(ကိုလံဘို၊ စက်တင်ဘာလ ၂၇-ရက်)
သီရိလင်္ကာနိုင်ငံတွင် လေဖြတ်၍ သေဆုံးသူ နေ့စဉ် ၁၀၉ ဦးရှိကြောင်း ယင်းမှာ နိုင်ငံအတွင်း သေဆုံးမှုများအနက် တတိယအများဆုံးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ သေဆုံးမှုကိန်းဂဏန်းမှာ ဆေးရုံသတင်းရပ်ကွက်များမှ ရရှိသည့် အချက်အလက်အပေါ် အခြေခံပြောကြားခြင်းဖြစ်ကြောင်း လေဖြတ်၍ သေဆုံးသူအများစုမှာ ကျေးလက်ဒေသများမှဖြစ်ပြီး လေဖြတ်ခြင်းကို ရှေးရိုးနည်းဖြင့် ကုသနေကြ၍ ဖြစ်ကြောင်း လေဖြတ်ခြင်းအကြောင်း ဗဟုသုတ အလွန်နည်းကြ၍လည်း ဖြစ်ကြောင်း သီရိလင်္ကာအမျိုးသား လေဖြတ်ခြင်းရောဂါထိန်းချုပ်ရေး ဥက္ကဌ ပက်မာရူနာရက်နီက ပြောကြားသည်။ (ဆင်ဟွာ)
** ပိတ်မိ ချီလီမိုင်းလုပ်သားများ နိုဝင်ဘာလဆန်းတွင် ကယ်ထုတ်နိုင်ရန်မျှော်လင့် **
(ဆန်ဂျို့စ်၊ စက်တင်ဘာလ ၂၇-ရက်)
ချီလီနိုင်ငံတွင် သြဂုတ်လဆန်းပိုင်းက ပိတ်မိနေသည့် မိုင်းလုပ်သား ၃၃-ဦးအား မိုင်းတွင်းထဲမှ ကယ်ထုတ်ယူရန် အထူးပြုလုပ်ထားသော ကယ်ဆယ်ရေးဘူးသုံးခု အနက် တစ်ခုမှာ စက်တင်ဘာလ ၂၅-ရက်နေ့က ၄င်းမိုင်းတွင်းသို့ ရောက်ရှိလာသည်။ ၄င်း ကယ်ဆယ်ရေးဘူးအတွင်း အောက်ဆီဂျင်ဘူးသုံးဘူးနှင့် မိုက္ကရိုဖုန်းတို့ကိုလည်း တပ်ဆင်ထားသည်ဟု ဆိုသည်။ (အင်တာနက်)
** တရုတ်တောင်ပိုင်း ဖာနာပီ တိုင်ဖုန်းမုန်တိုင်းဝင်ရောက်မှု ၇၅ ဦးသေဆုံးပြီး ၆၁ ဦးပျောက်ဆုံးလျက်ရှိ **
(ကွမ်ကျို့၊ စက်တင်ဘာလ ၂၇-ရက်)
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းက ဖာနာပီတိုင်ဖုန်းမုန်တိုင်းဝင်ရောက်ပြီး ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ၇၅ ဦးသေဆုံးပြီး ၆၁ ဦးပျောက်ဆုံးနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာလ ၂၆ ရက်၌ ပြောကြားသည်။ (အင်တာနက်)
** အီရန်တောင်ပိုင်း၌ အင်အားပြင်းငလျင်လှုပ် **
(တီဟီရန်၊ စက်တင်ဘာလ ၂၇-ရက်)
အီရန်နိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာလ ၂၇-ရက်နေ့က ရစ်ခ်ျတာစကေး ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ အနည်းဆုံး တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အီရန်သတင်းဌာနမှ သတင်းထုတ်ပြန်သည်။ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်က ရှီရပ်မြို့အနောက်ဘက် ဘိုနာတတ် တက်ခ်ျဒေသ မြေအောက် ၅ မိုင်တွင် ဗဟိုပြုလျက်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်း ငလျင်ကြောင့် အနီးအနားရှိ ရွာနှစ်ရွယ်မှ အိမ်ဟောင်းများ ပြိုကျပျက်စီးသွားကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** သီရိလင်္ကာ၌ နေ့စဉ် လေဖြတ်၍ သေဆုံး **

No comments:
Post a Comment