ဟိုးရှေးရှေုးတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ အဲဒီ ဘုရင်ကြီးက `မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ပိုင်ဆိုင်သူ´လို့ ဘွဲ့ခံထားသတဲ့။ အဲဒီဘုရင်ကြီးဟာ အရေးကြီးတဲ့စစ်ပွဲတွေ အများအပြားနိုင်ပြီးတော့  မာနကြီးသထက်ကြီးလာသတဲ့။ သူ့ကို အံတုဘက်ပြိုင်နိုင်သူမရှိလို့ မှတ်လာသတဲ့။
တစ်ညတော့ တောင်ပင်လယ် သမုဒ္ဒရာမှာ စံမြန်းတဲ့ နဂါးမင်းကြီးနဲ့ တိုက်ခိုက်ရတယ်လို့ အိပ်မက်မက်သတဲ့။ အဲဒီတိုက်ပွဲမှာ မမျှော်လင့်ဘဲ ရှုံးသွားတယ်။
ဘုရင်ကြီးလည်း အင်မတန်ဒေါသဖြစ်ပြီး သူ့နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တောင်တွေကိုဖြိုပြီး တောင်ပင်လယ်ကိုဖို့ဖို့ အမိန့်ချလိုက်သတဲ့။ တိုင်းသူပြည်သားတွေလည်း တစ်အိမ်တစ်ယောက် မလုပ်မနေ ၀င်လုပ်ရသတဲ့။ အဲဒီလိုမလုပ်ရင် မိသားစုတစ်စုလုံး သတ်ပစ်မယ်လို့ အမိန့်ထုတ်ထားသတဲ့ကွယ်။
ပင်လယ်က တောင်ဘက်မှာ သူတို့ဖြိုပြီးယူရမယ့်မြေတွေက မြောက်ဘက်က တောင်တွေ တောင်တန်းကြီးတွေမှာ ဖြစ်နေသတဲ့။ ခရီးကလည်းရှည်။ ပင်ပန်းကလည်း ပင်ပန်း၊ ဒီကြားထဲ ဘုရင်အလိုတော်ရိတွေကလည်း သူတို့ကို ကျာပွတ်တွေ ဘာတွေနဲ့ ရိုက်မောင်းဆိုတော့ အဲဒီလိုမြေဖို့ရတဲ့ လူတွေဟာ သေတဲ့လူသေ၊ ကျေတဲ့လူကျေ ဒုက္ခအကြီးအကျယ် ရောက်တာပေါ့ကွယ်။
တစ်ညတော့ အဲဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ရလို့ နွမ်းလျလျဖြစ်နေတဲ့ အလုပ်သမားတစ်စုဟာ စားပြီးသောက်ပြီးတဲ့ အခါ ခြေပစ်လက်ပစ်အနားယူနေခဲ့သတဲ့။ သူတို့အိမ် သူတို့လယ်တောနှင့် သူတို့မိသားစုကိုလွမ်းပြီး မျက်ရည်ကျတဲ့လူလည်းကျတာပေါ့။ ဒါပေမယ့် ဘုရင်ကြီး အိမ်မက်မက်ရုံနဲ့ ရူးရူးမိုက်မိုက် ချလိုက်တဲ့ အမိန့်အတိုင်း မပြီးမဆုံးမချင်း အိမ်ပြန်ရဖို့အခွင့်အလမ်း လုံးဝ မရှိရှာကြဘူးပေါ့။
အဲဒီအချိန်မှာပဲ သူတို့ရဲ့ တဲလေးတံခါးပွင့်သွားပြီး တောင်ဝှေးတစ်ချောင်းထောက်ကာ ထောက်ကာ လျှောက်လာတဲ့ အဘွားကြီးတစ်ယောက် ၀င်လာသတဲ့။ အဘွားကြီးဆံပင်က ဆွတ်ဆွတ်ဖြူနေတာပဲတဲ့။
အဘွားကြီးကသူ့သားငယ်ရဲ့ နာမည်ကို ပြောပြပြီး သူ့သားငယ်ကို လာရှာတဲ့အကြောင်းပြောတယ်။ သူ့သားငယ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ဒီမှာလုပ်အားပေးဖို့ အတင်းအကြပ် ခေါ်ခံရတဲ့အကြောင်း ပြောပြတယ်။
ဒါပေမယ့် သူတို့အုပ်စုမှာ သူ့သားမရှိတာကို တွေ့တော့ ပြန်လှည့်ပြန်ဖို့ ပြင်သတဲ့။
အဲဒီအချိန်မှာ အလုပ်သမားတစ်ဦးက…
`အဘွား ညလဲ အတော်နက်နေပြီ။ ဒီတော့ ဒီမှာပဲ တစ်ညအိပ်ပြီး အစားအစာစား အားဖြည့်လိုက်ပါ။ မနက်ကျမှ တစ်ခြား တဲတွေကို လိုက်စုံစမ်းပေါ့´လို့ ပြောလိုက်သတဲ့။
အမယ်အိုကြီးကလည်း သဘောတူပြီး သူတို့တဲမှာပဲနေသတဲ့။ သူတို့ကျွေးမွေးတဲ့ အစားအသောက်စားပြီး အလာပသလ္လာပ တွေပြောသတဲ့။ ထူးဆန်းတာက အလုပ်သမားတွေ ထိခိုက်ရှနာဖြစ်တာတွေကို အမယ်အိုကြီးက လက်နဲ့အသာပွတ်သပ်ပေးလိုက်တာနဲ့ပဲ အနာပျောက်သွားတဲ့အဖြစ်ကို တအံ့တသြ ကြုံရသတဲ့။
အဲဒီလို သူတို့နဲ့ စကားပြော၊ သူတို့အနာတွေကို ကုသပေးနေရင်းပဲ အမယ်ကြီးဟာ ဘီးတစ်ချောင်းထုတ်ယူပြီး ဖြူဆွတ်နေတဲ့ ဆံပင်တွေကိုဖီးလိုက်သတဲ့။ ဘီးမှာ ကျွတ်ပါလာတဲ့ ဆံပင်ထွေးကို ဖြုတ်ပြီး သူတို့ကို ပေးသတဲ့။
`ရော့- ဒီဆံပင်တစ်ပင်စီယူထား၊ သားတို့ မနက်ဖြန်အလုပ်လုပ်တဲ့အခါမှာ မင်းတို့သယ်ရမယ့် ကျောက်တုံးကြီးတွေကို အဲဒီ ဆံပင်နဲ့ချည်ပြီး အသာဆွဲလိုက်၊ ကျောက်တုံးကြီး အလိုလိုပါလာလိမ့်မယ်။ သားတို့ အလုပ်လုပ်ရတာ လွယ်တာပေါ့´
အလုပ်သမားတွေဟာ အမယ်ကြီးပြောတဲ့စကားကို မယုံပေမယ့် အမယ်ကြီးစိတ်မကောင်းမဖြစ်အောင် ဆံမျှင်တစ်မျှစီ ယူထားလိုက်ကြသတဲ့။
နောက်တစ်နေ့ အမယ်ကြီးထွက်သွားပြီးနောက် လုပ်ငန်းခွင်ကိုဝင်တော့ အဲဒီဆံပင်ကို မေ့ထားလိုက်ပြီး ထုံးစံအတိုင်း ပေါက်တူး၊ ဂေါ်ပြား၊ တောင်း၊ ကြိုးတွေနဲ့ပဲ အလုပ်လုပ်ကြသတဲ့။
မွန်းတည့်ချိန်ရောက်တော့ ခဏနားကြသတဲ့။ အဲဒီအချိန်မှာ နောက်နောက်ရွှတ်ရွှတ် လူငယ်တစ်ယောက်က အမယ်ကြီးရဲ့ ဆံပင်ဖြူနဲ့ ကျောက်တုံးကြီးတစ်တုံးကို ပတ်ချည်ပြီး ဆွဲလိုက်သတဲ့။
အဲဒီလို လုပ်တော့ အံ့သြစရာပဲတဲ့။ ကျောက်တုံးကြီးဟာ ကျောင်းကင်ပြင်ကို ဖြတ်သန်းလွင့်မျောတဲ့ တိမ်တိုက်လိုပဲ သူ့နောက်က အလွယ်တကူလိုက်ပါလာသတဲ့။
အလုပ်သမားတွေလည်း အံ့အားသင့်ကုန်ကြပြီး အမယ်ကြီးဟာ သူတို့ထင်မိခဲ့သလို စိတ်မမှန်သူမဟုတ်ဘဲ တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးမှန်း သဘောပေါက်လိုက်သတဲ့။ အမယ်ကြီးပေးခဲ့တဲ့ ဆံပင်ကိုယ်စီနဲ့ပဲ ကျောက်တုံးကြီးတွေကိုချည်ပြီးဆွဲသတဲ့။ မကြာခင်မှာပဲ ဆံပင်တစ်မျှင်ထဲနဲ့ပဲ တောင်တန်းကြီးတစ်လုံးကို ဆွဲငင်နိုင်ကြောင်း တွေ့မြင်ကြရပါလေရောကွယ်။
မကြာခင်မှာပဲ အရာရှိတစ်ယောက် လုပ်ငန်းခွင်ကို စစ်ဆေးရေးရောက်လာတော့ ဟို အဝေးကြီးကတည်းကပင် အလုပ်သမားတွေ သီချင်းဆိုသံကိုကြားရတဲ့အခါ အံ့သြီ့း သူ့မြင်းကို ရပ်လိုက်သတဲ့။
ပထမတော့ အလုပ်သမားတွေ ပုန်ကန်ပြီး သီချင်းဆိုနေကြတယ်လို့ ထင်လိုက်တာပေါ့။ နောက် အလုပ်သမားတွေကို မြင်သာတဲ့အထိ မြင်းဆက်စီးလာပြီး ကြည့်လိုက်တော့… လား… လား မြင်းပေါ်က ပြုတ်ကျသွားတော့မတတ် အံ့အားသင့်သွားသတဲ့။
အလုပ်သမားတွေဟာ တောင်တန်းကြီးတစ်ခုလုံးလကို ဦးဆောင်ပြီး ရှေ့ လျှောက်သွားနေတာကို တွေ့သတဲ့။ အဲဒီနောက်က တောင်မြင့်၊ တောင်ချွန်၊ တောင်ပြား၊ တောင်ခေါင်းတုံးတွေအားလုံး သခင်နောက်လိုက်တဲ့ သိုးအုပ်လိုတသီတတန်းကြီး လိုက်ပါလာနေတာကို ထူးဆန်းစွာတွေ့ရသတဲ့။ ဆံပင်မျှင်က သေးလွန်းတော့ ဆံပင်နဲ့ဆွဲတာကို ဘယ်မြင်မလဲ။
အရာရှိ အလုပ်သမားတစ်ယောက်ကို စစ်ဆေးမေးမြန်းပြီး အကျိုးအကြောင်းသိရတော့ ဘုရင်ကြီးဆီ သုတ်ခြေတင်သတဲ့။
မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ပိုင်စိုးတဲ့ ဘုရင်ကြီးကတော့ အဲဒီသတင်းကိုကြားရတော့ အလွန်ဝမ်းသာသွားတယ်။ သူ့ဆန္ဒအရ တောင်ပင်လယ်ကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖို့နိုင်မဲ့နည်းတွေ့ပြီပေါ့။ ဒါပေမယ့် တစ်ဘက်ကတော့ စိုးရိမ်သွားသတဲ့။ အဲဒီအောက် အစွမ်းထက်တဲ့ဆံပင်တွေကို အလုပ်သမားတွေလက်ထဲမှာထားရင် သူ့အတွက် ဘေးမကင်းဘူးပေါ့။
