(အပိုင်း-၃)
မျိုးဆက်သစ် ညီငယ်၊ ညီမငယ်တို့ရေ…။
အခုဆက်လက် ဆန်းစစ်ရမှာက (နိုင်- စီး- လူ- စစ်) ဆိုတဲ့ ကဏ္ဍကြီး ၄-ရပ်အထဲက စစ်ရေးအပိုင်းပါပဲ။ သိကြတဲ့အတိုင်း မြန်မာပြည်မှာ ကာကွယ်ရေး (ခေါ်) စစ်ရေး အသုံးစရိတ်က နိုင်ငံတော်ဘတ်ဂျက်ရဲ့ (၆၅% ကနေ ၇၀ % အထိ)ရှိခဲ့တာတွေ့ရပါမယ်။ အခြားသော နယ်ပယ်ကဏ္ဍတွေအတွက်က အင်မတိ အင်မတန် နည်းပါးလှတဲ့ ဘတ်ဂျက်အသုံးစရိတ် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်မီတုန်းက မြန်မာ ပြည်မှာ ခန့်မှန်းခြေ (ကြည်- ရေ- လေ) စစ်သည် အင်အား ၂-သိန်းခန့်သာ ရှိခဲ့ပြီး ဒီကနေ့ (၂၀၁၀) မှာတော့ ကြည်း - လေ - လေ စစ်သည်အင်အား ၄-သိန်းခန့်အထိ ရှိလာပြီတဲ့။ စကားမစပ် ဆက်စပ်ရရင် စစ်သည်အင်အားနဲ့ `ဘဂ၀ါ´ လို့ လွယ်လွယ်ခေါ်ကြတဲ့ သံဃာအင်အားဟာ အတူတူပါပဲတဲ့ဗျာ။
ရှေက စကားကို ပြန်ကောက်ရရင် ၁၉၈၈ ခုနှစ်မှာတော့ ကြည်း- ရေ- လေ စစ်သည်အင်အား ၂-သိန်းခန့်နဲ့ စစ်ရေးလို အပ်ချက်၊ စစ်ရေး (ကာကွယ်ရေးနဲ့  လုံခြုံရေး)ဟာ အရေးကြီးဆုံးဖြစ်ကြောင်း သက်သေကောင်း ပြဆိုနိုင်ဖို့ မြန်မာပြည်နယ်စပ်ဒေသ အသီးသီးက သူပုန် သူကန်(၀ါ) တော်လှန်ရေးအင်အားစု အသီးသီးကို သူတို့ စစ်အုပ်စုက ပြည်တွင်းစစ်ကို မွေးထားကြတယ်လေ။
(ကရင်၊ ရှမ်း၊ ကချင်၊ ကယား၊ ရခိုင်၊ ချင်း၊ မွန်) စတဲ့ မျိုးနွယ်စုကြီးတွေမှာသာမက အဲဒီမျိုးနွယ်စုကြီးတွေထဲက မျိုးနွယ်အခွဲလေးတွေဖြစ်ကြတဲ့ (ဥပမာ- ရှမ်းမျိုးနွယ်စုကြီးမှ ၀၊ ကိုးကန့်၊ ပလောင်) မျိုးနွယ်စုငယ်တွေမှာပါ သူပုန် သူကန်တွေ ပေါ်ထွက်လာအောင် `အင်္ဂလိပ်က အဘခေါ်ရလောက်အောင် သွေးခွဲမှုအားကောင်းတဲ့ စစ်အုပ်စုက ခွဲခြားပြသလိုက်တယ်´မဟုတ်လား။ ဘာတဲ့။ မြန်မာပြည်မှာ လူမျိုးနွယ် (၁၃၅)မျိုးရှိပါသတဲ့။
ရှေ့က အကြောင်းအရာကို ပြန်ကောက်ရရင် အဲဒီလို ခွဲခြားပြီး ကွဲပြားသွားတော့မှ ကာကွယ်ရေး၊ လုံခြုံရေးဟာ အရေးကြီးကြောင်း သက်သေကောင်း ပြနိုင်မှာမို့လေ။
ဒီတော့မှ ကာကွယ်ရေး၊ လုံခြုံရေးအသုံးစရိတ်ကို နိုင်ငံတော်ဘတ်ဂျက်မှာ အများဆုံးသုံးပြီး `ဘုံး´တန်တာဘုံး၊ `သုံး´တန်တာသုံး၊ `ဖုံး´တန်တာဖုံးပြီး မြန်မာပြည်သူလူထုက အစိုးရကို မကျေနပ်မှု ပေါ်ပေါက်လာလေတိုင်း အဲဒီ ဖက်ဆစ်အတွေးအခေါ်(၀ါ) စစ်ရေး အမြင်နဲ့ ချေမှုန်းပစ်လိုက်တာက သိကြ၊ မြင်ကြတဲ့အတိုင်း (၁၉၈၈ ခုနှစ်၊ ၈၈၈၈- အရေးတော်ပုံကြီး) မှာ ကျောင်းသား၊ ပြည်သူ၊ လူရှင်ရဟန်း ခန့်မှန်းခြေ (၂၃၀၀)ဦးသေဆုံးခဲ့ရပါသတဲ့။
မိမိနိုင်ငံကို ကျူးကျော်ရန်စလာလို့ အမိနိုင်ငံတော်အတွက် ခုခံကာကွယ်စစ်ကို ဆင်နွဲကြရတာဆိုရင်တော့ ဟောဒီ လူ (၂၃၀၀)ဦးလောက်ဆိုတာက `သူရဲကောင်းမှတ်တိုင်´တွေအဖြစ် မော်ကွန်းထိုးရစ်ရမှာပေါ့ဗျာ။ အခုဟာက မြန်မာ-မြန်မာ အချင်းချင်း၊ ကိုယ့်အချင်းချင်း ပစ်ခွင်းကြတာမို့ သေကြ၊ ကြေကြရပါတယ်ဆိုတာကို ကျဆုံးသွားသူတွေကလည်း ၀ိညဉ်တွေအဖြစ် ကျန်ရစ်နေကြသေးရင်၊ ကျဆုံးသွားသူတွေရဲ့ မိဘဆွေမျိုး၊ အသိမိတ်ဆွေ တွေကလည်း မမေ့ပဲ `အသည်းအက္ခရာ တင်ခဲ့ကြရင်´ဟောဒီ ရှစ်လေးလုံး ပဲဖြစ်ဖြစ်၊ ဘယ်သို့သော ရာဇ၀င်ရိုင်းတဲ့ လူသတ်ပွဲတွေပဲဖြစ်ဖြစ် ပေါ့ဗျာ။ အာဏာရှိသူက အာဏာမဲ့ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်တာဟာ ကျနော်တို့ တစ်နိုင်ငံထဲတော့ မဟုတ်ပါဘူး။ တောင်ကိုရီးယားပြည်မှာလည်း ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ် စစ်အစိုးရလက်ထက်မှာ `ဂွမ်ဂျူး အရေးတော်ပုံ´တို့ ဘာတို့ ဖြစ်ခဲ့တာပါပဲ။ ကျနော်တို့ နေထိုင်တဲ့ ထိုင်းနိုင်ငံမှာလည်း `တမ္မာဆတ်တက္ကသိုလ် အရေးတော်ပုံ´စသဖြင့် ရှိတော့ ရှိခဲ့တာပါပဲ။
ကျနော်တို့ အဓိက ပြောနေတာက စစ်ရေးဟာ အားလုံးထဲမှာ အရေးအကြီးဆုံးဆိုတာဟာ မိမိက အကျူးကျော်ခံ၊ နယ်အချဲ့ခံ၊ ခေတ်ကာလတွေမှာ အတိုင်းအတာတစ်ရပ် အထိမှန်ပါတယ်။ သို့ပေမယ့် ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှမ အချင်းချင်း လူထုအာဏာလို့ ခေါ်တွင်ရမယ့် ဒီမိုကရေစီအုပ်ချုပ်ရေး စိုးမိုးရမယ့် နေရာမှာ စစ်အုပ်စုနဲ့ စစ်အစိုးရတွေချည်း ဖြစ်နေခဲ့မယ်ဆိုရင် အဲဒီနိုင်ငံနဲ့ ပြည်သူလူထုအဖို့ ကပ်ကြီးက ၃-ပါးသာမကပဲ အပါးရာကျော် ဆိုက်ပြီသာမှတ်ပေရော့… ။ ။
(ဆက်လက်ဖော်ပြပါမည်)
** စုစည်းတင်ပြသူ- သောင်ရင်းနဂါး **
**(ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး၊ ပြည်သူလူထု၊ အစိုးရဆိုးတို့၏ သမိုင်းသင်္ခန်းစာများ)**

No comments:
Post a Comment