ဒီနေယာမှာ ပရိသတ်ကို အမြင်ရှင်းအောင် မိတ်ဆက်ပေးဦးမှ သင့်တော်ပေလိမ့်မည်။ ထိုသူ နှစ်ဦးသည် ငယ်စဉ်ဘ၀ထဲက ဘုန်းတော်ကြီးကျောင်း၌ တဆရာတည်းသင် ၊တစ်ကျောင်းထဲထွက်ကြပေမယ့် နေထိုင်ဝတ်ဆင်ပုံများက တွေ့မြင်သူတိုင်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေ၏။ အဘယ့်ကြောင့်ဆိုသော် သံသိပ္ပရှင်ရသေ့သည် ဆံပင်မုတ်ဆိတ်တို့ ပယ်ရှားလျက် အညိုရောင်သင်္ကန်းနဲ့ ဒေါက်ချာကို ဆောင်းတယ်။ ခွဲဝင်တောင်း နှစ်လုံးကို ဦးပဲ့ ဆိုင်းထမ်းပြုပြီး ကြေးစည်ခေါက်၍ အလှူခံ ထွက်လေ့ရှိတယ်။ ဇဋိလ သူတော်ကမူ ရောင်ထုံးတပ် မုတ်ဆိတ်မွှေး ပသိုင်းမွှေး အရှည်ထားတယ်။ ၀တ်ဖြူစဉ်ကြယ် ၀တ်တယ်။ ငွေဖလားနဲ့ အလှူခံထွက်တယ်။ လောကီအတတ်ပညာကို ၄င်းတို့နှစ်ဦးစလုံး အထိုက်အလျောက် တတ်မြောက်ကြတယ်။
ကျွန်ုပ်သည် ၄င်းတို့နှစ်ဦးနဲ့ ခင်မင်ရင်းနှီးသူမို့ ကျောင်းတော်ဆီသို့ မကြာမကြာ သွားရောက်လည်ပတ်လေ့ရှိတယ်။ ကျွန်ုပ်သွားတိုင်း အသိပညာ အတတ်ပညာတစ်ခုခုကိုတော့ ရခဲ့ပါတယ်။ ဒီတခေါက် ကျန်ုပ်ရောက်သွားချိန်မှာတော့ သူတို့ နှစ်ဦးရဲ့ ဆွေးနွေးခန်းဟာ လူတွေအတွက် လွန်စွာမှ တန်ဘိုးကြီးတဲ့ သင်္ခန်းစာတွေမို့ ရေနွေးကျို အမြည်းလုပ်ပေးရုံကလွဲလို့ ဘာတခုမှ မေးမြန်းစူး စမ်းခြင်း မလုပ်ပဲ၊ ရင်ထဲမှာ လိုက်နာမှတ်သား နေမိတော့၏။
`ဟေ့.. ဇဋိလသူတော် မောင်ရင် တလောက မြို့ပေါ်က ရိပ်သာတခုမှာ ၀ိပဿနာ တရားစခန်း တလ သွားဝင်တယ်ဆို၊ ထူးရှားတဲ့ တရားရေအေး အမြိုက်ဆေးလေး ရခဲ့ရင် ဂီလာန ကျုပ်ကိုလဲ တိုက်ကျွေးပါဦးဗျာ။ ကျုပ်မှာ တဏှာကွန်ယက်က ဘယ်တော့များမှ လွတ်မြောက်မယ်မဆိုနိုင်ပါဘူးဗျာ။´
