လူသစ်စုဆောင်းပုံတွေ၊ လူထုလှုပ်ရှားမှု သုံးသပ်ချက် စာအုပ်တွေရှိတယ်။ သူတို့ရဲ့အားအကောင်းဆုံးလေ့လာရေးစာစဉ်တွေ ကတော့
လူထုပါဝါတည်ဆောက်ပုံ နဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်မှု စက်ကွင်းတွေကို ဘယ်လိုရိုက်ချိုးမလဲ ဆိုတဲ့အဖြေကို
စူးစမ်းလေ့လာရှာဖွေတဲ့အချက်တွေပဲဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုအတွင်းက ၁၉၆၀ ကာလအသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး၊ လူထုအခွင့်အရေးတိုက်ပွဲမှာ ဦးဆောင်ခဲ့သူတွေသာမက၊ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊ ကျွန်းတန်းနိုင်ငံငယ်လေးတွေဆီမှာ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေ၊ပညာရှင်တွေကို ဖိတ်ခေါ်ဆွေးနွေးပြီး၊ လူထုလှုပ်ရှားမှုတွေကို အားကောင်းစေမဲ့ အတွေးအခေါ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကို ဆွေးနွေးငြင်းခုန်လေ့ရှိတယ်။
လူသစ်တွေကို လေ့ကျင့်သင်ကြား ပေးလေ့ရှိတယ်။ လွန်ခဲ့တဲ့နှစ်လောက်တုန်းက သူတို့ စီစဉ်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ ပိန်ပန်ပါးပါး အစ္စလာမ်ဘာသာဝင်
လူငယ်တယောက်နဲ့ ဆုံဆည်းခဲ့တယ်။ သူက မောလ်ဒိုက်ဗ်နိုင်ငံ က လူငယ်တဦးပါ။
သူက “ ငါ့ရဲ့အကြောင်းကို နည်းနည်းမိတ်ဆက်မှဖြစ်မယ်ထင်တယ်” တဲ့။
မောလ်ဒိုက်ဗ်နိုင်ငံ ရဲ့ ဆင်းရဲငတ်မွတ်အောက်မှုအောက်မှာ ခါးခါးသီးသီးခံစားနေရနေရပြီး၊ အမှောင်ထုအောက်မှာ ကမ်းမမြင်လမ်းမမြင် ဖြစ်နေတုန်း ကုန်သည်တယောက်ခိုးယူလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ စာအုပ်တအုပ်လေးကိုဖတ်လိုက်ရတယ် တဲ့။ အဲ့ဒီညမှာပဲ
“ အော်-- ငါတို့လို မတရားမှုကို ခါးစီးခံနေရတဲ့သူတွေ၊ သူတို့လွတ်မြောက်ရေးအတွက် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြပါလား၊
ငါတို့လည်း သူတို့လိုပဲ အန်တုတိုက်ပွဲဝင်ရမယ်” လို့ ဆုံးဖြတ်ပြီး၊ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုထဲမှာ ပါဝင်ခဲ့တယ် လို့ ဆိုတယ်။
အာဏာရှင်တွေဟာ သူတို့ရဲ့အနာဂတ်ကိုကြောက်ရွံ့ထိတ်လန့်ပြီး၊ သူတို့ရဲ့လုံခြုံမှုကိုရှာဖွေချင်တဲ့အခါတိုင်း၊ အခြေခံဥပဒေကို ပြောင်းလဲရေးဆွဲလေ့ရှိတယ်။ ရွေးကောက်ပွဲတွေဖန်တီးရတယ်။ မျက်နှာဖုံးတွေပြောင်းရတယ်။