အဲဒါနဲ့ အဲဒီ အံ့ဖွယ်ရာဆံပင်တွေကို ရထားတဲ့ သူတွေကို ဆံပင်အပ်ခိုင်းသတဲ့။ မအပ်ရင် ခေါင်းဖြတ်သတ်မယ်လို့ ကျိန်းတယ်။ ဒါနဲ့ပဲ ဆံပင်ရသွားတော့ အလုပ်သမားတွေကို ပြန်လွှတ်လိုက်သတဲ့။ သူကိုယ်တိုင် တောင်တွေကို ရွှေ့တော့မယ်ပေါ့ကွယ်။ ဘုရင်ကြီးဟာ ဆံပင်တွေအားလုံးကို ကျစ်လိုက်ပြီး ကျပွတ်တစ်ချောင်း လုပ်လိုက်သတဲ့။ ကျာပွတ်ကို တောင်မောင်းကျပွတ်လို့ နာမည်ပေးလိုက်တယ်တဲ့ကွယ်။
နဂါးမင်းကြီးဟာ အံ့ဖွယ်ရာ တောင်မောင်းကျာပွတ်ကြီးအကြောင်းကြားတော့ စိုးရိမ်လာသတဲ့။ နဂါးမင်းကြီးဟာ အဲဒီအချိန်အထိ မိုးကောင်းကင်အောက်ရှိ အရာအားလုံးကိုပိုင်စိုးတဲ့ ဘုရင်ကို လူကြွားကြီးဆိုပြီး လှောင်နေခဲ့သတဲ့။ ဒါပေမယ့် အဲဒီ ဘုရင်လက်ထဲကို အဲဒီအံ့မခန်း ထူးဆန်းတဲ့ကျာပွတ်ကြီးရောက်သွားပြီဆိုတော့ အခြေအနေပြောင်းသွားပြီပေါ့။ လန့်လည်း လန့်သွားတယ်။
နဂါးမင်းကြီးဟာ သူ့မှူးမတ်တွေကို စုဝေးလိုက်သတဲ့။
`အခုအချိန်အထိတော့ အဲဒီဘုရင်ငကြောင်ဟာ ငါ့နိုင်ငံတော်ကြီးရဲ့ ထောင့်စွန်းလေးတစ်ခုကိုတောင့် မြေဖို့ဖို့ အခွင့်အရေးမရသေးဘူး။ ဒါပေမယ့် အခု တောင်မောင်းကျာပွတ်ရသွားပြီဆိုတော့ တို့အတွက် အန္တရာယ်ရှိပြီ။ မောင်မင်းတို့ ဘယ်လိုမြင်သလဲ။
နဂါးမင်းက အဲဒီလို ဒေါသတကြီးမေးမြန်းလိုက်တော့ ၀န်ကြီးချုပ်လိပ်က အခွံထဲခေါင်းလျှိုပြီး ငြိမ်နေလိုက်သတဲ့။ ပညာရှိ ဂဏန်းလည်း ရှက်ပြီး မျက်နှာရဲသွားသတဲ့။ စစ်သူကြီး ငါးပြေမလည်း စိုးရိမ်ကြောင့်ကျစွာ အမြီးတရမ်းရမ်းနဲ့ပေါ့။ နောက်ဆုံး သုံးကောင်စလုံး ခေါင်းဖြတ်သတ်ပစ်မယ်လို့ နဂါးမင်းက ခြိမ်းခြောက်မှ မဟာအကြံတော်ရသွားတယ်။
`တို့… တိုင်းရန်တစ်ခွင် လှည့်လည်မောင်းခတ်ပြီး ဘယ်ကောင်ဘာများ လုပ်နိုင်မလဲဆိုပြီး ကြေးမောင်းခတ်ရရင် မကောင်းဘူးလား ခင်ဗျား´
နဂါးမင်းကြီးရဲ့ ၀န်ကြီးတွေ၊ မှူးမတ်တွေက အဲဒီလို အသုံးမကျတဲ့ ကျန်အဏ္ဏ၀ါနိုင်ငံသားတွေပေါ် ဘော်လီဘောပုတ် လိုက်သတဲ့ကွယ်။
အဲဒီလို သူတို့ရဲ့ တောင်အဏ္ဏ၀ါနိုင်ငံတော်ကြီးမြေဖို့ခံရကိန်းရှိမှန်းကြားရတော့ ရေသတ္တ၀ါအပေါင်းလည်း စိုးရိမ်ကြောင့်ကျ ဖြစ်ကုန်သတဲ့။
`တို့ကို မြေကြီးနဲ့ ဖို့လိုက်တော့ တို့ ဘယ်မှာသွားနေမလဲ´
ဝေလငါးက ကြောင့်ကြောင့်ကျကျ မေးလိုက်သတဲ့။
