ဗန်းမော်ဆရာတော်ကို မင်း၊ မိဖုရားတို့ ကိုယ်တိုင်က ကြည်ညိုကိုးကွယ်သည်။ စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သည်။ စာချိုး စာစပ်ကလည်း ထက်သည်။ ထို့ကြောင့် ဝေးနီးထက်အောက်ဝန်းကျင် ကျော်ကြားသည်။
နေပြည်တော်ရှိ ဆင်းရဲသား ဒကာတစ်ဦးသည် ဗန်းမော်ဆရာတော်အား ဆွမ်းကပ်လိုသည်။ သို့သော် မိမိကဲ့သို့ ဆင်းရဲသားအိမ်သို့ ကြွမှ ကြွပါ့မလားဟု မ၀ံ့မရဲ ဖြစ်သည်။ တစ်နေ့သော် သဒ္ဒါစိတ် ယိုဖိတ်လွန်းသဖြင့် ဆရာတော်ထံ ၀င်ရောက်ဖူးမြော်ပြီး ဆွမ်းစား ကြွရောက်ပါရန် ပင့်ဖိတ်သည်။
“မနက်ဖြန် တပည့်တော်အိမ်သို့ နေ့ဆွမ်းစားကြွတော်မူပါဘုရား။ ဆွမ်းစားပင်ရပေမယ့် ကြွမှ ကြွတော်မူပါ့မလားလို့ မ၀ံ့မရဲ ဖြစ်ကြောင်းပါဘုရား”
“ဘာပြုလို့ မ၀ံ့မရဲ ဖြစ်ရတာလဲ ဒကာ”
“အရှင် ဘုရားက မင်းတရားကြီး ကိုးကွယ်တဲ့ ဆရာတော်ကြီး ဖြစ်နေလို့ပါဘုရား”
“မဟုတ်တာဘဲ ဒကာ၊ ဘုရင်က ဘုန်းကြီးကိုမပိုင်ပါဘူး။ သာသနာကသာ ပိုင်တာပါ။ ဒကာကြီး ပင့်ရင်လိုက်ပြီး ဘုဉ်းပေးရမှာပါ။ တစ်ခုတော့ရှိတယ်။ ပင့်ရင် များများတော့ ချက်ထား။ ဘုန်းကြီးက အစားကြီးတယ် ဒကာ”
ဗန်းမော်ဆရာတော်က ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း မိန့်ကြားတော်မူသည်။ မင်းကိုးကွယ်သည့်ဆရာတော်၊ ကျမ်းတတ်ဆရာတော်၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ဟူသော မာန်မာနမရှိ၊ ဘုန်းကြီးကို သာသနာကသာ ပိုင်သည်ဟု ဆိုသည်။
ဆွမ်းစားပင့်သောခါလည်း လွန်စွာ ၀မ်းမြောက်ကျေနပ်သည်။ နောက်တစ်နေ့တွင် ဆရာတော် ဆွမ်းစားကြွတော်မူသည်။ ချဉ်ပေါင်ကို ၀က်သားနှင့် ရောချက်ထားသည်။ အခြားဟင်းရံများလည်း စုံသည်။ ဆရာတော်သည် ထုံးစံအတိုင်း ခပ်များများပင် ဘုဉ်းပေးသည်။
“၀က်သားနဲ့ ချဉ်ပေါက် ရောချက်ထားတဲ့ ဟင်းကို ဆရာတော်ဘုရား ကြိုက်မှကြိုက်ပါ့မလားလို့ စိုးရိမ်လိုက်ရတာ ဘုရား”
ဆွမ်းဒကာက လျှောက်ထားသည်။
ဗန်းမော်ဆရာတော်က ပြုံးတော်မူသည်။ ထို့နောက် ဤသို့ မိန့်လေသည်။
“ဒကာ လျှောက်ပုံဖြေရရင် အညာက ဦးပဉ္စင်းတစ်ပါး ဖြေသလို အထက်ပေါက်ထက်၊ အောက်ပေါက်ပိုကောင်းတယ်ဆိုပြီး ဖြေသလိုဖြေရတော့မှာပဲ”
“ရှင်းလင်းဟောကြားတော်မူပါဦးဘုရား”
ဆွမ်းဒကာနှင့် စုဝေးရောက်ရှိနေကြသော ပရိသတ်တို့က လျှောက်ထားတောင်းဆိုကြသည်။
“လွန်လေပြီးသောအခါကပေါ့ကွယ်၊ အညာရွာတစ်ရွာမှာ ဒကာတစ်ဦးက ဦးပဉ္စင်းတစ်ပါးကို လွန်စွာ သဒ္ဒါကြည်ညိုတယ်။ ဒါနဲ့ ကျောင်းဆောက်လှူဒါန်းတယ်။ ကျောင်းထိုင်စေတယ်။ ဆွမ်းဝတ်ကိုလဲ ကျောင်းဒကာအိမ်ကပဲ တာဝန်ယူတယ်။”
“ကျောင်းအမကြီးက ပေါက်ပွင့်သုတ်ကို ပင်တိုင်ထားပြီး နေ့စဉ်ပို့တယ်။ နေ့တိုင်း ပေါက်ပွင့်သုပ်ချည်းဆိုတော့ ဦးပဉ္စင်းလဲ စိတ်ပျက်လာတယ်။ ပေါက်ပွင့်သုပ်နဲ့ ကင်းဝေးအောင် စီမံရတော့တယ်။”
“အညာဒေသဆိုတာ ပေါက်ပင် အလွန်ပေါတယ်။ အောက်ပြည်အောက်ရွာမှာတော့ ငါး၊ ငါးပိ ပေါတယ်။ ဒီတော့… အောက်ပြည်အောက်ရွာကြွရင်တော့ ပေါက်ပွင့်နဲ့ ဝေးမှာပဲလို့ အတွေးဝင်တယ်။ ဒါနဲ့ အညာကနေ အောက်ပြည် အောက်ရွာကို တိတ်တဆိတ်ကြွခဲ့တယ်။”
“ရွာတစ်ရွာကို ရောက်တယ်။ ငါးပိထွက်တဲ့ ရွာလေးဆိုတော့ စီးပွားရေးလဲ အထိုက်အလျောက် အဆင်ပြေတယ်။ ဦးပဉ္စင်းကိုလဲ ကြည်ညိုတယ်။ ဒါနဲ့ ငွေကြေးတတ်နိုင်တဲ့ ဒကာမိသားစုက ကျောင်းဆောက်လှူဒါန်း ကိုးကွယ်ကြတယ်။ ဆွမ်းဝတ်ကိုလဲ ကျောင်းဒကာကြီးအိမ်ကပဲ တာဝန်ယူတယ်။”
“ကျောင်းအမကြီးက ဦးပဉ္စင်းကို ဆွမ်းကပ်ဖို့ဟင်းလျာ စဉ်းစားတယ်။ ဦးပဉ္စင်းက အညာကဆိုတော့ ငါးပိကို ညှီလို့ ဘုဉ်းပေးနိုင်မှာ မဟုတ်ဘူး။ အညာစာဖြစ်တဲ့ ပေါက်ပွင့်သုပ်တော့ ကြိုက်မှာပဲလို့ စိတ်ကူးရတယ်။ ဒါနဲ့ ပေါက်ပွင့်သုပ်ကို ပင်တိုင်ထားပြီး ဆွမ်းကပ်တယ်။”
“ပေါက်ပွင့်သုပ်ကို ငြီးလို့ရှောင်လာကာမှ ပေါက်ပွင့်သုပ်နဲ့ပဲ ထပ်တိုးရတဲ့ ဦးပဉ္စင်းမှာ အခက်တွေ့ ရတော့တာပဲ။ ဒါကြောင့်… ကျောင်းအမကြီးကို ဖွင့်ပြောမှ ဖြစ်တော့မှာပဲလို့ ဆုံးဖြတ်လိုက်တယ်။”
