ဦးပဏ္ဍိတသည် ပညာ လိုလားသည်။ လုံ့လ ဇွဲကောင်းသည်။ ၀ိနည်းအရာတွင် ပြိုင်ဘက်ကင်းသော သာသနာပိုင် ဗားကရားဆရာတော်၏ ဖြတ်ထုံးရေးရဟန်းဖြစ်ခဲ့ဖူးသည်။ ရဟန်းစာဆိုလည်း ဖြစ်သည်။
ထို့ကြောင့် ဦးပဏ္ဍိတသည်လည်း ၀ိနည်းအဆုံးအဖြတ်အရာတွင် ကျွမ်းကျင်သည်။ ဘိုးတော်မင်းတရား၏ မိဖုရား ဝေသာလီမင်းသမီး ဗန်းမော်မြို့စား ဥပေါတရာကကျောင်းတိုက်ဆောက်လုပ်ကာ လှူဒါန်းသည်။ ဗန်းမော်မြို့စား ဥပေါတရာ လှူဒါန်းသောကြောင့် ထိုကျောင်းတိုက်ကို ဗန်းမော်ကျောင်းတိုက်ဟု ခေါ်တွင်ကြသည်။ ထိုကျောင်းတိုက်တွင် ဦးပဏ္ဍိတကျောင်းတိုက်ဆရာတော် ဖြစ်လာသည်။ သို့နှင့် ဦးပဏ္ဍိတအစား ဗန်းမော်ဆရာတော်ဟုသာ ခေါ်ကြသည်။
မင်းတုန်းမင်းတရားကြီးကလည်း “ပဏ္ဍိတ၀ံသာ ဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု”ဘွဲ့တံဆိပ်တော် ဆက်ကပ်သည်။
ဦးပဉ္စင်းငယ်ဘ၀ကပင် ဗန်းမော်ဆရာတော်နှင့် မင်းတုန်းမင်းတို့ ခင်မင်ရင်းနှီးသည်။ ထို့ကြောင့် နန်းတော်သို့ မကြာခဏ ပင့်ဖိတ် ဆွမ်းကပ်လှူဒါန်းလေ့ရှိသည်။ ထိုသို့ ဆွမ်းကပ်လှူဒါန်းပြီးနောက် သာသနာရေးနှင့် ပတ်သက်၍ မရှင်းလင်း မကျေလည်သည်တို့ကို ဆွေးနွေး မေးမြန်းလေ့ရှိပါသည်။
မှတ်ချက်။ ။
ဗားကရာဆရာတော်- ပုဂံမင်းလက်ထက် သာသာနာပိုင်သံဃာ့ ရာဇာဖြစ်သည်။
ရဟန်းစာဆို- ဆရာတော်စာချစဉ် ဆရာတော် မိန့်သမျှကို အနှီးမှနေ၍ တစ်လုံးချင်းလိုက်၍ ဆိုရသောရဟန်းဖြစ်သည်။ သာမညဥာဏ်ရည်ဖြင့် ရဟန်းစာဆို မဖြစ်နိုင်ပါ။
ဖြစ်ထုံးရေးရဟန်း- သာသနာပိုင်ဆရာတော်ဘုရားကြီး စီရင်ဆုံးဖြတ်ခဲ့သော တရားစီရင်ထုံးမှန်သမျှကို မှတ်ရသော ရဟန်း။
တစ်ခါသော် ဗန်းမော်ဆရာတော်အား ဆွမ်းပင့်လှူဒါန်းပြီးနောက် မင်းတုန်းမင်းတရားကြီးက ဤသို့ မေးမြန်းခဲ့လေသည်။
