(ဘိုဂိုတာ (ကိုလံဘီယာ) သြဂုတ်လ ၂၅-ရက်)
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂါလာရပ်စ်မီးတောင်ကြီး သြဂုတ်လ ၂၅-ရက်နေ့ ညနေပိုင်းက စတင်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူများ နေအိမ်များကို စွန့်ခွာပြီးဘေးလွတ်ရာ ထွက်ပြေးလျက်ရှိကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ မီးတောင်ကြီးမှ ဓာတ်ငွေ့များ၊ ပြာများနှင့် မီးခိုးများမှာ ဒေသစံတော်ချိန် ညနေ ၄-နာရီတွင် စတင်ပန်းထွက်လာသည်ကို တွေ့ရကြောင်း၊ ယင်းမီးတောင်အနီးတွင် နေထိုင်သည့် မိသားစုဝင် ၂၇၈-ဦးတို့အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးထားပြီဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
** တရုတ်လေယာဉ်ပျက်ကျမှု မှတ်တမ်းတွေ့ရှိ **
တရုတ်နိုင်ငံမြောက်ပိုင်း ဟေလုံကျန်ပြည်နယ်၌ သြဂုတ်လ ၂၄-ရက်နေ့ ညပိုင်းက ပျက်ကျခဲ့သော ခရီးသည် ၉၆ ဦး လိုက်ပါသည့် ယောဉ်၏ ပျံသန်းမှုမှတ်တမ်းကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ခရီးသည်တင်လေယာဉ်သည် ရာသီဥတုဆိုးရွားနေသဖြင့် ဆင်းသက်ရန် ခက်ခဲခဲ့ကြောင်း အသက်ရှိကျန်ရစ်သူများက ပြောကြားသည်။ ၄င်းလေယာဉ်မောင်းသူမှာ အသက်ရှင်လျက်ရှိကြောင်း၊ သေဆုံးသူ ၄၂ ဦးကို အတည်ပြုနိုင်ကြောင်း လေယာဉ်မှာ ပျက်ကျပြီးနောက် မီးလောင်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)
** နိုင်ဂျာရေကြီးမှု လူ ၁၀၀၀၀၀-ကျော် အိုးအိမ်မဲ့နေ **
နိုင်ဂျာနိုင်ငံတွင် မကြာမီကဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် သဘာဝဘေးအန္တရယ်ကြုံရမှု နှစ်ဆတိုးလာနိုင်ကြောင်း ဗြိတိန်အကူအညီပေးရေးအေဂျင်စီက သြဂုတ်လ ၂၅-ရက်တွင် သတိပေးပြောကြားလိုက်သည်။ ဆူဒန်အပါအ၀င် အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသအများအပြား ရေကြီးမှုသဘာဝအန္တရာယ်ကြုံတွေ့နေရပြီး လူပေါင်း ၁၀၀၀၀၀-ကျော် အိုးအိမ်မဲ့ဖြစ်နေရကြောင်း သိရသည်။ (အင်တာနက်)
** ကူးစက်ရောဂါဘေး ပါကစ္စတန် စိုးရိမ်နေ **
ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီက ရေကြီးမှုဒဏ်ခံနေရသည့် နိုင်ငံအတွင်း ကူးစက်ရောဂါများကျရောက်လာမည့်ဘေးကို အစိုးရအနေဖြင့် အလွန်စိုးရိမ်နေရသည်ဟု သြဂုတ်လ ၂၅-ရက်နေ့က ပြောကြားသည်။ နေရာအနှံ့မှ ဆရာဝန်များကလည်း ကာလ၀မ်းရောဂါနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ ကူးစက်မြန်ရောဂါများ မပျံ့နှံ့နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားနေရကြောင်း သိရသည်။ (အင်တာနက်)
** မနီလာ၌ ပြန်ပေးဆွဲမှု သေဆုံးသူ ၁၀-ဦးအထိတိုးလာ **
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် သြဂုတ်လ ၂၃-ရက်နေ့က ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား ပြန်ပေးဆွဲခံရပြီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၁၀-ဦးအထိ တိုးလာကြောင်း ဆေးရုံသတင်းရပ်ကွက်က ပြောကြားသည်။ နောက်ဆုံး သေဆုံးသွားသူမှာ အမျိုးသမီးဖြစ်ပြီး ဆန်ဂျွမ်ဒီဒီယောစ်ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံရပြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရထားသူ အနည်းဆုံးခြောက်ဦး မနီလာမြို့ဆေးရုံ၌ ဆက်လက်ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးသူ ဟောင်ကောင် ခရီးသည်များ၏ ရုပ်အလောင်းများကို ဟောင်ကောင်သို့ လေယာဉ်ဖြင့် သြဂုတ် ၂၅ ရက်တွင် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ကိုလံဘီယာမီးတောင် စတင်ပေါက်ကွဲ ၊ဒေသခံများ ဘေးလွတ်ရာထွက်ပြေး **

No comments:
Post a Comment