ရေဘ၀ဲကြီးက ပြန်ဖြေလိုက်သတဲ့။
`အဲဒီလို မတူးနိုင်ခင်မှာ မင်းသေမှာ´
အဲဒီလို ရေသတ္တ၀ါတွေ စိုးရိမ်သောက ဗျာပါများနေတုန်းမှာ ငါးမန်းမယ်လေးက နဂါးမင်းဆီသွားသတဲ့။
ငါးမန်းမယ်က လူတစ်ပိုင်း ငါးမန်းတစ်ပိုင်းသတ္တ၀ါတဲ့။ အဲဒီး ငါးမန်းမယ်ဟာ အင်မတန်လှပပြီး ပညာလည်းရှိ၊ သတ္တိလည်းရှိသတဲ့။ ကျောက်စိမ်းရုပ်ထုတဲ့နေရာမှာ ကျွမ်းကျင်တဲ့အပြင် ငါးမန်းမယ်လေး ငိုကြွေးလိုက်ရင် သူ့မျက်ရည်တွေဟာ ပုလဲလုံးတွေ ဖြစ်သွားသတဲ့။
ငါးမန်းမယ်လေးဟာ နဂါးမင်းရှေ့မှောက်ကိုရောက်တော့ လျှောက်တင်သတဲ့။
`မိုးကောင်းကင်အောက်မှာရှိသမျှကို ပိုင်စိုးတဲ့ ဘုရင်ကြီးဟာ အင်မတန်အစွမ်းထက်တဲ့ ကျာပွတ်ကိုရထားလို့ ထီမထင်ရန်လိုနေတာပဲ။ အဲဒီ ကျာပွတ်ကိုခိုးနိုင်ရန် ကျမတို့နိုင်ငံတော် ဘေးကင်းမယ်´
နဂါးမင်းကြီးက အဲဒီစကားကို သဘောတူခေါင်းညိတ်လိုက်သတဲ့။
အဲဒီအချိန်မှာပဲ ကင်းထောက်တစ်စု အပြေးအလွှားရောက်လာပြီး သံတော်ဦးတင်သတဲ့။
`မှန်လှပါ။ မိုးကောင်းကင်အောက်မှာ အရာရာကို ပိုင်စိုးသော ဘုရင်ကြီးကိုယ်တိုင် တောင်များကို မောင်းလာရာ အတော်ပင် ခရီးပေါက်လာပါပြီဘုရား။ တောင်မောင်းကျပွတ်လဲ ဘုရင်ကြီးတစ်ဦးတည်းသာ ကိုင်ဆောင်ထားပြီး အစောင့်အကြပ်များစွာ ချထားပါသည်။ အရှင်နဂါးမင်းကြီး ဘုရား´
နဂါးမင်းကြီးလည်း အဲဒီစကားကြားတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားသတဲ့။ မီးခဲပေါ်တက်ထိုင်မိသလို ရုတ်ခနဲထပြီး နန်းဆောင်ထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်သတဲ့။ မေးစိကိုလည်း တပွတ်ပွတ်နဲ့ အကြံထုတ်နေတယ်ပေါ့။ အဲဒီအချိန်မှာ ငါးမန်းမယ်က လျှောက်တင်ပြန်သတဲ့။
`ကျနော်မျိုးမ အဲဒီကျာပွတ်ကို သွားရောက်ခိုးယူပါ့မယ်´
`ဘာ… မင်းလို မိန်းကလေးက အဲဒီ ကျာပွတ်ကို ခိုးနိုင်မလား။ ဒါနောက်ရမယ့်အချိန်မဟုတ်ဘူး´
ကျနော်မျိုးမမှာ အကြံအစည်တစ်ခုရှိပါတယ်။´
ငါးမန်းမယ်က နဂါးမင်းရဲ့ နားနားကပ်ပြီး တီးတိုးပြောလိုက်သတဲ့။
အဲဒီညနေမှာပဲ နဂါးမင်းနဲ့ ငါးမန်းမယ်ဟာ တောသူ တစ်ယောက်လို ရုပ်ဖျက်ပြီး ကုန်းမြေပေါ်တက်သွားကြသတဲ့။
မိုးကောင်းကင်အောက်ရှိ အရာရာကိုပိုင်စိုးတဲ့ ဘုရင်ကြီးရဲ့ မြို့တော်ကိုရောက်တော့ နဂါးမင်းဟာ ဘုရင်ကြီးရဲ့ အနီးကပ်အရာရှိတွေကို ပုလဲတွေ၊ ကျောက်စိမ်းတွေနဲ့ လာဘ်ထိုးပြီး မိုးကောင်းကင်အောက်ရှိ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးဆီ ငါးမန်းမယ်လေးကို ဆက်သကြောင်း ပြောလိုက်သတဲ့။
ဘာဘ်စားထားရတော့ မိုးကောင်းကင်အောက် အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးရဲ့ မှူးမတ်တွေကလည်း နဂါးမင်းကြီးကို အဆင်ပြေအောင် လုပ်ပေးတာပေါ့။ မကြာခင်မှာပဲ ငါးမန်းမယ်ဟာ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးရှေ့မှောက် ရောက်သတဲ့။
ငါးမန်းမယ်ဟာ လူယောင်ဖန်ဆင်းထားပြီး အလွန်လှပနေတော့ မိုးကောင်းကင်အောက်မှ အရာရာကိုပိုင်စိုးတဲ့ ဘုရင်ကြီးဟာ အင်မတန် သဘောကျသွားသတဲ့။
ငါးမန်းမယ်လေး သူ့ကို သဘောကျအောင် စိန်တွေ၊ ရွှေတွေ၊ ငွေတွေ၊ အင်မတန် သားနားလှပတဲ့ နန်းဆောင်ကြီးတွေ ပြသတာပေါ့။ ဒါပေမယ့် ငါးမန်းမယ်က အရေးစိုက်ပုံမပြဘူး။ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးဟာ မိန်းမပျိုလေးကငယ်… သူက အသက်ကြီးနေလို့များလားဆိုပြီး မိုးကောင်းကင်အောက်မှာ ရှိပါလျက်နဲ့ သူမပိုင်စိုးတဲ့ ဇရာကို ဒေါသဖြစ်လာမိသေးသတဲ့။ ဒါပေမယ့် သူတစ်ပါးနဲ့ မတူအောင် ကြွားနိုင်တာရှိတယ်လို့ သတိရလိုက်သတဲ့။
`ငါဟာ မိုးကောင်းကင်အောက်မှာ အရာရာကို ပိုင်စိုးတဲ့ အပြင် ပင်လယ်သမုဒ္ဒရာကိုတောင် မြေဖို့ပစ်နိုင်တယ်။ အလှအပနဲ့ သတ္တိဟာ ဘက်ညီတယ်။ ငါလို သူရဲကောင်းကြီးရဲ့ မြတ်နိုးစုံမက်မှုကို မင်းလက်ခံသင့်တယ်။´
မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ဟာ မိုးကောင်းကင်အောက်က ဒီမိန်းမပျိုရဲ့ မေတ္တာကို မရနိုင်တဲ့ပုံပေါက်နေလို့ မကျေမနပ်နဲ့ အဲဒီလို ပြောလိုက်သတဲ့။
ငါးမန်းမယ်ကတော့ သူ့ကို လှောင်လိုက်သတဲ့။
`ပင်လယ်သမုဒ္ဒရာကို ရှင်ဖြည့်နိုင်တယ်။ ဟုတ်လား။ ပင်လယ်သမုဒ္ဒရာဟာ မိုင်ထောင်သောင်းချီပြီး ကျယ်တယ်။ အလံပေါင်းများစွာ နက်တယ်။ အဲဒါကို ဘယ်သူက ဖြေဖို့နိုင်မလဲ´
`ဒီမှာ မိန်းကလေး ငါဟာ တခြားသူမလုပ်နိုင်တာကို လုပ်နိုင်တယ်။ ဒါကြောင့် ငါဒီလောက်ကြီးကျယ်မြင့်မြတ်တာ။ ငါ့ဆီမှာ တောင်တွေကို မောင်းနိုင်တဲ့ ကျာပွတ်ရှိတယ်။ သမုဒ္ဒရာကြီးကို တစ်မဟုတ်ခြင်း၊ မြေဖို့ ဖြည့်ပစ်နိုင်တယ်။´
မိုးကောင်းကင်အောင်မှာ အရာရာကို ပိုင်စိုးတဲ့ဘုရင်က ကြွားလိုက်သတဲ့။
`မယုံရေးချ၊ မယုံပါဘူး။ အရှင်မင်းကြီး´
ငါးမန်းမယ်ကတော့ ခစ်ခနဲ ရယ်ပြီး ၀ါးခနဲ ဟားတိုက်လိုက်သတဲ့။ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ဘုရင်ကြီးလည်း ဒေါသကို မထိန်းနိုင်အောင် ဖြစ်လာသတဲ့။
`မင်း မယုံဘူးလား။ မင်းမယုံရင် အခုချက်ချင်းအပြင်ထွက်လာ၊ မင်းကို အခုချက်ချင်းပြမယ်´
ဘုရင်ကြီးနဲ့ ငါးမန်းမယ်ဟာ ဥယျာဉ်ထဲကို ဆင်းသက်လာခဲ့သတဲ့။ ညဘက်ရောက်ပြီး မှောင်မည်းနေတော့ မင်းမှုထမ်းတစ်ယောက် မီးအိမ်လေးတစ်ခု ကိုင်လာသတဲ့။
အပြင်ရောက်တော့ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီး မောင်းခဲ့တဲ့ တောင်တွေကို အနီးအနားမှာ ထိုးထိုးထောင်ထောင် တွေ့နေရသတဲ့။
ဘုရင်ကြီးဟာ အပေါ်မှာမိုးနေတဲ့ ကျောက်တုံးကြီးတစ်တုံးကို သူ့ကျာပွတ်နဲ့ညွှန်ပြီး အမိန့်ပေးလိုက်သတဲ့။
`ရွှေ့စမ်း´
ကျောက်တုံးကြီးဟာ ချက်ချင်းမှာပဲ အရှေ့ကိုရွှေ့လာသတဲ့။
ငါးမန်းမယ်ဟာ ကျာပွတ်ရဲ့အစွမ်းကို ရင်သပ်ရှုမောဖြစ်သွားသတဲ့။ ဒါပေမယ့် သူ့အံ့သြစိတ်ကို မျိုသိပ်ထားနိုင်ခဲ့သတဲ့။
`အင်မတန်ကောင်းတဲ့ ကစားစရာပါလား။ ကျမ စမ်းကြည့်ပါရစေ´
ငါးမန်းမယ်က ရွှင်ရွှင်မြူးမြူး လှမ်းတောင်းလိုက်သတဲ့။
ငါးမန်းမယ်ရဲ့ အပြုံးဟာ စွဲမက်စရာအပြည့်မို့ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးခမျာ ဘာမှမတတ်နိုင်ရှာဘူး။ အထစ်ထစ်အငေါ့ငေါ့နဲ့ ဆိုလိုက်သတဲ့။
`ကြည့်လေကွယ်၊ ကြည့်ပါကွယ့် အလှလေးရယ်´
ငါးမန်းမယ်လေးဟာ ကျာပွတ်ကိုလှမ်းယူပြီး ရှေ့ကို ခြေနှစ်လှမ်းသုံးလှမ်းတိုးရင် ခလုတ်တိုက်ယောင်ဆောင်လိုက်သတဲ့။
အဲဒီလို ခလုပ်တိုက်လဲရင်း မီးခွက်ကိုကိုင်ထားတဲ့ မင်းမှုထမ်းရဲ့ လက်မောင်းကို ဖမ်းဆွဲတော့ မီးအိမ်ပြုတ်ကျပြီး မှောင်အတိ ကျသွားသတဲ့။ မီးအိမ်ကို ပြန်ထွန်းတဲ့အခါမှာတော့ ငါးမန်းမယ်လည်း မရှိတော့ဘူး။ ကျာပွတ်လည်း မရှိတော့ဘူးတဲ့။
`အဲဒီ အစုတ်ပလုတ်မကို ချက်ချင်းရှာစမ်း´
မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ဘုရင်ကြီးဟာ ဒေါသတကြီး ဖနောင့်ပေါက်ပြီး အမိန့်ပေးလိုက်သတဲ့။ မင်းမှုထမ်းတွေလည်း ငါးမန်းမယ်ကို လိုက်ရှာဖို့ ချက်ချင်းလူစုနေတုန်းမှာ အမှောင်ထဲက အသံတစ်သံထွက်ပေါ်လာသတဲ့။
`ဝေးဝေးလံလံရှာမနေနဲ့ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီး ကျမဒီပေါ်မှာ ရှင့်ကျာပွတ်လဲ ဒီမှာ´
မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ဘုရင်ကြီးဟာ အသံလာရာကို မော့ကြည့်လိုက်တော့ တိမ်တိုက်တစ်တိုက်ပေါ်မှာ ရပ်နေတဲ့ ငါးမန်းမယ်ကို တွေ့သတဲ့။ သူ့ဘေးမှာ နဂါးမင်းကြီးလည်း မတ်တပ်ရပ်နေသတဲ့။
ငါးမန်းမယ်ဟာ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်သတဲ့။
`ရှင်ဟာ အင်မတန်လေထွားတဲ့ အာဏာရှင်သက်သက်ပဲ ။ရှင်က ရှင့်ကိုယ်ရှင် နဂါးမင်းကို နိုင်နိုင်မယ်လို့ယူဆတယ်။ နောက်ပြီး ရှင့်ဘာသာရှင် ကယောင်ချောက်ချားမက်တဲ့ အိပ်မက်ကို အကြောင်းပြုပြီး ပြည်သူလူထုကို ဒုက္ခပေးတယ်။ ပင်လယ်သမုဒ္ဒရာကို မြေနဲ့ဖို့လို့ ဘယ်သူတွေအတွက် အကျိုးရှိမလဲ၊ ကျမတို့အရင်ပျက်စီးရင်တောင် အဲဒီသမုဒ္ဒရာရေတွေဟာ ရှင်တို့ကုန်းမြေပေါ်လွှမ်းလာပြီး ကုန်းပေါ်မှာ ရှင်တို့ သေကျေရမှာပဲ၊ လုပ်ရပ်တစ်ခုရဲ့ အကျိုးအပြတ်ကို ရေရှည်မြော်မြင်သိတတ်မှ ဘုရင်ပီသတယ်။ ရှင်ဟာ ကုသိုလ်ကံကောင်းနေမှုကို အစွမ်းလို့မှတ်ပြီး လေထွားနေတဲ့ လေသမားသက်သက်ပဲ´
ငါးမန်းမယ်ဟာ မိုးကောင်းကင်အောက်မှ အရာရာကို ပိုင်စိုးတဲ့ ဘုရင်ကြီးကို အဲဒီလို လှောင်ပြောင်ရယ်မောပြီး ငါးမန်းမယ်ရော၊ နဂါးကြီးရော တိမ်တိုက်ထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သတဲ့ကွယ်။ ။
** ဦးမိုးမြင့် **
(တရုတ်ဒဏ္ဍာရီပုံပြင်များ)
**(တရုတ်ဒဏ္ဍာရီပုံပြင်များ)**

No comments:
Post a Comment