**(ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၊ ပြည်သူလူထု၊ အစိုးရဆိုးတို့၏ သမိုင်းသင်္ခန်းစာများ)**
မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တို့ရေ…။
ရှေ့ကဆိုခဲ့သလို `ပေါက်ဖော်- ကုလား - ယိုးဒယား´စတဲ့ သုံးလင်ပေါင်း မိန်းမတစ်ယောက်လို ဖြစ်နေတဲ့ မြန်မာ့ဆိုရှယ်လစ်စီးပွားရေး စနစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဆိုဗီယက်လိုလို၊ တရုတ်ပြည်လိုလို စီးပွားရေးမူဝါဒတွေကို အတုယူပြီး နှစ်တိုစီးပွားရေး၊ နှစ်ရှည်စီးပွားရေး စသဖြင့် စာအုပ်ကြီးအတိုင်း လျှောက်လုပ်နေကြပေမယ့် တကယ့်အခြေခံ အဆောက်အအုံမှာကတော့ မြန်မာ(ကျပ်)ငွေဟာ တစ်နေ့တခြား ဈေးကျလာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေး မတည်ငြိမ်မှု၊ စောစောက ပြောခဲ့တဲ့ (တရုတ်၊ အိန္ဒိယ၊ ထိုင်း)နိုင်ငံတို့ဆီက ၀င်လာတဲ့ ပို့ကုန်၊ သွင်းကုန်တွေကိုသာ အားထားလာရတဲ့ `မှောင်ခိုစီးပွားရေးဈေးကွက်´ဟာ မသိမသာရော၊ သိသိသာသာပါ ပေါ်ပေါက်လာတော့တာပါပဲ။
အဲ… လူမှုရေး အပိုင်းကိုလည်းရှုပါဦး။ သာရေး၊ နာရေး၊ လူမှုရေး ဆိုတာ အပြင် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနယ်ပယ်တွေကိုပါ `လူမှုရေးကဏ္ဍကြီး အနေနဲ့ ပူးတွဲပါ ဆန်းစစ်ကြမှာ ဖြစ်တော့ကာ… စီးပွားရေးစနစ်ဆိုးနဲ့ ၀ဲသြဃရဲ့ နောက်ဆက်တွဲအနေနဲ့ ခိုးဆိုးလုယက်သူများ၊ အနုကြမ်းစီးမှုနဲ့ ဓားပြမှုများ၊ လူသတ်မှုများ၊ မုဒိန်းမှုများဟာ ယခင် ပါလီမန် ဒီမိုကရေစီခေတ် ကထက် ပိုမိုများပြားလာပါတယ်။ (ဒါတောင် စာရင်းအင်းတွေ လိမ်လွန်း၊ ဖျောက်လွန်းလို့နော်။)
လူမှုရေးအပိုင်းရဲ့ အဓိက အသက်သွေးကြောတွေဖြစ်တဲ့ လူထုကျန်းမာရေးစနစ်၊ လူထု လူမှုဖူလုံရေးစနစ် စသဖြင့် ဘာဆိုဘာမှ မယ်မယ်ရရ လုပ်မပေးပဲ ပါတီနဲ့ ကောင်စီဆိုသော လူကြီး၊ လူကြာ၊ လူကြောင် များကသာ `ပဒုမ္မာနဲ့ မေတ္တာမွန်´စတဲ့ အခွင့်ထူးခံ (ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေတဲ့) ကုန်ပဒေသာဆိုင်ကြီးတွေမှာ ဆိုရှယ်လစ်အသီးအပွင့်တွေကို ခံစား၊ စံစားကြရပါတယ်။ လူထုကတော့ ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်တွေအနေနဲ့ `ဆင်းရဲမွဲတေခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ဒုစရိုက်မှုထူပြောခြင်း၊ မူးယစ်ရမ်းကားပေါများခြင်း´စတဲ့ မကောင်းကျိုး ဆိုးမွေတွေကိုသာ တွင်တွင်ကြီး ခံစားရတော့တာပါပဲ။
ပါတီလူကြီးနဲ့ ကောင်စီလူကြီး၊ စစ်ဗိုလ်ကြီးတွေသာ `အခွင့်အထူးခံ´ (၀ါ) `အပေါ်ထပ် အဆောက်အအုံ´တွေအဖြစ်နဲ့ လူမှုရေးပိုင်းကို ကြွယ်ဝစွာ ဖူလုံ စွာ ရရှိခံစားကြရပါတယ်။ ပြည်သူလူထု သန်း(၄၀)အဖို့မှာတော့ `၀တ်ရပြန်တော့ အစုတ်အနူတ်၊ နေရပြန်တော့ တဲအိုတဲစုတ်၊ စားရပြန်တော့ တလုပ်တဆုတ်´ဆိုသလို ဘ၀အထိုထိုဟာ ကပိုကရို ဖြစ်ချင်တိုင်း၊ ဖြစ်နေတော့တာပါပဲ။ ဒါဟာ အခြေခံလူတန်းစားတွေ (၀ါ) လူထုရဲ့ အောက်ထပ် အဆောက်အအုံပိုင်းရဲ့ မတူကွဲပြားစွာ ခွဲခြားတာ၊ ကွဲပြားတာတွေကို အဲဒီ(၁၉၈၈)ခုနှစ်မှာ ပိုမို သိမြင်လာကြရပါတယ်။ `ဆန်တစ်ပြည်- ဆယ့်ခြောက်ကျပ်- စိန်လွင့် ခေါင်းကိုဖြတ်´ ဆိုတာဟာ နာကျည်းခံပြင်းစွာနဲ့ ရင်လှိုင်းခတ်သံအနေနဲ့ ကြွေးကြော်လာကြတဲ့ ၈၈-က ကြွေးကြော်သံတစ်ခုပါ။ (၁၉၆၂ ခုနှစ်က ၁၉၈၈)ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေ၀င် တစ်ဦးတည်းကသာ လုံးဝဥသုံအလုံးစုံကို ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ လမ်းမကောင်းတာ၊ ရေမှန်မှန်မလာတာ၊ မီးခဏခဏပျက်တာ၊ မိလ္လာ ခဏခဏလျှံတာ၊ အမှိုက်ကားကို ဗျိုင်းလည်ပင်းပမာ မျှော်ကြရတာ၊ ဘာရယ်မဟုတ်ပဲ `ဧည့်စာရင်း ခဏခဏ စစ်တာ၊ `ဘုရားကြီးပြုပြင်ရန်လား၊ မယားကြီးပြုပြင်ရန်လား´ `ဘုရားလေးပြုပြင်ရန်လား၊ မယားလေးပြုပြင်ရန်လား´ စသဖြင့် ကွဲပြားစွာ၊ ရှင်းလင်းစွာ မသိရသော စသဖြင့် လူမှုရေးဆိုင်ရာ ရှုပ်ထွေးမှု၊ မရှင်းလင်းမှု၊ ရောနှောမှုနှင့် ရောချမှုတွေဟာ လူမှုရေးစနစ်ကို တစစီ၊ တကန့်စီ ဖော်ညွှန်းပြသနေပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
***စုစည်းတင်ပြသူ- သောင်ရင်းနဂါး (မြန်မာပြည်သား)**
(အပိုင်း- ၂)

No comments:
Post a Comment