ဒါပေမယ့် တောင်ဆိုတာ အခေါင်းကြီးရယ်လို့တော့ ရှိရိုးထုံးစံမရှိဘူး ဒကာတို့”
“ဒီတော့ ဘယ်သူမှ မသိသေးတာ၊ ခုနက အဘိုးဖြစ်သူပြောသလိုပဲ။ သူများတွေ ကြားသွားမယ်… လို့ပဲ အဖြေပေးပါရစေ”
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပမာတင်စားပုံပြင်စကားကား ရှင်းလင်းလှပါသည်။
လူငယ်နှစ်ဦးလည်း ကြည်နူးရွှင်ပျော်သွားကြသည်။ ဆရာတော်အား ကောင်းစွာ ကန်တော့၍ ပြန်သွားကြလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment