**ဦးနှောက် အယူအဆဟောင်းတွေကို
ဦးထုပ်နဲ့ယူနီဖောင်းလို ၀တ်ဆင် ၊
အဝေးရောက် ဓာတ်ငွေ့ပိုက်လိုင်းများလို
အနီးကပ် စစ်အတ္တတွေကို ရှည်လျားစွာ သွယ်တန်းနေကြတယ် ။
**အာဏာနဲ့လက်ကျန်အရက်ကို မျှသောက်တာ စေတနာမဟုတ်
မသေချာတဲ့ မနက်ဖြန်ရက်တွေ ကျပျောက်ကာ ဝေဒနာ တပုဒ်
ဇာတာဖွဲ့တော့ ခေတ်ပျက်က ကြော်ငြာအားကောင်းနေတယ် ။
**ဘေးမသီ ရန်မခ
တေးသီရန်ထလာတဲ့ ကျေးငှက်တွေလို
ငြိမ်းချမ်းခြင်းကောင်းကင်မှာ ပျော်ရွှင်စွာ ပျံသန်းချင်လဲ....
တသွင်သွင် အသံချိုကို မှီဝဲရင်း
ပေါ့ပါးလတ်ဆတ်ခြင်းများအပြည့်နဲ့
တောင်ကျစမ်းရေလို လွတ်လပ်စွာ စီးဆင်းချင်လဲ.....။
သွေးနားထင်ရောက်စဲ စစ်အစွန်းရောက်များကြောင့်
ယောက်ယက်ခတ်တဲ့ စီးပွားရေးတွေ မြို့ပြမှာကျနေပုံက
အတိတ်လမ်းမှာ သပိတ်စခန်းများ ကျခဲ့သလိုပါပဲ ။
ကျီးကန်းတောင်းမှောက် မယုံသင်္ကာမျက်လုံးများနဲ့
ကံကြမ္မာကို ခြေဆုံးခေါင်းဆုံးကြည့်
ဖောက်ပြန်သူတွေက ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
အကောက်ကြံသူများ မျက်နှာပြောင်တိုက် လမ်းသလားနေတယ် ။
ကျောက်ပတ်တီးစီးထားမှာ လူနာလို့ ထင်တဲ့လောက
အောက်ကကြီးနေရလို့ မြင်ရာကိုဖြစ်တဲ့ ဒေါသ
မေတ္တာတရားဆိုတာကလဲ
ပြည့်တန်ဆာတွေ ပါးစပ်ဖျားမှာ ထည်လဲသုံးသလိုမျိုး
သစ္စာတရားကတော့
လာလိုက် မလာလိုက် လျှပ်စစ်မီးလို ပျက်နေတာ ကြာပြီ ...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment