၁၉၈၇- ၈၈ ကာလတွေတုန်းက ပဲခူးတိုင်း အရှေ့ခြမ်းဘက်က ရွာလေးတရွာမှာ ချောမောလှပတဲ့ ကောင်မလေး တယောက် ရှိခဲ့တယ်။ မိဘတွေကလည်း ရွာထဲမှာ အသင့်အတင့်ပြေလည်တဲ့အပြင် ရပ်မိရပ်ဖတွေ ဖြစ်လေတော့ သူလေးလည်း ရွာထဲက အလှူတိုင်းမှာ ပန်းတောင်ကိုင်ရတဲ့ အလှပဂေး တပါးပေါ့။ ရွာထဲက ကာလသားတွေကလည်း ကောင်မလေးကို သဘောကျပေမယ့် မိဘအရှိန်နဲ့ ဆိုတော့ တယောက်မှ မပိုးရဲဘူးဖြစ်နေတယ်။ ကောင်မလေးရဲ့ ဂုဏ်သတင်းကလည်း လူသတင်း လူချင်း ဆောင်ဆိုသလို အနီးနားက ကျေးရွာတွေ အထိ ပျံ့နှံ့လို့နေတာပေါ့။
အဲ့ဒီရွာလေးတွေ အနားမှာ မြို့ငယ်လေး တခုလည်း ရှိပါတယ်။ မြို့ငယ်လေးက ကောင်လေးတယောက် ဟာ ကောင်မလေးရွာကို သွားလည်ရင်း နဖူးစာရွာလည်ဆိုသလို သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။ လူငယ်တွေပီပီ အချစ်ကို ကိုးကွယ်ကြပြီး သေထိအတိုင် အတူတကွ ပေါင်းသင်းနေထိုင် သွားမယ်လို့ ကတိသစ္စာ ထားခဲ့ကြတယ်။ ကောင်လေးက
- နင် ငါ့ကို သစ္စာဖောက်မယ်လို့ စိတ်ကူးတဲ့အခါကျရင် ငါ့ကို သတ်သွားပါ။ ဒီလိုမှ မဟုတ်ရင် နင့်ကို ငါလိုက်သတ်ရလိမ့်မယ်-
ကောင်မလေးကတော့ ကောင်လေးပြောတာကို ပြုံးပြီး သူတို့ ဘယ်တော့မှ ခွဲရမှာ မဟုတ်ကြောင်း ယုံကြည်နေလေရဲ့။
ချစ်သူနှစ်ဦးရဲ့ သာယာဖြောင့်ဖြူးနေတဲ့ အနာဂတ်တွေကို ရက်ရက်စက်စက် ဖျက်ဆီးမယ့် အကြောင်း တခု ဖြစ်ပေါ်လာပါတော့တယ်။ ဒါကတော့ မြန်မာပြည်မှာ ရက်ရက်စက်စက် အုပ်ချုပ်နေတဲ့ စစ်တပ်ကို ပြည်သူတွေ အသက်ပေးတော်လှန်ခဲ့တဲ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။ စစ်သားတွေ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်နေတဲ့ မြင်ကွင်းကို ဘယ်သူကမှ လျစ်လျူမရှုနိုင်ပါဘူး။ တိုင်းပြည်ချစ်စိတ်ရှိတဲ့ ကောင်လေးဟာ သူငယ်ချင်းတွေနဲ့အတူ အရေးတော်ပုံမှာ ပါဝင်တာပေါ့။ စစ်တပ်ကလည်း အစွမ်းကုန် ယုတ်မာမှုနဲ့အတူ လူတွေကို သတ်ရင်း ၁၉၈၈၊ စက်တင်ဘာ ၁၈ မှာ အာဏာသိမ်းလေတော့ အချစ်ရေးထက် တိုင်းပြည်လွတ်လပ်ရေးကို ပိုအလေးထားတဲ့ လူငယ်တွေ ပီပီ ကောင်လေးဟာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်ဖို့ ရိုးမမြေကို ခြေချရပါတော့တယ်။
ပြည်သူတွေ လွတ်မြောက်ဖို့ လွတ်လပ်မှုကို မြတ်နိုးတဲ့ လူငယ်လေး ဘ၀ကနေ တော်လှန်ရေးသမား ဘ၀ကို ပြောင်းလဲသွားတဲ့ ချစ်သူ တိုင်းပြည်လွတ်လပ်ရင် ပြန်လာမှာပဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ ကောင်မ လေးက နားလည်ခွင့်လွှတ်ပေးခဲ့ပါတယ်။ ကောင်လေးကိုလည်း ပြန်လာတဲ့အထိ စောင့်နေမယ်လို့ နှုတ်ခွန်းဆက် စကားဆိုခဲ့ပါတယ်။
နောင် နှစ်အနည်းငယ်ကြာတဲ့အခါ ကောင်မလေးဟာ အရွယ်ကောင်းကနေ အရွယ်လွန်လာမှုနဲ့ အတူ စိတ်ခံစားရမှုတွေကြောင့် ရင့်ရော်လာပါပြီ။ သူ့ညီမတွေ အိမ်ထောင်ကျလို့ ကလေးတွေနဲ့ ဖြစ်နေ ပေမယ့် သူကတော့ တူလေးတူမလေးတွေကို ထိန်းရင် ကောင်လေးအလာကို စောင့်နေတုန်းပဲ။ ကောင်လေး တောခိုအပြီးမှာ ဘေးနားရွာက သူဌေးသားတွေက သူ့ကို မိဘက တဆင့် ကမ်းလှမ်းတာ တွေ လုပ်လာပါတယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း အရွယ်ရောက်နေတဲ့ သမီးအတွက် အိမ်ထောင်ချပေးချင်တာပေါ့။ ဒါပေမယ့် ကောင်မလေးဟာ ခေါင်းခါနေတုန်းပဲ။ လူတချို့ကတော့ ပြောကြတယ်။ သူ့ကောင်လေး သူ့ကို လာသတ်မှာ စိုးလို့တဲ့။ အသတ်ခံရမှာစိုးတာနဲ့ ကောင်လေးကို ချစ်တာ ဘယ်ဟာ ပိုလည်းတော့ ကောင်မလေးကိုယ်တိုင် သိမှာပါ။ ဒီအချိန်မှာ ကောင်လေးကော ဘယ်လို ဖြစ်နေပြီလဲ။
လူငယ်တွေ ဘ၀ကြမ်းကို ကြံ့ကြံ့ခံရင်း တိုင်းပြည်လွတ်မြောက်ရေးအတွက် တော်လှန်ကြတာပေါ့။ ကျောင်းသားတပ်မတော်မှာ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ရင်း ခွပ်ဒေါင်းအလံကို အမြင့်ဆုံးကို လွှင့်ထူကြပါတယ်။ ချစ်သူကို လွမ်းတဲ့စိတ်ထက် တိုင်းပြည်ကို ချစ်တဲ့စိတ်က လွှမ်းမိုးသွားပါတယ်။ ၁၉၉၅ စစ်တပ်ရဲ့ ထိုးစစ်တွေကို ရင်ဆိုင်ရင်း လူစုတွေကွဲ ဟိုရောက်ဒီရောက်နဲ့ အမှတ်မထင် ကောင် လေး တိုင်းပြည်အတွက် အသက်စွန့်သွားပါတော့တယ်။
နှစ်ပေါင်း နှစ်ဆယ်ကြာလာတဲ့အခါမှာ ကောင်မလေးဟာ အဒေါ်ကြီးတယောက်အရွယ်ကို ရောက် နေပါပြီ။ သူ့ကို အိမ်ထောင်ပြုစေချင်တဲ့ သူတွေလည်း ရှိနေတုန်းပဲ။ သူမရဲ့ ချစ်သူ ကျဆုံးသွားပြီဆိုတာ ကို သူမ ကြားကောင်းကြားမှာပါ။ သူ့ကို လာသတ်မယ့်သူ မရှိတော့လို့ သူမ အိမ်ထောင်ပြုမယ်ဆို ပြုလို့ ရပါသေးတယ်။ အသတ်ခံရမှာစိုးတဲ့ စိတ်ထက် ကောင်လေးကို ချစ်တဲ့ စိတ်က သူမမှာ ပိုနေခဲ့ တယ်ဆိုတာ ကောင်မလေးရဲ့ စကားတွေက သက်သေခံနေပါတယ်။
- ကျမချစ်သူ သေဆုံးသွားတာ ဟုတ်ချင် ဟုတ်မယ်။ မှန်ချင်မှန်မယ်။ ဒါက ဘာအရေးကြီးလို့ တုန်း။ ကျမရင်ထဲမှာ သူဟာ ထာဝစဉ် ရှင်သန်နေတယ်။ ကျမ နှလုံးခုန်နေသေးသရွေ့ သူလည်း ကျမနဲ့အတူ ရှိနေဦးမှာ။ ကျမ အသက်ရှင်နေသမျှ သူလည်း ကျမနဲ့ အတူ ရှင်သန် နေမှာပါ။-
ကောင်လေးရေ မင်းရဲ့ ကောင်မလေးကတော့ မင်းကို စောင့်နေလေရဲ့။ သူမရဲ့ အချစ်နဲ့ သစ္စာကို တမလွန်ကနေ မင်း ကျေနပ် ဂုဏ်ယူနေမှာလား။ ဒါမှ မဟုတ် မင်းဟာ မပြီးသေးတဲ့ တော်လှန် ရေးအတွက် စစ်အုပ်စုကို မင်း ဆက်တော်လှန်နေတုန်းလား။ တကယ်တော့ မင်းတို့ သွေးတွေ မခြောက်သေးပါဘူး။ မင်းတို့တွေ စစ်အာဏာရှင်စနစ်ကို ဆက်တော်လှန်ရင်း တိုက်ပွဲဝင် ရဲဘော် တွေရဲ့ ကိုယ်မှာ မင်းတို့ ပူးကပ်နေမှာပါ။----။
(လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ဖြစ်ပျက်ခဲ့သော ကျနော် အမြဲကြားနေရတဲ့ တကယ့်အဖြစ်မှန် ဇာတ်လမ်းလေးကို ဒီနေ့ ၁၈ ရက်မှာ မှတ်မှတ်ရရဖြစ်နေခဲ့လို့ တင်ဆက်လိုက်ပါတယ်။ အင်တာနက် အခက်အခဲကြောင့် နောက်ကျသွားပါတယ်။ ဖတ်လို့ ကောင်းအောင် ရေးထားပေမယ့် ဦးလေး ဘယ်လို ကျဆုံးသွားတာကိုတော့ ကျနော် တိတိကျကျ မပြောနိုင်ပါဘူး။ အဲ့ဒီ ဒေါ်လေးကို ကျနော်ကောင်းကောင်း သိပါတယ်။ အခု အချိန်မှာတော့ သူလည်း သက်ရှိထင်ရှား ရှိနေသေး လားဆိုတာကို မပြောနိုင်တော့ပါဘူး။ ရုပ်ရှင်၊ ၀တ္ထုတွေထက် ပိုပြီး ကြေကွဲ ၀မ်းနည်းဖို့ ကောင်းပါတယ်။ ချစ်သူပြန်အလာကို စောင့်နေတဲ့ ချစ်သူတွေ၊ ဘ၀ဖော်ရဲ့ အပြန်ခရီးကို မျှော်နေတဲ့ သူတွေ၊ သားတွေရဲ့ အောင်ပွဲကို စောင့်နေတဲ့ အမေတွေ၊ မိဘတွေ မေတ္တာကို စောင့်မျှော်နေတဲ့ သားသမီးတွေ အမြန်ဆုံး နီးနိုင်ကြပါစေ။)
**Zaw Win Htun**
September 18, 2010

No comments:
Post a Comment