“ဒကာမကြီး၊ ဦးပဉ္စင်း ဒီရွာကို ရောက်လာရတဲ့ အကြောင်းရင်းကို သိရဲ့လား။”
“မသိကြောင်းပါ ဘုရား”
ကျောင်းအမကြီးကလည်း အမှန်အတိုင်းပင် ပြောသည်။
“ပေါက်ပွင့်သုပ်ကြောင့်ပဲ”
“ရှင်”
“ဒီလို ဒကာမကြီး ဦးပဉ္စင်းက အညာတောရွာ တစ်ရွာမှာ သီတင်းသုံးတယ်။ အဲဒီရွာကျောင်း၊ ကျောင်းအမကြီးက နေ့တိုင်းပဲ ဆွမ်းပို့တဲ့အခါ ပေါက်ပွင့်သုပ်ချည်းကျွေးကျွေးနေလို့ ဒီရွာကိုထွက်ခဲ့တာပဲ ဒကာမကြီး ဒီရောက်တော့လဲ ဒကာမကြီးက ပေါက်ပွင့်သုပ်ကြီး ကျွေးနေပြန်ပြီ။”
ဦးပဉ္စင်းက အခြားဟင်းနှင့် ပြောင်းလဲ၍ ကပ်အောင်စကားလမ်းကြောင်း၍ ပြောသည်။
“အရှင်ဘုရား၊ ဒီလိုဆိုရင် အခြားဟင်းပြောင်းပြီး ကပ်ပါတော့မယ်ဘုရား”ဟု လျှောက်ထားလေမလားဟု မျှော်လင့်၍ ရေလာမြောင်းပေးပြောခြင်း ဖြစ်သည်။ သို့သော် ဒကာမကြီး လျှောင်တင်လိုက်တာက-
“မှန်လှပါ အရှင်ဘုရား၊ အရှင်ဘုရားက အညာမှာလဲ ပေါက်ပွင့်သုပ်ချည်း နေ့တိုင်းဘုဉ်းပေးခဲ့ရတယ်။ ဒီအောက်ရောက်တော့လဲ ပေါက်ပွင့်သုပ်ချည်း ဘုဉ်းပေးရတယ်ဆိုတော့”
“ပေါက်ပွင့်သုပ်နဲ့ သတ်သက်ပြီး အတွေ့အကြုံ များပြီး ကျွမ်းကျင်နေရောပေါ့ ဘုရား။ ဒီတော့ အထက်ပေါက်နဲ့ အောက်ပေါက် ဘယ်ပေါက်က ပိုပြီး ကောင်းသလဲဘုရား”
ဦးပဉ္စင်းခမျာ မည်သို့ ဖြေရမည်နည်း။ လည်ချောင်းတွင် တစ်ဆို့ကြီး ဖြစ်နေသည်။ မထွေးနိုင် မအန်နိုင်နှင့် ကျောင်းအမကြီး လျှောက်ထားမေးမြန်းပုံ များစွာ အကျပ်ရိုက်တော့သည်။ ထို့ကြောင့် မဖြေချင့် ဖြေချင်နှင့်-
“အောက်ပေါက်က ပိုကောင်းပါတယ် ဒကာမကြီး”
“အဲဒီလိုပါပဲ ဒကာကြီးရယ်၊ ဒကာကြီးကပ်တဲ့ ၀က်သားနဲ့ ချဉ်ပေါက်ဟင်းက ပိုပြီး ကောင်းပါတယ်။”
ဗန်းမော်ဆရာတော်ကြီး၏ စကားဆုံးလျှင် ဆွမ်းဒကာကြီးနှင့် တရားနာရောက်ရှိနေကြသော ပရိသတ်မှာ တသောသော ပွဲကျသွားကြသည်။
ဗန်းမော်ဆရာတော်ကား ဟာသဥာဏ်လည်း ရွှင်လှပါပေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment