ဥပုသ်နေ့ဖြစ်သဖြင့် ဗန်းမော်ကျောင်းတိုက်တွင် ဒကာ ဒကာမတို့ဖြင့် စည်ကားလျက်ရှိသည်။
`ကဲ- သီလယူကြမယ်ဆိုတော့ သီလယူတတ်ကြရဲ့လား၊ နှုတ်တိုက်ချပေးရမှာလား´ ဗန်းမော်ဆရာတော်ဘုရားက မေးသည်။
`နှုတ်တိုက်ချပေးတော်မူပါ ဘုရား´
ဒကာ ဒကာမများက လျှောက်ထားသည်။ ဆရာတော်လည်း နှုတ်တိုက်ချပေးတော်မူသည်။
`ကိုယ်တိုင် သီလယူတတ်အောင်လဲ ကျက်ထားကြဦး။ တော်ကြာ ကိုပေါက်နဲ့ မကောက်လို ဖြစ်နေဦးမယ်´
`ရှင်းလင်းမိန့်ကြားတော်မူပါဦး ဘုရား´
`ရွာတစ်ရွာမှာ ကိုပေါက်နဲ့ မကောက်ဆိုတဲ့ လင် မယားနှစ်ယောက် ရှိတယ်။ ကိုပေါက်က ရိုးတယ်၊ အတယ်။ စီးပွားရေးပဲ ကြိုးကြိုးကုတ်ကုတ် လုပ်တယ်။ ဥပုသ်ဆိုတာလဲ မသိဘူး၊ မစောင်ဖူးဘူး။ မိန်းမဖြစ်တဲ့ မကောက်ကတော့ ဥပုသ်နေ့တိုင်း ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိတယ်။´
ဆရာတော်က နိဒါန်းပျိုးသည်။
မကောက်က ကိုပေါက်ကို ဥပုသ်စောင့်စေချင်သည်။ စောင့်ရန်လည်း တိုက်တွန်းလေ့ရှိသည်။
`ဥပုသ်ကလေး ဘာလေး စောင့်ပါလား ကိုပေါက်။ စီးပွားရေးချည်း လောဘမတက်ပါနဲ့၊ သံသရာခရီးမှာ ကိုယ်အတွက် ပါအောင် သီလယူ ဥပုသ်စောင့် လုပ်ဦးမှပေါ့´
`ဥပုသ်စောင့်ဖို့ တိုက်တွန်းတာတော့ ဟုတ်ပါပြီ၊ ငါက ဥပုသ်မှမစောင့်ဖူးတာ။ ဘယ်လိုစောင့်ရမလဲ မသိဘူး။´
`ဒါများ ခက်လွန်းလို့ ကိုပေါက်ရယ်။ ဘုန်းကြီး ဆိုတဲ့အတိုင်း လိုက်ဆိုရုံပါပဲ´
`ဟေ- ဘုန်းကြီးဆိုတဲ့ အတိုင်း လိုက်ဆိုရုံပဲလား´
`ဟုတ်ပါတယ်။´
`ကဲ- ဒါဖြင့် ဒီနေ့ပဲ စောင့်ကြည့်မည်´
မကောက်က လိုအပ်သည်များကို ပြင်ဆင်ပေးသည်။ ကိုပေါက်လည်း ဘုန်းကြီးကျောင်းသို့ ထွက်ခဲ့သည်။ မလာစဖူး အလာထူးသည့်အတွက် ကိုပေါက်ကို ဘုန်းတော်ကြီးကပင် ကြိုဆိုနှုတ်ခွန်းဆက်သည်။
`မောင်ပေါက် ဥပုသ်လာစောင့်သလား´
မောင်ပေါက်မှာ ဥပုသ်စောင့်သည့် အတွေ့အကြုံမရှိ။ မယားဖြစ်သူမှာသည်ကိုသာ စဉ်းစားလာသူဖြစ်သည်။ `ဘုန်းကြီးဆိုတဲ့အတိုင်း လိုက်ဆိုရုံပဲ´ဟူသည့် စကားကို ကြားယောင်သည်။ ကျောင်းပေါ်ရောက်သည်နှင့် ဥပုသ်စတော့သည်ဟု ထင်မှတ်သည်။
`မောင်ပေါက် ဥပုသ်လာစောင့်သလား´
ကိုပေါက်က ဘုန်းကြီးဆိုသည့်အတိုင်း ကပျာ ကယာလိုက်ဆိုသည်။
`ဒီကောင် ဘယ်လိုဖြစ်တာလဲ´
ဘုန်းကြီးက မေးသည်။
`ဒီကောင် ဘယ်လိုဖြစ်တာလဲ´
ကိုပေါက်က လိုက်ဆိုသည်။
`ဒီကောင် ငါ့ကို နောက်ပြောင်နေတယ်´
ဒီကောင် ငါ့ကို နောက်ပြောင်နေတယ်´
`ငါရိုက်မိတော့မယ်´
ငါရိုက်မိတော့မယ်´
ဥပုသ်စောင့်ရသည်မှာ မခက်လှဟု ကိုပေါက်က တွေးသည်။ ဘုန်းတော်ကြီးကမူ ကိုပေါက်သည် ကျောင်းသို့ လာကာ သူ့ကို တမင်နောက်ပြောင်သည်ဟု တွက်သည်။ စိတ်တိုလာသည်။
တွန့်ကြေနေသော အ၀တ်အစားတို့ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပြီးနောက် ကိုပေါက်သည် ကျောင်းအောက်သို့ ခပ်သုတ်သုတ် ဆင်းသည်။ အိမ်သို့ မြန်မြန်ပြန်သည်။ ရောက်လျှင် ရေအေးတစ်ခွက်ကို သောက်သည်။ အမောမပြေသေးသဖြင့် ခြေပစ်လက်ပစ်ထိုင်ချသည်။
`ပြန်လာတာ စောလှချည်လား ကိုပေါက်။ ပြီးတော့ ရှင့်ကြည့်ရတာလဲ ချွေးတွေ သံတွေနဲ့ မောနေတာပဲ။ ဘုန်းကြီးကျောင်းကိုကော ရောက်ခဲ့ရဲ့လား´ မိန်းမဖြစ်သူက မေးသည်။
`ဘုန်းကြီးကျောင်းကိုလဲ ရောက်ခဲ့ပါတယ်။ ဥပုသ်လဲ စောင့်ခဲ့ပါတယ် မကောက်ရယ်´ ကိုပေါက်က ဖြေသည်။
`သြော်- ဒါဖြင့် ညနေမှ ပြန်လာရောပေါ့။ ဘာလဲ ဆာလို့ ပြန်လာတာလား။´ မကောက်က မေးသည်။
`မင်းပြောတော့သာ ဥပုသ်စောင့်တာ လွယ်လွယ်လေးဆို၊ ခု စောစောပြန်လာလို့ဟေ့၊ ညနေအထိသာဆိုရင် ငါသေမယ်ထင်တယ်´ ကိုပေါက်က ပြောသည်။
`တစ်ရက်လောက်ကလေး ဥပုသ်စောင့်တာ ဒီလောက်တောင် အဖြစ်သည်းသလား ကိုပေါက်ရယ်´ မကောက်က မချင့်မရဲနှင့် ပြောသည်။
`မင်းတို့ကတော့ ကျွမ်းကျင်နေလို့ ဖြစ်မှာပေါ့´
ကိုပေါက်က သူ့အကြောင်းနှင့်သူ ပြောသည်။ မကောက်ကမူ ကိုပေါက်မည်သို့သော ရည်ရွယ်ချက်နှင့် ပြောနေသည်ကို သဘောမပေါက်အောင် ဖြစ်နေသည်။ ကိုပေါက်ကလည်း ဥပုသ်စောင့်ရမည်ကို တစ်ခါတည်းနှင့် လန့်သွားလေသည်။
`ဒီလိုပဲ ဒကာ ဒကာမတို့၊ ဘုန်းကြီးဆိုတာလိုက်ဆိုရုံပဲနဲ့ ဖြစ်နေကြဦးမယ်´
ပရိသတ်အားလုံးမှာ ဆရာတော်၏ ပုံပြင်ကြောင့် ရွှင်ပြုံးသွားကြသည်။
*** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
** (စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ) **

No comments:
Post a Comment