(ဖူကျို့၊ စက်တင်ဘာလ ၂၀-ရက်)
ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ၁၁-ခုမြောက် မုန်တိုင်းအဖြစ် ၀င်ရောက်တိုက်ခတ်သည့် ဖာနာပီတိုင်ဖုန်းမုန်တိုင်း သည် စက်တင်ဘာလ ၂၀-ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီက တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် အရှေ့ တောင်ပိုင်းသို့ ၀င်ရောက်ခဲ့ကြောင်း ဖူကျန်းပြည်နယ် ရေဘေးတားဆီးကာကွယ်ရေးဌာနက ကြေညာသည်။ အဆိုပါ မုန်တိုင်းသည် ဖူကျန်းပြည်နယ်ကမ်းရိုးတန်ဒေသများသို့ ၀င်ရောက်ခဲ့ရာ ကျန်ဖူ၊ ရှားမင်း၊ ဂူ့လိမြို့များ၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ၄င်းမုန်တိုင်း သည် ကုန်းတွင်းပိုင်းတွင် တစ်နာရီကီလိုမီတာ ၂၀-နှုန်းဖြင့် တိုက်ခတ်လျက်ရှိကြောင်း မုန်တိုင်းကြောင့် သေ ဆုံးထိခိုက်မှု မသိရသေးသော်လည်း သစ်ပင်ကြီးများ လဲကျခဲ့သည်။ (အင်တာနက်)
** မက္ကဆီကို ရဲအရာရှိ ကိုးဦးအား သေနတ်သမားများ ပြန်ပေးဆွဲ **
(အကာပူလ်ကို(မက္ကဆီကို) စက်တင်ဘာလ ၂၀-ရက်)
မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဂွါယာရီရိုပြည်နယ်၌ သေမှုသေခင်းဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍ စုံစမ်းထောက်လှမ်းနေသော ရဲအရာရှိ ကိုးဦးအား သေနတ်သမားများက ပြန်ပေးဆွဲထားခဲ့ကြောင်း ရဲအရာရှိ နှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၁၉-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အိန္ဒိယမြောက်ပိုင်း၌ မုတ်သုံမိုးသည်းထန် မြေပြိုမှုဖြစ်ပွား၍ လူ ၆၀-ကျော်သေဆုံး **
(နယူးဒေလီ၊ စက်တင်ဘာလ ၂၀-ရက်)
အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ လွန်ခဲ့သော နှစ်ရက်က မုတ်သုံမိုးများရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ပွားသဖြင့် သေဆုံးသူဦးရေ ၆၀-ကျော်ရှိကြောင်း စက်တင်ဘာလ ၂၀-ရက်နေ့တွင် အိန္ဒိယ တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** အီဂျစ် ရှေးဟောင်းပစ္စည်း စပိန်မှ ပြန်လည်ရရှိ **
(မက်ဒရစ်၊ စက်တင်ဘာလ ၂၀-ရက်)
အီဂျစ်နိုင်ငံမှ ၁၉၉၉ ခုနှစ်က ခိုးထုတ်ခဲ့သည့် အီဂျစ်ရှေးဟောင်းသုသာန်ဂူအစိတ်အပိုင်းများကို စပိန်နိုင်ငံ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်မှ ပြန်လည်တွေ့ရှိကြောင်း ဘာစီလိုနာရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကို အရှေ့ပိုင်း မုန်တိုင်းဝင်ရောက်ခဲ့မှု လူ ခုနစ်ဦးသေဆုံး၊ လူပေါင်း ငါးသိန်း ရေဘေးကြုံ **
(မက္ကဆီကိုစီးတီး၊ စက်တင်ဘာလ ၂၀-ရက်)
မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းကားလ်ကြောင့် ခုနစ်ဦးသေဆုံးပြီး ရှစ်ဦးပျောက်ဆုံးနေကြောင်း မက္ကဆီကို အစိုးရက စက်တင်ဘာလ ၂၀-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ကားလ်ဟာရီကိန်းမုန်တိုင်းသည် စက်တင်ဘာလ ၁၇-ရက်နေ့က မက္ကဆီကိုနိုင်ငံ ဗီရာခရုဇ်ပြည်နယ်မြောက်ပိုင်းသို့ ၀င်ရောက်ခဲ့ရာ လူပေါင်း ငါးသိန်းခန့် မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဖာနာပီတိုင်ဖုန်းမုန်တိုင်း ဖူကျန်းပြည်နယ်သို့ဝင်ရောက် သစ်ပင်ကြီးများလဲကျ၊ ကျောင်းများပိတ်ထားရ **

No comments:
Post a Comment