`ကျုပ်ကို ဒီလိုတော့ မကြည်စားလိုက်ပါနဲ့ မောင်ရသေ့ရာ။ ပဋိစ္စ သမုပ္ပရဲ့ စာသားတွေကို မောင်ရင်ကော ကျုပ်တို့ပါ အလွတ်ပြန်နိုင်ပါတယ်။ အကျင့်သီလကိုသာ တိကျအောင် မလိုက်နာနိုင်ကြတာ မဟုတ်လား။ အခု ကျုပ် သွားတယ်ဆိုတာကလည်း အခုလို မိုးနှင်းတွေ တစိမ့်စိမ့် ရွာသွန်းနေတဲ့ ရာသီမှာ ကျုပ်ရဲ့ စိတ်တွေဟာ ဂနာမငြိမ်ပဲ၊ နေ့ရော ညပါ ဟိုရောက် ဒီရောက်နဲ့ မျောက် ငါးပိကိုင်မိသလို မနေနိုင် မထိုင်နိုင် ဖြစ်နေတာမို့ ဒီရောဂါကြီးပျောက်သွားအောင် တရားစခန်းမှာ သွားကုသတယ်လို့ ၀န်ခံပါတယ်ဗျာ၊´
`သာဓုပါ မောင်ရင် ဇဋိလရယ် မှန်သောစကားဟာ သစ္စာထိုက်ပါတယ်လေ၊ ၀ိပဿနာတရားစခန်းက ရဟန်းတော်တွေဟာ ယော ဂီသူတော်စဉ်တွေအတွက် သိလွယ် တတ်လွယ် နားလည်လွယ်အောင် ဥပမာ အမျိုးမျိုး သာဓက အဖုံဖုံ ကျမ်းဂန် ပေါင်းစုံ အထောက်အထားနဲ့ သင်ကြားပို့ချနေရှာတယ်ဗျာ။´
`ဒီနေရာမှာ မောင်ရင်တို့လို ဝေဒနာသည်တွေလဲရှိ၊ တကယ်တမ်း တရားဓမ္မကို နှစ်သက်လိုလားလို့ လိုက်စားသူလဲရှိ၊ အထိုက်အလျှောက် သောက ငြိမ်းချမ်းလို့ ပြည့်စုံလို့ သွားကြသူလဲရှိ ကြမှာပဲလေ။ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် တရားစခန်းတော်ကြီးက ဆီးကြို ဧည့်ခံပြီး ဆရာတော် သံဃာတော်များက သူတော်ကောင်းတရား ခုနစ်ပါးနဲ့ ပြည့်စုံအောင်နေထိုင်ကျင့်သုံးကြဖို့ ၀ိပဿနာ ဘာဝနာ ကမ္မဠာန်းကို ကျိုးစား ပွားများ အားထုတ်ကြဖို့ အနိမ့်ဆုံး ကိုယ်ကျင့်သီလတွေ စောင့်ထိန်းကြဖို့၊ ဒုစရိုက်ဆယ်ပါးကို ရှောင်ရှားကြဖို့ ၊စသည်ဖြင့် လိုချင်သူ လိုလားသူတွေ ယူတတ်ကြစေဖို့ ၊အသိပညာ အတတ်ပညာတွေ မမောနိုင် မပန်းနိုင် သင်ကြားပေးဝေ ဆုံးမနေမှာပဲ။ ယောဂီသူတော်စဉ်အပေါင်းကလဲ မျက်လွှာကလေးတွေချ၊ လက်အုပ်ကလေးတွေချီ ၊တင်ပ မှန်ပပေါင်း မြောက်များစွာနဲ့ အာမခံချက်တွေ ဖောဖောသီသီ ပေးနေကြမှာပဲ၊ အေး…တရားစခန်းက ထွက်လို့ အိမ်ပြန်မယ်လို့ သတိဝင်လိုက်တာနဲ့ တရားစခန်းမှာ အတင်းအဓမ္မ ထိန်းချုပ် ဖုံးဖိထားတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ၀ိစိကိစ္စ၊ ကိလေသာ တဏှာတွေက လွတ်လပ်ရေးရ အောင်ပွဲခံသလို လူတချို့ရဲ့ ရင်ထဲမှာ ပွတ်လောညံ ပလူပြန်နေတော့တာပဲ။ သို့ပေမယ့် ထိုသူတွေဟာ တရားစခန်းက ပြန်ခဲ့တာပဲဆိုပြီး အိနြေ္ဒိကြီးနဲ့ မာန်ထုပ် ဟန်လုပ်နေရင် တရားစခန်းက ဆရာတွေကိုလဲ လိမ်ညာတယ်။ ကိုယ်ကိုယ်ကိုယ်လဲ လိမ်ညာတယ်။ အဲဒီတော့ မောင်ရင်သူတော် ဇဋိလကကော ဘယ်လိုလိမ်ညာခဲ့တယ်ဆိုတာ ပြောပြနိုင်မလား။
`မောင်ရသေ့ရေ ကျုပ်ကို သေအောင်ပြောသတ်လိုက်တော့ ကျုပ်ကတော့ တရားစခန်းမှာတည်းက ဆရာသမားတွေကိုလဲ လိမ်ညာတယ်။ လိမ်ညာခြင်းမြောက်တာက ဒီလိုလေ တရားပြ ဆရာတော်တွေက အလုံးစုံသော ကောင်းကျိုးချမ်းသာ ဒေသနာတွေ ဟောကြားပေးပြီး အပ္ပာဒေန သမ္ဘာဒေထ၊ မမေ့မလျော့သော သတိလေးတွေနဲ့ မှတ်သားနေထိုင်ကြတဲ့ ကျုပ် အမ္မတန် မြတ်နိုးနေတဲ့ သမထဈန်ကို ၀င်စားနေလိုက်တယ်။ မိမိရဲ့ ခန္ဓာဟာ မမြဲဘူး။ ဖြစ် ပျက်ရှူလို့ ဆုံးမပေမယ့် ကျုပ်က ဤခန္ဓာကြီး ပျက်စီးဆုံးရှုံးမှာကို ကြောက်နေတယ်။ တဏှာ လောဘတွေကို ပယ်ကြ သတ်ကြလို့ ဆုံးမပေမယ့် တဏှာနဲ့ လောဘကို ကျုပ်ရင်ထဲက တနေရာမှာ သိမ်း ဆည်းမွေးမြူထားတယ်။ ထပ်ပြောရင်တော့ အများကြီး ရှိသေးတယ်။ မောင်ရသေ့ရ ။ဟောဟိုက မောင်ကျောင်းသား ကံသာဦးက ကျုပ်တို့ နှစ်ယောက်ကို စင်မြင့်ပေါ်တင်ပြီး တရားရိပ် သာက ပြန်လာသူ အတော်များများကို ခြေဆုံး ခေါင်းဆုံးကြည့်ပြီး ဝေဖန် မိနေမှဖြင့် ငရဲကြီးပေဦးမယ်။ ကျုပ်တို့ရဲ့ ဘယ်သူကို လိမ်ညာမိသလဲဆိုသော် ခေါင်းစီးအောက်က ဆွေးနွေးခန်းကို ဤမျှနဲ့ နိဂုံးကမ္ပ အဆုံးသတ်လိုက်တာကောင်းပါတယ်။ နောက်တပါတ်မှ ကျောင်းမနေပဲ ဘွဲ့ယူခေါင်းစဉ်နဲ့ ထပ်ဆွေးနွေးကြမယ် မောင်ရသေ့ရေတဲ့…။ ။
**ကံသာဦး (ယာတောမြေ) **
ညို့မှိုင်း အုပ်စိုင်းနေသော ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ တောင်စွယ် တောင်တန်းများထဲမှ သစ်ချတောင်ဟု အမည်ရသော တောင်ရိုးပေါ်တွင် ရသေ့ ကျောင်းသင်္ခန်း တဆောင်ရှိပါ၏။ ၄င်းကျောင်းသင်္ခန်းတွင် သံသိပ္ပရှင်ရသေ့နှင့် ဇာတိလ-ဇဋိလ သူတော်တို့ တရားဓမ္မ ဆွေးနွေးနေကြ၏။

No comments:
Post a Comment