တကယ်တော့ ရွေးကောက်ပွဲတွေဆိုတာ၊ အလကားနေရင်း အပျင်းပြေစေတနာထားကျင်းပပေးခဲ့တဲ့ အရာတွေမဟုတ်ပါဘူး။
၁၉၆၂၊ ၁၉၇၄၊၇၅၊၇၆ နဲ့ ၁၉၈၈ အရေးတော်ပုံတွေကြောင့်၁၉၉၀ ရွေးကောက်ပွဲကျင်းပပေးခဲ့ရတယ်။
၁၉၉၁ နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ၁၉၉၆၊၉၈ ကျောင်းသားလှုပ်ရှားမှု နဲ့ ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွေကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကျင်းပလိုက်ရပြန်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဝင်မဲ့ ပါတီတချို့က
“ ကျနော်တို့ဟာ သွေးမြေကျမှုနည်းတဲ့လမ်းကြောင်းကို ရွေးခဲ့ရတာပါ လို့ ပြောတဲ့အခါတိုင်း၊ ခင်ဗျားတို့ အဲ့သလို ဝင်ရောက်ကပြခွင့်ရအောင်
စတေးခဲ့ရတဲ့ပြည်သူတွေကို စော်ကားမိစေမဲ့ စကားတွေ၊ လူရည်လည် သလိုလို အသုံးအနှုန်း အပြုအမူတွေကို ရှောင်စေချင်တယ်” လို့
အကြံပေးခဲ့ဘူးပါတယ်။
သေချာတာတခုကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုမရှိတဲ့ ပါတီတွေ၊ ပလောင်းပလဲပြောလေ့ရှိတဲ့ ပါတီတွေ အနေနဲ့
ပြည်သူတွေဆီက မဲရဖို့ မမျှော်လင့်သင့်ဘူး။ ပြည်သူ ကို လျော့မတွက်စေချင်ပါ။ နေ့စဉ်ရက်ဆက် ဆင်းရဲကြပ်တည်းမှုကိုခါးစီးခံနေရတဲ့
လူထုဟာ ဘယ်သူ့ကို မဲမပေးသင့်ဘူးဆိုတာလောက်တော့ အနည်းဆုံး သဘောပေါက်နေကြတယ်။
မောလ်ဒိုက်ဗ် နိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို၊ လွတ်လပ်တဲ့အာရှအသံရဲ့ဒီကနေ့ညပိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
**သန္တာကျွန်းတန်းတွေဆီက နေသာနေသော ဘဝများ **
ဆာလောင်ငတ်ပြတ်မှုနဲ့တုန်လှုပ်နေတဲ့မျက်နှာတွေ
ငါမြင်ကွင်းရှေ့မှာနေ့စဉ်ရက်ဆက် ခြောက်လှန့်နေခဲ့တယ်။
လွတ်မြောက်ချင်တဲ့အခါတိုင်း လွတ်မြောက်မှုကိုရှာဖွေနေတဲ့သူတွေရဲ့ အသံနဲ့ ပိုမိုနီးကပ်လာခဲ့ကြတယ်။
**သောတရှင်များခင်ဗျား **
အိန္ဒိယသမုဒ္ဒရာထဲမှာ သန္တာကျွန်းတန်း (၂၆) ခုနဲ့ ဖွဲ့စည်းထားတဲ့ မောလ်ဒိုက်ဗ် နိုင်ငံကို နေသာနေသောဘဝ ရဲ့ နိဗ္ဗာန်ဘုံ အဖြစ်
တင်စားခေါ်ဆိုလေ့ရှိပါတယ်။ အာဖရိကဗုံတီးသံတွေလို ခုန်မြူးစေတဲ့သီချင်းသံစဉ်တွေနဲ့ ကြည်လဲ့နေတဲ့ ရေပြင် ကျယ်ကျယ်ထဲမှာ
ဖြတ်ကူးနေတဲ့ ငါးတွေ၊ တငြိမ့်ငြိမ့် ထိရိုက်နေတဲ့ ပင်လယ်လှိုင်းတွေ၊ လေပြေလေညှင်းတွေက ငြိမ်းချမ်းတဲ့ကမ္ဘာထဲမှာ နေထိုင်နေသရောင်ရောင် ထင်မှတ်မှားစေပါလိမ့်မယ်။ တကယ်တော့ ဒီမြင်ကွင်းတွေအောက်မှာ မျက်ရည်တွေ၊ ဆာလောင်နေတဲ့ခန္ဓာကိုယ်တွေနဲ့
အသက်ရှူကြပ်နေတဲ့ မြေပြင်တခုရှိနေပါတယ်။
“ ကျနော်တို့ နိုင်ငံလေးကိုကြည့်လိုက်စမ်းဗျာ။ စိမ်းမြနေတဲ့ပင်လယ်ဘေးမှာ ခမ်းနားထည်ဝါတဲ့ ဇိမ်ခံအဆောက်အဦတွေ၊
ရယ်မောပျော်ရွှင်နေတဲ့ နိုင်ငံခြားခရီးသွားတွေ၊ ညနေခင်း စားသောက်ဆိုင်တွေထဲက မူးယစ်ရီဝေနေတဲ့ သီချင်းသံတွေ နဲ့ လှပနေလိုက်တာ။
ဒီလို လှပနေတဲ့ မြေတခုပေါ်မှာ ကျနော်တို့နိုင်ငံရဲ့ခေါင်းဆောင် “မောမွန်ဂေယွန်” က ကျနော်တို့ပြည်သူတွေကို အတိဒုက္ခတွေကြားမှာ
ဘာလို့ ပစ်ထားခဲ့တာလဲ။ ဆာလောင်နေတဲ့ ပါးစပ်ပေါက်တွေက ညီးငြူအော်ဟစ်နေသံတွေ ကရော သူ့ရဲ့စည်းဇိမ်ယစ်နေတဲ့ ဘဝဆီကို
အနှောက်အရှက်ဖြစ်မနေဘူးလား။ တကယ်တော့ မောလ်ဒိုက်ဗ်နိုင်ငံဆိုတာ
နိဗ္ဗာန်ဘုံ နဲ့ ငရဲ ဆိုတဲ့လောက နှစ်ခုကို တပြိုင်တည်းမြင်တွေ့နေရတဲ့ ကျွန်းတန်းတွေလေဗျာ”
မောလ်ဒိုက်ဗ် နိုင်ငံရဲ့ခေါင်းဆောင် မောမွန်ဂေယွမ် ဟာ နိုင်ငံတော်ရဲ့အာဏာ ကို ဆယ်စုနှစ် (၃) စုနီးပါး တဦးတည်းချုပ်ကိုင်လာတဲ့
အာဏာရှင်ဖြစ်ပါတယ်၊ ဆွေမျိုးမိသားစုတွေကိုသာကျိကျိတက်ကြွယ်ဝချမ်းသာအောင်လုပ်ပေးခဲ့ပြီး၊ အုပ်စိုးသူလူတန်းစားနဲ့ ပြည်သူတွေကြားမှာ လူတန်းစားကွာဟအောင် ဖန်တီးခဲ့ပါတယ်။ ပြည်သူတွေဟာ ပညာတတ်မှုနည်းပါးတယ်။ စည်းကမ်းမရှိဘူး ဆိုတဲ့အကြောင်းပြချက်ကိုပေးပြီး
ဒီမိုကရေစီ နဲ့ မထိုက်တန်လေသယောင်ယောင်ပြောဆိုခါ၊ သမ္မတရာထူး၊ ဘဏ္ဍာရေးမှူးရာထူးနဲ့ ကာကွယ်ရေးမှူးချုပ်ရာထူးတို့ကို
သူတဦးတည်း ရယူထားခဲ့ပါတယ်။
“ ၂၀၀၃ ခုနှစ်မှာ အကျဉ်းထောင်ထဲမှာ ဖြစ်ခဲ့တဲ့ ဆူပူအုံကြွမှုကို ပစ်ခပ်ဖြိုခွဲခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း သတ်ဖြတ်ခံရတယ်။
သူတို့ရဲ့အလောင်းတွေ၊ ကျွန်းတွေကြားမှာပျောက်ဆုံးခဲ့ရသလို၊ တခါတလေတော့ ရေလှိုင်းတွေနဲ့မျောလာတတ်တယ်။
လူထုဟာ အစိုးရရဲ့ ရက်စက်မှုတွေ ကို ပြန်လည်ဆန့်ကျင် ဖို့ စဉ်းစားလာခဲ့တယ်။ မောမွန်ဂေယွမ် ကို ဆန္ဒပြအာခံမှုတွေ စတင်လိုက်ကြတယ်”
မောဒိုက်ဗ်နိုင်ငံရဲ့ခေါင်းဆောင် ဂေယွမ် ဟာ နိုင်ငံတွင်းမှာ ပုံနှိပ်ထုတ်ဝေခွင့်တွေ၊ နိုင်ငံရေးလွတ်လပ်ခွင့်အားလုံးကို ပိတ်ပင်ထားခဲ့တယ် ဆိုတဲ့
အချက်တွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တွေအပါအဝင် အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊
ခရီးသွားသတင်းထောက်တွေအစ ထုတ်ဖေါ်ပြစ်တင်လာခဲ့ကြပါတယ်။ မောမွန်ဂေပွမ် ကလည်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်ပညာတတ်တချို့ကို လဒ်လာဘပေးစည်းရုံးပြီး၊ သူ့ရဲ့အုပ်ချုပ်မှုဟာ အစ္စလာမ်ဘာသာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ဘယ်လိုကိုက်ညီကြောင်းဟောပြောတယ်။
ပြည်သူတွေကို မှိုင်းတိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာကို မိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။
“ တကယ်တော့ မောမွမ်ဂေယွမ် ဘက်က ရပ်တည်တဲ့ဘာသာရေးခေါင်းဆောင်တွေကို ကျနော်တို့က ဒေါက်တာမကောင်းဆိုးဝါးများလို့ခေါ်ခဲ့ကြတယ်။ သူတို့ပြောဆိုနေတာတွေက တမန်တော်မိုဟာမက်ရဲ့ဟောပြောချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဘယ်ဘာသာကိုပဲကြည့်ကြည့်၊
မေတ္တာတရား နဲ့ တရားမျှတမှု ကိုပဲအခြေခံစဉ်းစားကြတာမို့လား။ အုပ်ချုပ်သူလူတန်းစားသာချမ်းသာပြီး၊ ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတဲ့
နိုင်ငံဆိုတာ ဘယ်ဘာသာရေးနဲ့မှ မကိုက်ညီ တဲ့ နိုင်ငံဖြစ်တယ်။ ”
၂၀၀၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီပင်လယ်ငလျင်လှိုင်းတွေကြောင့် ကျွန်းတန်းပေါင်းများစွာ ပင်လယ်ရေကြီးအောက်မှာပျက်စီးခဲ့ရတယ်။
တနိုင်ငံလုံးထုတ်ကုန်ရဲ့ ၆၂ ရာခိုင်နှုန်းကျော်ဆုံးရှုံးခဲ့ပါတယ်။ ရှင်သန်ရပ်တည်ဖို့ကြပ်တည်းနေတဲ့ မောလ်ဒိုက်ဗ် ပြည်သူတွေအတွက်
တပူပေါ်နှစ်ပူဆင့်ခဲ့ရပါတယ်။ အစိုးရရဲ့တာဝန်ပျက်ကွက်မှုကို စိတ်ဆိုးဒေါသထွက်နေခဲ့ကြတဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာခဲ့ကြတယ်။
အစိုးရရုံးတွေကို ဝန်းရံတိုက်ခိုက်ကြပါတယ်။အစိုးရကလည်းအကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ သတင်းမီဒီယာတွေကိုအမှောင်ချခဲ့ပါတယ်။
“ အာဏာရှင်အစိုးရတွေက ကျနော်တို့ရဲ့အင်တာနက်ဝက်ဆိုက်တွေကို ပိတ်ပင်တားဆီးလိုက်တယ်ဆိုတာ
ဂုဏ်ယူစရာတခုပေါ့ဗျာ။ ကျနော့ ဝက်ဆိုက်က အစတုန်းကတော့ မောလ်ဒိုက်ဗ်နိုင်ငံရဲ့ယဉ်ကျေးမှုအကြောင်းတွေပဲတင်ပြပေးတယ်။
ဒါပေမဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းတွေကိုတင်ပြပေးရင်းကနေ လွတ်လပ်ရေးကြိုးပမ်းသူတွေရဲ့ဘဝတွေကိုဖေါ်ပြပေးတဲ့အခါ
သူတို့တတွေဟာ ၁၉၃၀ လောက်ကတည်း က ဒီမိုကရက်တစ်နိုင်ငံတနိုင်ငံတည်ဆောက်ဖို့ စိတ်ကူးရှိခဲ့တယ်ဆိုတဲ့အချက်ကိုတွေ့ခဲ့တယ်။
တပြိုင်တည်းမှာပဲ အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေအကြောင်း၊ ယဉ်ကျေးလှပခဲ့တဲ့ ကျနော်တို့နိုင်ငံဘယ်လို ပျက်စီးခဲ့တယ်
အကြောင်း ပေးပို့လာတဲ့စာတွေကိုရခဲ့ကြတယ်။ ဒီဘဝတွေကို ကျနော်တို့ဘယ်လိုပြန်ရအောင်လုပ်ကြမလဲ ဆိုတဲ့မေးခွန်းက
ယဉ်ကျေးမှုဗဟိုဝက်ဆိုက်အတွက် အဓိကမေးခွန်းတခုဖြစ်လာခဲ့တယ်”
မောလ်ဒိုက်ဗ်ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှတဆင့်၊ အစိုးရရဲ့ပျက်ကွက်မှုတွေကိုထောက်ပြပြီး
လူထုအနေနဲ့ ဆေးရုံပေါ်မှာ သနားစရာကောင်းတဲ့ ရောဂါရလူမမာတွေလို၊ ဒုက္ခသည်တွေလို ငြိမ်သက်မနေပဲ ကိုယ့်ရဲ့အခွင့်အရေးကို
ခိုင်ခိုင်မာမာတောင်းဆိုယူကြဖို့ ဆော်သြခဲ့ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲရေးကိုပါဝင်ကြဖို့၊ နိုင်ငံတကာလွတ်မြောက်ရေးလှုပ်ရှားသူတွေရဲ့
ရုန်းကန်မှုတွေကိုအတုယူကြဖို့တိုက်တွန်းရင်း ၂၀၀၄၊ ၂၀၀၅ ခုနှစ်မှာတော့ ဒီမိုကရေစီရေးဆန္ဒပြပွဲတွေကို ဦးဆောင်လိုက်ကြပါတော့တယ်။
**သောတရှင်များခင်ဗျား **
ဒီမိုကရေစီရေးရုန်းကြွမှုတွေဟာအကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့၊ မောမွန်ဂေယွမ် ဟာ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ရပါတယ်။ မောလ်ဒိုက်ဗ်နိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အတိုက်အခံပါတီကအနိုင်ရခဲ့တာကြောင့် အာဏာရှင်မောမွန်ဂေယွမ် နှုတ်ထွက်ခဲ့ပါတယ်။
သောတရှင်တို့လည်း ဂတိသစ္စာတည်ကြည်သော အုပ်ချုပ်သူလူတန်းစားများနှင့် ဆုံဆည်းနိုင်ကြပါစေ။
အောင်မိုးဝင်း
ရည်ညွှန်း
Maumoon Abdul Gayoom, Dictator of the Month November, 2004 ဆောင်းပါးပါ အချက်အလက်များနှင့် အကြမ်းမဖက်လှုပ်ရှားမှု၊ နိုင်ငံတကာဗဟို
ဆီမှာ တင်ပြဆွေးနွေးလာတဲ့ မောလ်ဒိုက်ဗ် နိုင်ငံရေးလှုပ်ရှားသူများရဲ့ စကားလုံးများ၊ အချက်အလက်များ ကို ကိုးကားတင်ပြထားပါတယ်။
**Aung Moe Win**
ဝါရှင်တန် ဒီစီ မှာ ဗဟိုပြုဖွင့်လှစ်ထားတဲ့ အကြမ်းမဖက်လှုပ်ရှားမှု နိုင်ငံတကာဗဟို မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သုတသနစာစဉ်တွေ၊

No comments:
Post a Comment