ဗန်းမော်ဆရာတော်ကား စာချိုးဝါသနာထုံ၏။ ယင်းစာချိုးဝါသနာကြောင့် ထင်ရှားကျော်ကြားဘိသကဲ့သို့ ဒုက္ခဆင်းရဲခြင်းနှင့်လည်း ကြုံရ၏။ သို့သော် ဆရာတော်ကား လောကဓံကို မမှု၊ သာသနာ့တာဝန်ထမ်းဆောင်ခြင်းတွင် ယုတ်လျော့ အားလျော့ခြင်းမရှိပါ။
သာသနာရေး၊ တိုင်းရေးပြည်ရေးတို့တွင် အမှုမဲ့ အမှတ်မဲ့မနေ။ သူတစ်ပါးတို့၏ ကောင်းကျိုးဆိုးပြစ်များကိုလည်း ဆင်ခြင်သုံးသပ်လေ့ရှိသည်။
ပမာအားဖြင့် လွှတ်တော်ဝန်ကြီးများအကြောင်း ဆရာတော်စာချိုးပုံကို ဖော်ပြလိုပါသည်။
- ပခန်းမြို့ စား၊၀န်ရှင်တော်မင်းကြီးသည် လေနာရောဂါ စွဲကပ်နေသည်။ အမှုအခင်းများကို ကောင်းစွာ မဆုံးဖြတ်နိုင်။
- လောင်းရှည်မြို့ စားဝန်ရှင်တော်မင်းကြီးသည် မြင်ကွန်းမြင်းခုံတိုင်အရေးတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ချည့်နဲ့နေသည်။ ထို့ကြောင့် အမှုအခင်းများကို ကောင်းစွာ မဆောင်ရွက်နိုင်။
- ခန်းပတ်မြို့ စားဝန်ရှင်တော်မင်းကြီးသည် နားထိုင်းသည်။
- ရေနံချောင်းမြို့ စားမင်းကြီးတစ်ပါးသာလျှင် သန်စွမ်းသည်။ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းတွင် လစ်ဟာမှုများ ရှိလာနိုင်သည်။
ယင်းကို ဆရာတော်က…
“ ပခန်းမှာလေ
လောင်းရှည်မှာဓားး
ခန်းပတ်မှာနား
ရေနံတစ်တိုင်ချင်းရယ်နှင့်
လင်းပါ့မလား…” ဟု စာချိုးကာ သတိပေးခဲ့ဖူးပါသည်။
ဆရာတော်သည် ကဗျာချိုးစာချိုးစရာရှိလျှင် မှန်သည်ထင်လျှင် ဆိတ်ဆိတ်မနေတတ်၊ ပြောတတ်ရေးတတ်သည်။ သုဓမ္မာ ဆရာတော်များကိုပင် အလွတ်မပေး၊ ရေးစရာရှိလျှင် ရေးတတ်လှ၏။
- သက်ပန်းဆရာတော်သည် သုဓမ္မာအစည်းအဝေးများတွင် တသမ်းသမ်းတဝေေ၀ နေတတ်သည်။
- လှထွေ ဆရာတော်ကား စာပေမတတ်ကျွမ်းလှ။
- စလင်း ဆရာတော်ကာ ကျမ်းဂန်တတ်သည်။ စာကြည့်ပျင်းသည်။ မူရင်းကို ပြန်မကြည့်ဘဲ နှုတ်လွတ်ဆိုတတ်သည်။
- နန္ဒာဘိဓဇဘွဲ့တော်ရ ပုခန်း ဆရာတော်သည် အပြောအဟောကောင်းသည်။ ပရိသတ်နှင့် တသောသော နေတတ်သည်။
- မဏ္ဍလာရာမတိုက်ပြည်ဆရာတော်သည် အမှုအခင်းများကို မစုံစမ်း မမေးမြန်းခင်ကပင် ငေါက်ငမ်းတတ်သည်။
ယင်းတို့ကို ဗန်းမော်ဆရာတော်က…
“မောင်သက်ပန်းက သမ်း ဝေေ၀
မောင်လှထွေမှာ စာပေနတ္ထိ
မောင်စလင်းမှာတော့
ပျင်းလွန်းလို့ စာမကြည့်
မင်းနန်မှာ
လူနှင့်နှောတယ်
သောသောညံ၏” ဟူ၍ စာချိုးခဲ့လေသည်။
ဗန်းမော်ဆရာတော်သည် ဗန်းမော်မှ ပြန်ရောက်ပြီးကတည်းက နေပြည်တော်သို့ ပြန်၍ မကြွ၊ စစ်ကိုင်းမြောက်ဘက် ပိတောက်ချောင်တွင် သီတင်းသုံးနေလေသည်။ စာပေပို့ချ တရားဓမ္မနှင့် မွေ့လျော်နေသည်။ အချိန်ရသည့်အခါများတွင် ရတနာထွဋ်ခေါင်ဆရာတော်ဘုရားကြီးကို သွားရောက်ကန်တော့လေ့ရှိပါသည်။
ရတနာထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ဗန်းမော်ဆရာတော်ထက် သက်တော်ဝါတော်ပါ ကြီးသည်။ စာပေကျမ်းဂန် အလွန်နှံ့စပ်ကျွမ်းကျင်သည်။ ၀ိပဿနာ ဥာဏ်အမြင် ရှင်းပြီး တရားရနေသည့် ကိုယ်တော်ကြီးဖြစ်ပါသည်။ ဗန်းမော်ဆရာတော်က ထွဋ်ခေါင်ဆရာတော်ကို အလွန်လေးစားကြည်ညိုသကဲ့သို့ ထွဋ်ခေါင်ဆရာတော်ကလည်း ဗန်းမော်ဆရာတော်ကို ချစ်ခင်သည်။
ဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်း မယ်သီလများလည်း သီတင်းသုံးနေထိုင်သည်။ ဤသည်ကို ဗန်းမော်ဆရာတော်က မနှစ်ခြိုက်ပေ။ ကျောင်းဝင်းအတွင်း ၄င်းတို့ရှုပ်နေသည်ဟု မြင်သည်။ ထို့ကြောင့် ဆရာတော်က စာချိုးခဲ့ဖူးလေသည်။
“စိပ်ပုတီးရယ်နဲ့
ရိပ်မှီးတဲ့ ထွဋ်ခေါင်
ဦးရွှေညို သီလချောရယ်နဲ့
တောခိုတဲ့ချောင်”
သီလရှင်တစ်ပါး၏ ကျောင်းဝင်းအတွင်းမှ ထိုစာချိုးကို ရသည်။ ဆရာတော်ကို စာချိုးအား ဆက်သည်။ ဆရာတော်က စာချိုးအား ဖတ်ပြီး ပြုံးတော်မူသည်။
ထွဋ်ခေါင်ဆရာတော်၏ ငယ်မည်မှာ ဦးညိုဖြစ်သည်။
စာချိုးကို ဖတ်ပြီးသည်နှင့် ဗန်းမော်ဆရာတော်၏ လက်ချက်မှန်း ချက်ချင်းသိသည်။ ထို့ကြောင့် အနီးရှိ ဦးပဉ္စင်းတစ်ပါးကို မိန့်သည်။
“ဒီစာချိုးရေးတာ ဗန်းမော်ဆရာတော်ပဏ္ဍိတပါပဲ။ ငါ့ကို အခြားပုဂိုလ်ဆို ဒီလို ဘယ်ရေးရဲပါ့မလဲ။ ငါ့ငယ်နာမည်သုံးရဲတာပဲ ချင့်တော့။ ကဲ- ကဲ- ဗန်းမော်ဆရာတော်ကို ဆွမ်းစားပင့်ချေ။”
“တင်ပါ့ ဘုရား”
ထွဋ်ခေါင်ဆရာတော်မှာသည့်အတိုင်း ဦးပဉ္စင်းလည်း ဗန်းမော်ဆရာတော်ထံ သွားရောက်၍ ဆွမ်းစားပင့်သည်။ ဗန်းမော်ဆရာတော်လည်း လိုက်၍ လာသည်။ ထွဋ်ခေါင်ဆရာတော်အား ရိုသေစွာ ကန်တော့သည်။
“ဗန်းမော်တို့ က စာချိုးတာတယ်ပြီး ၀ါသနာကြီးတာကိုး”
“မှန်လှပါ ဘုရား”
“စာချိုးကောင်းလို့ ဗန်းမော် အပို့ခံရတယ်။ ပြန်ရောက်တော့လဲ စာချိုးတုန်းပဲလား”
ထွဋ်ခေါင်ဆရာတော်က အေးချမ်းစွာပင် မေးသည်။ ဗန်းမော်ဆရာတော်က မည်သို့မျှ မဖြေ၊ ပြုံး၍သာနေတော် မူသည်။
“ဦးရွှေညို သီလချောရယ်နဲ့ တောခိုတဲ့ချောင်ဆိုတာ… သီလရှင် ချောချောကလေးတွေနဲ့ နေတယ်လို့ ဆိုလိုတာလား”
ထွဋ်ခေါင်ဆရာတော်က မေးသည်။
“တပည့်တော် ဒီလိုရည်ရွယ်ပြီး ရေးတာမဟုတ်ပါဘူး ဘုရား”
“ဘယ်လိုရည်ရွယ်ချက်များလဲကွယ့်၊ ရှင်းလင်း စမ်းပါဦး”
“တပည့်တော်ရဲ့ ဆိုလိုရင်းက ဆရာတော်ဘုရားကြီးရဲ့ သီလသိက္ခာတော်ဟာ အဖုအထစ်အငြိအစွန်း မရှိပါဘူး။ လုံးဝချောမွေ့ပါတယ်။ စင်းလုံးချော ချောနေပါတယ်လို့ ဆိုလိုရင်းပါဘုရား”
“သီလရှင် ချောချောကလေးတွေကို ဆိုလိုတာ မဟုတ်ဘူးပေါ့”
“သီလစင်ကြယ်ချောမွေ့တာကို ရည်ညွှန်းလိုရင်းပါဘုရား”
ထွဋ်ခေါင်ဆရာတော်ဘုရားက အသံထွက်အောင်ပင် ရယ်တော်မူသည်။ ဒေါသရိပ်မရှိ။ ဒေါသသံမပါ။
“တော်ပါတော့ ဗန်းမော်ရယ်၊ မူလဆိုလိုရင်းက ဒီလိုဟုတ်မယ်မထင်ပါဘူး။ ဟဲ- ဟဲ- ဟဲ။ ထ- ထ ဆွမ်းဘုဉ်းပေးကြရအောင်”
ထွဋ်ခေါင်ဆရာတော်ဘုရားသည် ဗန်းမော်ဆရာတော်အပေါ် မည်သို့မျှ ငြိုငြင်ခြင်းမရှိ။ ဆွမ်းအတူ ဘုဉ်းပေးကြသည်။ ထို့နောက် တရားဓမ္မကို စိတ်ဝင်စားစွာ ဆွေးနွေးနေကြသည်။ နေညိုမှပင် ဗန်းမော်ဆရာတော်လည်း ပိတောက်ချောင်သို့ ပြန်ကြွတော်မူသည်။ ဆရာတော်ကား စာချိုး ၀ါသနာထုံတော်မူစွ။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment