မင်းတုန်းမင်းသည် ရတနာသုံးပါးကို လေးစားကြည်ညိုသည်။ သာသနာတော်သန့်ရှင်း တည်တံ့တိုးတက်အောင်လည်း ကြိုးပမ်းသည်။ မင်းဖြစ်သဖြင့် လောကီစည်းစိမ်ကိုလည်း ကောင်းစွာ ခံစားသည်။
ဤတွင် ကိုယ်နှင့်နှိုင်းကာ ထင်မှတ်နေသည်လည်း ရှိ၏။ ယောင်္ကျားဟူသည် ကိလေသာကာမဂုဏ်နှင့် မျှားလျှင် မခံနိုင်ဟု ပုံသေစွဲမှတ်နေသည်။ ခင်မင်လေးစားကြည်ညိုသော ဗန်းမော်ဆရာတော်ကို စမ်းသပ်မည်ဟု ကြံရွယ်ထားလေသည်။
အနောက်ဆောင်ရှိ လှသော ရဲတင်းတင်းသော အပျိုတော်တို့အား ရွေးသည်။ ဆရာတော်အား အာရုံငါးပါးနှင့် ညှို့မြှူဖြားယောင်းရန် ပြင်ဆင်သည်။
မှတ်ချက်။ ။ အာရုံငါးပါး (ကာမဂုဏ်ငါးပါး)
၁။ ။ ရူပါရုံ- အဆင်းအာရုံ
၂။ ။ သဒ္ဒါရုံ- အသံအာရုံ
၃။ ။ ဂန္ဓာရုံ- အနံ့အာရုံ
၎။ ။ ရသာရုံ- အရသာအာရုံ
၅။ ။ ဖောဌဗ္ဗာရုံ- အတွေ့အထိအာရုံ
ဗန်းမော်ဆရာတော်တစ်ပါးတည်း ဆွမ်းပင့်ကျွေးသည်။ တစ်ဆောင်လုံးတွင် အမျိုးသားဟူ၍ တစ်ယောက်မျှ မရှိ။ ချောမောပြေပြစ်တပ်မက်ဖွယ်သော အပျိုတော်ချည်း ဖြစ်၏။ တစ်ဆောင်လုံးလည်း အမွှေးနဲ့သာတို့ဖြင့် ထုံမွှမ်းနေ၏။ မိန်းမပျိုလေးများသည် လျော့ရိလျော့ရဲ ၀တ်ဆင်ထားကြ၏။ မမြင်အပ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကိုပင် မဖော်အိသို့ ဖော်အိသို့ နှင့် ကာမဂုဏ်ညွှတ်ကွင်းကို ခင်းကျင်းထားကြ၏။
`ဒီဝက်သားနီချက်ကလေး ဘုဉ်းပေးလိုက်ပါဦး ဘုရား၊ ဒီဘက်က ပုစွန်တုပ်ကြီးပါဘုရား၊ အားရပါးရ ဘုဉ်းပေးတော်မူပါဘုရား၊ စကားသံများက ခရာတာတာနိုင်လှပါသည်။
ဆရာတော်ကား ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို အားရပါးရ မြိန်မြိန်ကြီး ဘုဉ်းပေးတော်မူသည်။ ထို့နောက် အချိုပွဲကို ဘုဉ်းပေးတော်မူသည်။ ပြီးမှ…
`ကဲ- ဆွမ်းဒကာမလေးတို့ လာကြ´
`တင်ပါ့ဘုရား´
`ဒကာမလေးတို့ ဆက်ကပ်တဲ့ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့က အရသာရှိလှပါတယ်။ ဒါကြောင့် ဘုန်းကြီးလဲ များများ ဘုဉ်းပေးပါတယ်။ ဒကာမလေးတို့ အ၀တ်အစားလျော့ရိလျော့ရဲနဲ့ ဆွမ်းကပ်ကြလေတော့ နင်တို့စေတနာသိရတာပေါ့လေ… ကဲ ကန်တော့ကြ´
အပျိုတော်တို့က ကန်တော့ကြသည်။
ပြီးလျှင် ဆရာတော်က မတ်တတ်ရပ်တော်မူပြီး မိန့်သည်မှာ…
`နင်တို့လင် မောင်လွင်ကို သံတော်ဦးတင်လိုက်ကြ။ ဘယ်လိုပင် ဖြားယောင်းသော်လည်း ဗန်းမော်ဆရာတော်က မဖြုံဘူးလို့´ဟူ၍ ဖြစ်လေသည်။
အပျိုတော်များကား မည်သို့မျှ နှုတ်ခွန်းမဟရဲ။ ရုပ်တရား နာမ်တရားကို ပိုင်နိုင်စွာ သိတော်မူသော ဗန်းမော်ဆရာတော်ကား တရားရှင်ကြီးဧကန်ဖြစ်ပါသည်။
နန်းမဆောင်အတွင်း ကန့်လန့်ကာ နောက်ကွယ်မှာ အကဲခတ်နေသော မင်းတုန်းမင်းနှင့် မိဖုရားကြီးတို့လည်း ကြည်နူးကျေနပ်နှစ်သိမ့်စွာ ပြုံးကြသည်။
အာရုံငါးပါး၏ ညှို့ငင်မှုကို မဖြုံသော ဆရာတော် ကြီးအား ကြည်ညိုစွာပင် ကန်တော့ကြပါသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment