သက်ဝင်းအောင်ကျတော့ရော…။သူ့ကိုတွေ့လိုက်ရင် အမြဲ ပြုံးပြီးတော့ ရှိနေတာကို တွေ့ရတယ်။ ကျမ သိသလောက်တော့ သူက စိတ်ကောင်းလဲ ရှိပါတယ်၊ သူငယ်ချင်းတွေ အတွက်ဆို အနစ်နာခံဖို့ အသင့်ရှိပုံ ရတယ်။ ဒီမိုကရေစီ အရေးနဲ့ တိုင်းရေးပြည်ရေးအတွက်ကတော့ သူက တော်တော် စိတ်အားထက်သန်လှတယ်။
သူတို့ ၂ ယောက်လုံးက ကောင်းတာတွေ လုပ်ခဲ့ကြပေမယ့်... ခုတော့ ကျမ မေမေရော…၊
ကျမရဲ့ သူငယ်ချင်းဖြစ်တဲ့ သက်ဝင်းအောင်ရောက.. ကျမတို့တွေရဲ့ အနားမှာ မရှိကြတော့ဘူးလေ..။
ကျမရဲ့မေမေ ဆုံးသွားတာက၊၂၀၀၃-နိုဝင်ဘာ၂၄မှာ- အို-နာ..ဆိုတဲ့ လူကြီးရောဂါနဲ့ အသက် ၇၈ နှစ်မှာ ဆုံးသွားတယ်။ ဒါက သိပ်မဆန်းပေမယ့်... သက်ဝင်းအောင်ကျတော့ ၂၀၀၆-အောက်တိုဘာ-၁၆မှာ -သေဆုံးချိန် မတန်သေးတဲ့ အသက် ၃၅ နှစ်အရွယ်မှာ…......ဆုံးသွားတာ....။
သေခြင်းတရားဆိုတာ၊ ကြီး၊ ငယ်၊ ရွယ်လတ် မရွေးဘူးဆိုပေမယ့်….....
“သက်ဝင်းအောင်ရယ်…။နင်က သေချိန် မတန်သေးဘူးလေ….။မသေသင့်သေးတဲ့အချိန်- ပြင်ပ ပယောဂတွေကြောင့် သေသွားရတာလေ….။ငါလည်း ထောင်ကျဖူးတဲ့သူပဲ …။ထောင်ထဲမှာ တကယ်ကို ကျန်းမာရေးထိခိုက်လာပြီဆိုရင်…ငါတို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာ ငါနားလည်ပါတယ်…။အပြင်မှာ ငါတို့ချက်ခြင်း…အထူးကု တစ်ယောက်ဆီ ပြေးလိုက်လို့ ရတယ် …။ချက်ခြင်းဆေးခန်း ထသွားမလား....။ ရတယ်….။ ဒါပေမယ့် နင်တို့ ငါတို့က ထောင်ထဲမှာ ဆိုတော့ …..။
နင်၊ ငါ ။ နောက်.. ငါတို့ အုပ်စုထဲက မျိုးမင်းထိုက်၊ ရန်အောင်စိုးရယ် ..အပြင် တခြား တက္ကသိုလ်ကျောင်းပေါင်းစုံ က ကျောင်းသားတွေ ၂၀၀ ကျော် လောက်က ၁၉၉၈ ခုနှစ် ထဲမှာပဲ ဖမ်းခံခဲ့ကြရတယ်…။နင်၊ ငါနဲ့ ရန်အောင်စိုး၊ မျိုးမင်းထိုက်တို့ က ၁၉၉၈ ခုနှစ်ရဲ့ စက်တင်ဘာ တစ်လထဲမှာပဲ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဖမ်းခံခဲ့ကြတယ်နော်…။ ငါ့ကို ထောင် (၁၀) နှစ်ချတယ်။ ပထမ အင်းစိန်ထောင်မှာ ၇ လ ထားတယ်။ နောက် မော်လမြိုင်ထောင်မှာ ၄ နှစ်နဲ့ ၇ လ ။နောက်တော့ အင်းစိန်ထောင် ရောက်တယ်။ ၂၀၀၄ ဇွန် ၂၄မှာ ငါ အင်းစိန်ထောင်ကနေလွတ်တယ်။
ငါက ခု ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့တစ်မြို့မှာ၊ ရန်အောင်စိုးကတော့ ဗမာပြည်ရဲ့တနေရာမှာ လူမှု ကိစ္စတာဝန်တွေနဲ့ ရှိနေတယ်။မျိုးမင်းထိုက်ကတော့ ထောင်ဒဏ် ၅၂ နှစ်ကျပြီး -ခုထိ မြင်းခြံထောင်ထဲမှာ…။
နင်ကရော…။နင့်ကို သူတို့က ဘာလို့ သေပစ်လိုက်စေတာလဲ ဟာ..။နင်ကရော ဘာလို့ သေလိုက်ရတာလဲ….။နင်က ကိုယ့်ဘဝကိုယ်တောင် မနှမြောဘဲ ..ဘာလို့ အဲလောက်တောင် ကိုယ့်ကိုယ်ကို လုပ်လိုက်ရတာလဲဟာ…။
သူတို့ကရော နင့်အရွယ် မောင်၊ ညီမ၊ သား သမီး တွေ ရှိနိုင်ရက်နဲ့ ဒီလောင်တောင် စာနာစိတ် မထားနိုင်လောက်အောင် သူတို့ရဲ့ နှလုံးသားတွေက ဘာလို့ ဒီလောက်တောင် မာကျောနေနိုင်ရက်တာလဲဟာ……။
ငါလေ ထောင်ထဲမှာ သေသွားမှာ သိပ်ကြောက်ခဲ့ တာ….။
ငါ့ရှေ့မှာ ထောင်ထဲက တချို့တွေ အရွယ်ကောင်းရဲ့နဲ့…ရုတ်တရက်ကြီး....... သေသွားလိုက်တာ…။ငါလေ သိပ်အားငယ်ခဲ့တာပဲ……..။
နင်သေသွားတာ ငါတကယ်ပဲ မယုံနိုင်ဘူး…။ခုချိန်ထိ..နင်တနေရာရာမှာ ရှိနေနိုင်တာပဲ..လို့…။မဟုတ်ဘူးလားဟင်……….။
နင်သိရဲ့လား….။
် အောက်တိုဘာလ ၁၆ ရက်နေ့ဆို နင်ဆုံးသွားတာ (၄) နှစ်တောင်ပြည့်ပြီ..တဲ့….။ ဒါပေမယ့် ဒီနေ့ည ...ငါရယ် အခြားအသိမိတ်ဆွေ (၄) ယောက်ရယ် ...။ငါတို့ အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတယ်။ ငါတို့ နင့်ကို မေ့သွားကြတယ်…။ငါတို့က စားလို့ သောက်လို့ ပျော်လို့ပေါ့ ..။နင့်ကို မေ့နေကြတယ်..။အဲ့လိုပဲ လူတွေ နင့်ကို မေ့နေကြတယ်..။နင့်သူငယ်ချင်းတွေ၊ နင့်မိတ်ဆွေတွေ၊ နင့်ရဲ့လုပ်ဖေါ်ကိုင်ဘက် ရောင်းရင်းရဲဘော်တွေရော …။ဒီတစ်နေ့ နှစ်နေ့ လောက်တော့ သူတို့ နင့်ကို သတိရကြမှာပေါ့လေ…။နောက်တော့လည်း နင့်ကိုပြန်ပြီးမေ့လို့ ...ပျော်လို့ မော်လို့နဲ့ပေါ့……………..။
ငါ့ကို ၂၀၀၃-နိုဝင်ဘာလ၂၇မှာ မော်လမြိုင် ထောင်က လွှတ်ပေးမယ်လို့ သူတို့ ညာပြောပြီး…………. ရန်ကုန်အင်းစိန်ထောင်ကို အဝတ်တစ်တည် ကိုယ်တစ်ခုနဲ့ ငါ…… ပြန်ရောက်လာတယ်…….။
အင်းစိန်ထောင်ထဲက ငါရဲ့ မိတ်ဆွေ တစ်ချို့က ….ငါ့ကို အစားအသောက်တွေ ထောက်ပံ့ပေးကြတယ်….။ဒါပေမယ့် သူတို့ သတင်းတွေတော့ ပြောလို့မရဘူး..တဲ့……..။
နောက်တစ်နေ့ မနက်…… ၂၀၀၃ -နိုဝင်ဘာလ၂၉ ရက်-။
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၇ နှစ် နဲ့ မတရားထောင်ချခံထားရပြီး -ခုထိ…ဆက်လက် အကျဉ်းကျခံထားရတဲ့ အကျိဌေး(မဌေး)က ငါ့ကို ..(သူတို့ အပြင်ခေါ်ထုတ်ဖို့ စီစဉ်နေချိန်မှာ) လက်ကိုင်ပုဝါလေး တစ်ထည်ပေးတယ်….။
ထောင်ထဲကပြန်လွတ်တော့မှာလား..လို့ ကိုယ့်ကိုယ်ကို သို့လော..သို့လော..ထင်နေတဲ့ငါ….။
သူ့ရဲ့မျက်လုံးတွေကို ဖတ်ကြည့်ပြီး.. ဒါ --ငါ ထောင်ထဲက ပြန်လွတ်မယ့် အတိတ်နိမိတ် မဟုတ်ဘူး..လို့ ..နိမိတ်ဖတ်နိုင်ခဲ့ပေမယ့် --ငါ့အမေရဲ့ ဈာပန အခမ်းအနားကို တက်ရောက် ရလိမ့်မယ်..လို့တော့ နိမိတ်မဖတ်နိုင်ခဲ့ဘူး……။
ငါလေ အပြင်လောကကြီးနဲ့ မတွေ့ရတာ ၅ နှစ်နဲ့ ၂ လ တောင် ကြာပြီဆိုတော့ -အပြင်လောကကြီးကို ခြေချလိုက်ရတာ ခြေထောက်တွေက ကြွနေတယ် ။ သူငယ်ချင်းမိတ်ဆွေတွေကို တွေ့ရတာ ငါ ဝမ်းသာနေတယ်…။ငါလေ ..ငါရဲ့ ထောင်ရုပ်ပေါက်နေတဲ့ ရုပ်ကို အပြင်ကို ချပြလိုက်ရတာ ရှက်နေတယ်….။
အမေက သေသွားပြီလား ။အမေက ဒီဘ၀အတွက် နေတဲ့ အချိန်စေ့လို့ ဆုံးပါးခဲ့ပေမယ့်...... ရုတ်တရက်ကြီး....................အမေရဲ့ ရုပ်အလောင်းကို ကြည့်ပြီး တော့ ငါ မငိုနိုင်ခဲ့ဘူး……။
ဈာပနပြီးပြီးချင်း ငါ့ကို သူတို့ အင်းစိန်ထောင်ထဲ ပြန်ပို့လိုက်ကြတယ်။
သက်ဝင်းအောင်ရယ်…..။
ငါ့အမေ ဈာပနကို ငါ လာတွေ့ခွင့်ရတော့...နင့်အဖေက ပြောတယ်..တဲ့ ။
ဒီလိုသာ မိသားစုတွေ၊ မိတ်ဆွေတွေ့နဲ့ ပြန်တွေ့ခွင့်ရနိုင်ခဲ့မယ် ဆိုရင် -သူ့သားနဲ့ သူ့အမေ ပြန်တွေ့ဖို့ -ကျနော် သေပေးလိုက်ချင်တယ်ဗျာ…တဲ့….။
င့ါအမေကရော ....၊ ငါ အပြင်ကို ခဏလေးပဲ ရောက်ပြီး ..ပျော်ရွှင်ပါစေ။ သူ့ရဲ့ အဖေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ပါစေ ။ငါထောင်က အမြန် ပြန်လွတ်လာပြီး အပြင်ကမ္ဘာလေးမှာ ပျော်ပါစေ...ဆိုပြီး သေပေးလိုက်တာလား..ဟင်….။ သူ့ဘဝကြီးနဲ့ ငါ့ရဲ့ဘဝကို ပေးလဲလိုက်တာလားဟင်……။
ငါတို့ ဗမာပြည်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်ခွင့် မရကြဘူး…။
ငါတို့အိမ်မှာ ငါ့အမေကို ပေးလိုက်ရတယ်…။
နင်တို့ အိမ်မှာ နင့်ကိုပေးလိုက်ရတယ်…..။
ဗမာပြည်မှာ မိသားစုတိုင်း ဘ၀တွေ-အသက်တွေ ပေးဆပ်နေကြရတယ်။
ငါ့ အမေဆုံးပြီး ( ၇ ) လ နေတော့ ..ငါ ထောင်က လွတ်လာတယ်….။
ငါလေ ဘယ်သူမှ မသိအောင် အမေ့ကို တိတ်တိတ်လေး လွမ်းပြီး ငိုတယ်…။
ခုချိန်ဆို နင့်အမေလေ ..ဘယ်သူမှ မသိအောင် နင့်အတွက် တိတ်တိတ်လေး ငိုနေရောပေါ့……။ ။"
နင့်သူငယ်ချင်း-
**(ရီးငယ်)**
( အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၀)
ည သန်းခေါင်ကျော် ၁၂နာရီ ၂၀ မိနစ်
(စာရေးသူသည် မြန်မာပြည်အကျဉ်းထောင်များတွင် နှစ်ရှည် အကျဉ်းချခံခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည်။)
------------------------------------------------------------
"မန္တလေး ကျဆုံးခန်း”(စစ်ငြိမ်းဒီရေ) oct15,2010
**ဗုံတွေဆိုင်းတွေ တီးခတ်ပြီး
ညီအကိုပေါင်းများစွာရဲ့ သွေးကို
ပက်ဖျန်းခဲ့တဲ့ မြို့ဟောင်းကြီးထဲ
ဖက်ဆစ်တွေနဲ့
အတူမနေချင်တဲ့ ကြယ်လေးရေ။
မင်းကို အလေးပြုလိုက်ပါတယ် ….။
**ကဗျာဆရာတစ်ယောက်က ငိုပြီး
ပြဇာတ်ရေးဆရာတစ်ယောက်ကို
ခွေးတွေကိုက်သတ်ခဲ့တဲ့ ယဉ်ကျေးမှုကြီးထဲ
ယုံကြည်ခြင်းအဖြစ်
စွန့်လွှတ်ရဲတဲ့ ကြယ်လေးရေ...။
မင်းကို အလေးပြုလိုက်ပါတယ် ….။
**စစ်နိုင်တဲ့သူက ဘုရားပင့်ပြီး
အယဉ်ကျေးဆုံးမြေက ကျွန်တွေကို
ကယ်ထုတ်ခဲ့တဲ့ စာပို့သင်္ဘောကြီးထဲ
ငြိမ်းချမ်းရေးအတွက်
ပေးဆပ်ရဲတဲ့ ကြယ်လေးရေ...။
မင်းကို အလေးပြုလိုက်ပါတယ် …. ။ ။
(စစ်ငြိမ်းဒီရေ)
(အောက်တိုဘာလ ၁၆ ရက်နေ့တွင် မန္တလေး အကျဉ်းထောင်အတွင်း ကျဆုံးခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် (၂၆.၈.၁၉၇၁-၁၆.၁၀.၂၀၀၆) လေးနှစ်ပြည့် အမှတ်တရ။)
---------------------------------------------
"ကျောင်းသားစိတ်၊ခွပ်ဒေါင်းသွေးနဲ့အတူ ရှင်သန်သွားခဲ့သူ ရဲဘော် သက်ဝင်းအောင်”(အေးမြဇင်)
ကျောင်းသားအခွင့်အရေးမှ စတင်
တိုင်းပြည်ကောင်းရေး စနစ်ပြောင်းတိုက်ပွဲ
အားသွန်နွှဲစဉ်။
နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းထောင်စံမြန်း ထောင်ကျနေလည်း
သင့်ရဲ့ စိတ်ဓာတ် နှစ်ရှည်ထောင်မကျ
ထောင်တွင်းတိုက်ပွဲ အကြိမ်ကြိမ်နွှဲရင်း
နှိပ်စက်ခံရ အညှင်းပမ်းခံဒဏ်ကြောင့်
ခန္ဓာကိုယ်ချည့်နဲ့ ဝေဒနာသက်လည်း
တိုက်ပွဲခရီး မငြီးမငြူ တောင့်တင်းထူရင်း
ထောင်ဝင်စာအတွင်း တိုင်းရေးပြည်အကြောင်း
သတင်းပေါင်းအစုံ မေးမြန်းသည်ကအစုံ
ထောင်တွင်း အခက်အခဲ အဖုံဖုံကို
ဖွင့်ထုတ်ပြောရန် သင်ကမေ့လို့ထား
မ၀၊တ၀ အချိန်တိုအတွင်း
မိဘနှစ်ပါးနဲ့ မိတ်ဆွေအပေါင်းအား
စနစ်ကောင်းပေါ်ထွန်းဖို့အရေး အားတင်းထားကြရန်
သင့်ရဲ့ အမှာတမ်း ကျွန်ူပ်တို့ မမေ့နိုင်စွမ်းပြီမို့...
အစဉ်သတိရ ဦးညွှတ်လျက်သာ ထာဝစဉ်။
ကျောင်းသားရဲ့ စိတ် ဖြူစင်လို့ဖွေး
ခွပ်ဒေါင်းရဲ့ စိတ် ရဲရင့်တည်ကြည်
ထိုအဆင်းသဏ္ဍာန် သင့်တွင်ထင်ဟပ်
မွန်မြတ်လမ်းစဉ် သင်ကိုယ်တိုင်ကျင့်
အသက်ကို မငဲ့ သင်ပေးဆပ်ခဲ့ပြီမို့
အသင် ကျောင်းသားရဲဘော် ကောင်းရာသုဂတိသို့ လားစေသော်ဝ်။
အေးမြဇင်
(၁၆၊၁၀၊၂၀၀၉)
--------------------------------------
"ဦးညွတ်ခြင်း”(ထွဏ်းထွဏ်း-လူ့ဘောင်သစ်)
ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီ..တဲ့။
ရင်ကိုခွင်းတဲ့သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..။
သေတဲ့အထိ တိုက်တဲ့ရဲဘော်
“အကသ“ ..တဲ့။
အခုတော့မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။
ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့..စတဲ့ ကျောင်းသားတွေ..။
သူတို့ယုံကြည်တာ
စေ့စပ်ရေး ကျေအေးရေးမဟုတ် ။
အညံခံရေးမဟုတ် ။
တိုက်ပွဲဝင်ရေး
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။
အာဇာနည်တွေလေ
ပေးခဲ့တဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခပ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစ လွှင့်သူများ
သတိသာထားဗျာ။
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ် မကြံလေနဲ့။
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိ ကြုံကြရမယ်ကွယ်ရို့။ ။
ထွဏ်းထွဏ်း (လူ့ ဘောင်သစ်)
-----------------------------------
"အဖြူရောင်ငြိမ်းချမ်းရေးဝိညာဉ်သို့”(မြူးသျှရီ)
အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ
ငါ့နိုင်ငံအတွက်
ဘယ်ခရီးရောက်ရောက်
ဘယ်နည်းပေါက်ပေါက်
ငါသေချင်သေ
ငါမွဲချင်မွဲပါစေတော့
ရင်ထဲက အပူကို တွေးပူကာ မလွမ်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
ငါပြေးလေရာ လမ်းခရီးမှာ
အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့
ဒီခရီး နီးအောင်
ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)
မျက်ရည်များကို လည်စင်းခံ
သေမယ့်ရက်ကို လက်ရေချိုးလို့
ရှေ့ဆောင်လမ်းပြ
ဘဝမလှဘဲ ကြွေလွင့်ကြရသော်ငြား
လူသာသေသည် နာမည်မသေပါ…။
အာဇာနည်မျိုး သေရိုးထုံးစံမရှိပါ…..။
အဖြူလွလွ ကောင်းကင်ပေါ်က
ငြိမ်းချမ်းရေးရဲ့ ဝိညာဉ်
နှဖူးပြင် ခပ်တင်းတင်းနဲ့
ဘဝကိုဖက်နဲ့ထုပ်
ဗျာပါဒကို ခဝါချ
“ဟေ့ ..ဒါ ငါတို့နိုင်ငံအတွက်ကွ..“လို့
မိဘကို မငဲ့
မောင်နှမကို မညှာ...
သာမည ဘဝနဲ့ နံရံလေးဖက်ကြား
(၂၀၀၆) အောက်တိုဘာမှာ
ဆို့… နစ်…. ကြေကွဲစွာ…..
ဘဝကို စတေးသွား……။
သံသရာမှာ
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား
ဒီနေ့ ဒီကံ နင်ပြတ်စေ
ဒီနေ့ ဒီကံ နင်သွားစေ
မတရားသမှု နင်တို့ပြုလို့
ပန်းခြွေတဲ့ လူသတ်လက်တွေမှာ
ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်
ထောင်ဒဏ်က(၅၉)
အသက်တွင်(၃၅)။
(စစ်အာဏာရူးခွေးတွေက)
လူသားချင်း စာနာစိတ် မမွေး
တိမ်းရက် စိမ်းရက်
သတ်ရက်ကြတယ်။
ဘယ်အရာ ဘယ်အတွက်
ဘယ်အညှိုးနဲ့များ
ပြိုပျက်လို့ ရက်စက်စေခဲ့သလဲကွယ်…။ ။
အကြွေစောတဲ့ ကြယ်တစ်ပွင့်
ရင် နင့် စို့ လို့
နှမြောမိပေမယ့်
ပေးဆပ်ခဲ့တဲ့ သူ့အသွေးအသား
အဖြူရောင် သစ္စာစကားများနဲ့
အာဇာနည်စိတ်ထား
လူပင်သေသော်ငြား
နာမည်က မသေသွား။
ဒါ “ငြိမ်းချမ်းရေး ဝိညာဉ်”အတွက်အားးးး။
ဒါ…. ငါ တို့ရဲ့ အားးးးးးးးးးးးး။
လေးစားစွာဖြင့်-
(မြူးသျှရီ)
http://mueshari.blogspot.com/
---------------------------------------
"အထီးကျန်(သို့) အကသရဲ့ ကြယ်တပွင့်” (သားထူး)
သူ့အမည် မမှတ်မိ
ကျွန်တော့် အမည် သူ မသိ
သူပြောတဲ့လက်သုံးစကား
အမည်နာမ ဟာ အရေးမကြီး …။
အရေးကြီးတာက သွေးနီးဖို့ပါတဲ့…။
နှစ်ယောက်ကြားမှာ တံတိုင်းခြားပေမယ့်…
ဆန္ဒတွေက ပိုင်းမခြားပါ။
သူနဲ့ကျွန်တော် မြေလတ်သား မဟုတ်လည်း
ကျုံးရေကိုတော့ အတူသောက်ခဲ့တယ်။
ထူးအိမ်သင်ကို နှစ်ခြိုက်တဲ့ကျွန်တော်
တောင်ပြုန်းပွဲ ရထားသံကြားတိုင်း
အမေ့အိမ်သီချင်းကို ညည်းမိ။
ပြူတင်း သံတိုင်ကြားက
လရောင်လေးမြင်တိုင်း
စိုင်းထီးဆိုင်ရဲ့ လပြည့်ည
သူ..ကျွန်တော့်ကို ဆိုပြ။
နှစ်အနည်းငယ် ကြာတော့
အခန်းကျဉ်းလေးကို စွန့်ခွာ
မြို့ပြရဲ့ လမ်းမထက်မှာ…
ကျွန်တော်လေ.. ဘီးလေးကို
တယောက်တည်းစီးလို့ပေါ့ ။ ။
(မန်း နရသိန် အတွင်းမှာဆုံခဲ့သော သူငယ်ချင်း သက်ဝင်းအောင်အား တမ်းတစွာဖြင့်..)
(သားထူး)
--------------------------------------------------
"သမိုင်းနဲ့ သူရဲကောင်း”(နော်လီမိုင်)
အမှန်တရားဟာ
လှံ ဖျားမှာ ရှိချင်ရှိမယ်။
သေနတ်ပြောင်းဝ မှာ ရှိချင်ရှိမယ်။
ထောင်နှုတ်ခမ်းဝမှာ ရှိချင်ရှိမယ်။
ရန်ဘေး မှန်သမျှတွေ မငဲ့ကွက်
ဒီမိုကရေစီအရေးအတွက်
မင်း ကိုယ်ထဲမှာ
သွေးသစ်အားသစ်တွေ မွေးခဲ့တယ်။
သားကောင်း တစ်ယောက်
ကျောက်ကောင်း တစ်စေ့ တဲ့။
အမှန်တရားအတွက်
လာမယ့်ဘေး ပြေးတွေ့ လို့ 
ပြည်သူ့အတွက် ရှေ့ ဆောင်ရင်း
လှေလှော်တုန်း တက်ကျိုး
အချိန်မတန်ခင် ကံကုန် ညှိုးခဲ့ရပေမယ့်…
သူရဲကောင်း မှန်သရွေ့ 
ပြည်သူနဲ့ မြန်မာ့ သမိုင်းက ဘယ်တော့ မမေ့။
( နော်လီမိုင်)
ခုလောက်ဆို ကျမ အမေနဲ့ သက်ဝင်းအောင် ကောင်းကင်ဘုံမှာ တွေ့နေကြရောပေါ့။ မေမေကလည်း ကောင်းတာတွေ လုပ်တယ်၊ လူတွေကို ကူညီတတ်တယ်၊ သိပ်ရက်ရောတယ်၊ လှူတယ်..တန်းတယ်။

No comments:
Post a Comment