“မြတ်စွာဘုရားသခင်သည် တစ်နေရာတည်းတွင် တစ်ပြိုင်နက်တည်း တရားဟောပါသည်။ ထိုအခါ အချို့သော ပုဂိုလ်များက သရဏဂုံတည်ရုံသာ တည်ပါသည်။ အချို့ကျတော့ သောတာပန်၊ အချို့ကျတော့ အနာဂါမ်စသည်ဖြင့် တည်ကြပါသည်။ သဗညုတဥာဏ်ဘုရားသခင်ကိုယ်တော်တိုင် တစ်နေရာတည်း တစ်ပြိုင်တည်း ဟောတာ ဖြစ်ပေမယ့် တရားရတာတော့ ဘာကြောင့် မတူကြတာပါလဲ ဘုရား၊ ရှင်းလင်းမိန့်ကြားတော်မူပါဦး ဘုရား”
“မေးသင့်တဲ့ မေးခွန်းပါပဲ၊ ဒကာတော်ရေမြေ့ရှင် ထင်သာမြင်သာအောင် ပုံပြင်တစ်ပုဒ်နဲ့ ပမာခိုင်း ရှင်းပြချင်ပါတယ်။”
“ကောင်းပါပြီ ဘုရား”
“ရှေးတုန်းက ရွာတစ်ရွာမှာ သက်တူရွယ်တူ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ လူလားမြောက် အရွယ်ရောက်တဲ့ အခါကျတော့ တက္ကသိုလ်ပြည်ကို သွားတယ်။ ဒိသာပါမောက္ခဆရာကြီးထံမှာ ဗေဒင်ပညာကို ဆည်းပူးသင်ယူကြတယ်။ တစ်ဆရာတည်းထံမှာ ပညာသင်တစ်ခုတည်းကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း သင်ယူနေကြတာပါ။
ဒီလိုနဲ့ ဗေဒင်ပညာသင်ရိုးကုန်တဲ့အခါမှာ ဆရာ့ထံ ခွင့်ပန်ပြီး ရပ်ရွာပြန်ခဲ့ကြတယ်။ လမ်းခရီးမှာ ရွာတစ်ရွာဝင်ပြီး နားကြတယ်။ နားနေခိုက်မှာ သူငယ်ချင်းနှစ်ဦးဟာ သူတို့သင်လာခဲ့တဲ့ ဗေဒင်အကြောင်း၊ နက္ခတ်တွေအကြောင်း ဆွေးနွေးကြတယ်။ သူတို့ ပြောဆို ဆွေးနွေးနေတုန်း အမျိုးသမီးတစ်ဦး သူတို့အနီး ရောက်လာတယ်။”
“အမောင်တို့က ဗေဒင် ဆရာတွေလား”
“ဟုတ်ပါတယ်”
“ဒါဆိုဟန်ကျတာပဲ။ အစ်မကြီးရဲ့ ခင်ပွန်းသည်ဟာ တစ်ရပ်တကျေးသွားပြီး စီးပွားရှာပါတယ်။ လအတော်ကြာသွားပြီ။ ခုအထိ စာလွှာမလာ၊ လူကြုံမမှာတာမို့လို့ သောက ရောက်နေပါတယ်။ ကျေးဇူးပြုပြီး ဗေဒင်ပညာနဲ့ စစ်ဆေးပေးကြပါဦး မောင်တို့ရယ်”
သူငယ်ချင်းနှစ်ယောက်မှာလည်း ၄င်းတို့၏ ပညကို ၄င်းတို့ လက်တွေ့စမ်းသပ်ချင်နေကြသည်နှင့် အခန့်သင့် ပင်ဖြစ်သည်။ ထို့ကြောင့် စစ်ဆေးတွက်ချက်ကြသည်။ ထို့နောက် ပထမသူငယ်ချင်း ဗေဒင်ဆရာက-
“ဗေဒင်ပညာနဲ့ စစ်ဆေးတွက်ချက်အရ ထွက်လာတဲ့အဖြေကတော့ အစ်မကြီးရဲ့ ခင်ပွန်းသည်ဟာ အသက်ဆုံးရှာပါပြီ”ဟူ၍ ဟောလိုက်လေသည်။
“ဟုတ်ကဲ့လား ငါ့မောင်ရယ်” ဤတွင် ဒုတိယသူငယ်ချင်း ဗေဒင်ဆရာက-
“ဟုတ်ပါတယ် အစ်မကြီး၊ အစ်မကြီးရဲ့ ခင်ပွန်းသည် အသက်ဆုံးတာ မှန်ပါတယ်။ ဒီရွာရဲ့ အရှေ့ဘက်မြစ်ကမ်းနံဘေးမှာ ဆုံးရှာတာပါ။ အင်း- ဒီမနက်ကမှ ကျားကိုက်လို့ ဆုံးတာဆိုတော့ သွားကြည့်ရင် အလောင်းကို တွေ့နိုင်ပါတယ်။”ဟူ၍ တိတိကျကျ ဟောကိန်းထုတ်လိုက်လေသည်။
ဤအခါတွင် အမျိုးသမီးလည်း ရွာကို အကူအညီတောင်းပြီး ဒုတိယဗေဒင်ဆရာဟောသည့် နေရာသို့ သွားရောက်သည်။ ဟောသသည့်အတိုင်း ကွက်တိမှန်၍ နေလေသည်။
“ဟိုမောင်ဟောတာမှန်လှပါပေတယ်။ အစ်မကြီးရဲ့ ခင်ပွန်းသည်ဟာ ဆုံးရှာပါပြီ။ ဒုတိယဟောတဲ့ ငါ့မောင်က ပိုပြီး တိကျမှန်ကန်ပါတယ်။ တကယ်ပဲ အစ်ရဲ့ ခင်ပွန်းသည်ကို မြစ်ကမ်းနံဘေးမှာ ကျားကိုက်ထားတာကို တွေ့ရပါတယ်။”
နောက်တစ်နေ့ နံနက်တွင် အမျိုးသမီးကြီးက သူငယ်ချင်းနှစ်ယောက်ကို လာရောက်ပြောဆိုလေသည်။
“ပထမ ဗေဒင်ဆရာဟာ ဒီစကားကို ကြားရတော့ ဘ၀င်သိပ်မကျလှဘူး”
ဗန်းမော်ဆရာတော်က စကားဆက်သည်။ မင်းတုန်းမင်းကြီးပရိသတ်တို့လည်း စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ဘယ့်နှယ် တစ်ရွာတည်းနေ တစ်ရေတည်းသောက် သက်တူရွယ်တူ တစ်ဆရာတည်းထံမှာ ပညာတူသင်ခဲ့ကြတာ။ ဘာကြောင့် တတ်ပုံချင်း ခြားနားနေရတာတုံးပေါ့”
“သူငယ်ချင်း၊ မင်းကို ဆရာကြီးက ငါ့ထက်များ ဗေဒင်ပညာ ပိုပြီး သင်ပေးလိုက်လို့ ပိုပြီး တတ်နေလေသလား သူငယ်ချင်း” မကျေမနပ်ဖြင့် မေးလေသည်။
“မဟုတ်ရပါဘူး သူငယ်ချင်း၊ မင်းမကျေနပ်ရင် ဆရာကြီးထံ ပြန်ပြီး မေးကြည့်ပါ။”
“သူငယ်ချင်းနှစ်ယောက်လဲ နောက်ကြောင်းပြန်လှည့်ကြတယ်။ တက္ကသိုလ်ပြည် ပြန်ခဲ့ကြတယ်။ ဆရာကြီးနဲ့ တွေ့တဲ့အခါကျတော့ ပထမဗေဒင်ဆရာက ဒိသာပါမောက္ခဆရာကြီးကို အကြောင်းစုံ ပြောပြမေးမြန်းတယ်။”
“ဒီတော့ ဒိသာပါမောက္ခဆရာကြီးက မင်းတို့လဲ ခရီးပန်းလာကြတယ်။ နားကြပေဦး။ မနက်ကို စောစောထကြ။ ငါ့တပည့်တို့ မေးတဲ့အဖြေကို ငါပေးမယ်လို့ ပြောလိုက်တယ်။”
“မိုးသောက်လုအရုဏ်တက်ချိန်ရောက်တော့ ဆရာကြီးက တပည့်နှစ်ဦးကို ခေါ်တယ်။”
“ကဲ- တပည့်တို့၊ ဟောဒီမှာ ရွယ်တူအိုးနှစ်လုံး၊ တစ်လုံးစီယူကြ၊ မြေပေါ်မကျသေးတဲ့ နှင်းရည်ကို ရအောင် စုဆောင်းခဲ့ကြ။”
“အဲဒီလိုမှာပြီး တစ်ယောက်အိုးတစ်လုံးစီပေးလိုက်တယ်။ ပထမတပည့်ဗေဒင်ဆရာက သစ်ရွက်ပေါ်မှာတင်နေတဲ့ နှင်းရည်စက်တွေကို တစ်ရွာချင်း တစ်စက်ချင်း ခါချပြီး စုတယ်။ ဒုတိယသူငယ်ချင်း ဗေဒင်ဆရာကတော ခေါင်းက ပ၀ါကို ဖြုတ်တယ်။ သစ်ရွက်တို့ မြက်တို့ပေါ်မှာ တင်နေတဲ့ နှင်းစက်တွေကို စိုစွတ်စေပြီး အိုးထဲကို ညှစ်ချပြီး စုတယ်။ ဒီတော့ ခဏလေးနဲ့ အိုးပြည့်သွားတယ်။”
“ဒီလိုနဲ့ နေထွက်လာတယ်။ နှင်းတွေပျောက်တယ်။ သူငယ်ချင်းနှစ်ယောက် ဆရာကြီှးဆီ ပြန်ခဲ့ကြတယ်။ ဒုတိယ ဗေဒင်ဆရာရဲ့ အိုးက အပြည့်ရပေမယ့် ပထမဗေဒင်ဆရာရဲ့အိုးကတော့ နည်းနည်းပဲရတယ်။ ဒီတော့မှ ဒိသာပါမောက္ခဆရာကြီးက-”
“တပည့်တို့ သင်ကြားတဲ့နေရာကလဲ အတူတူ၊ သင်ပေးတဲ့ပညာကလဲ အတူတူ တစ်ခုတည်းပါပဲ။ ဒါပေမယ့် ခံယူတတ်တဲ့ ဥာဏ်ရည် အရည်အချင်းမတူ ကွားခြားတဲ့အတွက်သာ တတ်မြောက်ပုံချင်း ခြားနားသွားတာဖြစ်တယ်။”
“အဲဒီလို ဆရာကြီးက ရှင်းပြသတဲ့ ဒကာတော် ရေမြေ့ရှင်”
“အဲဒီတော့မှ သူငယ်ချင်းနှစ်ယောက်လဲ သဘောပေါက်နားလည်သွားကြပြီး မိမိရပ်ရွာကို ပြန်သွားကြတယ်။ ဒီ… နှင်းရည်စုတဲ့ပုံပြင်ရဲ့ ဥပမာသဘောအတိုင်းပါပဲ။ ရေမြေ့ရှင်။ မြတ်စွာဘုရားသခင် ဟောကြားတော်မူတဲ့ တရားတော်ဟာ အတူတူပါပဲ။ ဒါပေမယ့် တရားနာသူရဲ့ ဥာဏ်ရည်ခြားကြသလို၊ တရားရတာချင်းလဲ ကွားခြားကြတာဖြစ်တယ် ဒကာတော်ရေမြေ့ရှင်။”
ဗန်းမော်ဆရာတော်က ရှင်းလင်းဟောကြားသည်။
“မှန်လှပါ… ရှင်းလင်းလှကြောင်းပါဘုရား”
ဗန်းမော်ဆရာတော်က ဥပမာပေး ဟောကြားတော်မူသည်ကို မင်းတုန်းမင်းကြီးသည် များစွာပင် ဘ၀င်ကျနှစ်သက်တော်မူသည်။ ထို့ကြောင့်လည်း ရှင်းလင်းလှကြောင်း ၀န်ခံလျှောက်ထားလိုက်ခြင်းဖြစ်ပေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment