အုပ်စိုးသူနဲ့ အုပ်စိုးခံ နှစ်ဘက်စလုံး ကျေနပ်နေကြရင် တိုင်းပြည်သည် အေးချမ်း သာယာတယ်။ နှစ်ဦးနှစ်ဘက် ကျေနပ်မှု မရှိကြရင် တိုင်းပြည်မငြိမ်းချမ်း မသာယာပါဘူး။
မငြိမ်းချမ်း မသာယာလျှင် ဝိရောဓိတို့ ပဋ္ဋိက္ခတို့လည်း ဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့် အုပ်စိုးခံ လူထုကြီးက မကျေနပ်လျှင် တိုင်းပြည်မသာယာပါဘူး။ သတိထားရမည့် အချက်ကတော့ နှစ်ဦးနှစ်ဘက် ကျေနပ်မှု ရှိမှုပါပဲ။
စက်မှုနဲ့ နည်းပညာတွေ ထွန်းကားလာမှုနဲ့အတူ လူတွေရဲ့အတွေးအခေါ်တွေလည်း ပြောင်းလဲကြပါတယ်။ ပြောင်းလဲမှုနဲ့အတူ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ စံနစ်လည်း ပြောင်းကြပါတယ်။
ဒါကို သမိုင်းပညာရှင်တွေက သက်ဦးဆံပိုင် ပဒေသရာဇ် စံနစ်အစား မြေရှင်ငွေရှင်ကြီးအသိုင်းအဝိုင်းက အုပ်ချုပ်တဲ့ ခေတ်ကို ပြောင်းလဲတယ်လို့ ဆိုကြပါတယ်။ အရင်းရှင်ခေတ်ဦးလို့ နာမည်ပေးသူတွေလည်းရှိပါတယ်။ အဲဒီခေတ်မှာလည်း အုပ်စိုးသူနဲ့ အုပ်စိုးခံတို့ ကျေနပ်မှု ရှိနေကြလျှင် တိုင်းပြည်သာယာပြီး ကျေနပ်မှု မရှိကြလျှင် တိုင်းပြည်မသာယာနဲ့ မငြိမ်းချမ်းပါဘူး။
ပဋ္ဋိပက္ခတွေ ဖြစ်ကြရတာပါပဲ။ ပြည်သူတွေ မကျေနပ်လျှင် အဲဒီတိုင်းပြည်မှာ တိုက်ပွဲတို့တော်လှန်ရေးတို့ ဆိုတာ ပေါ်ပေါက်ပါတယ်။ အဲဒီခေတ်မှာလည်း သတိထားရမည့်အချက်က အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ ကျေနပ်မှုရှိကြလျှင် ပြီးတာပါပဲ။
မြေရှင် ငွေရှင်အသိုင်းအဝိုင်းနဲ့ ကိုယ်စားလှယ်တွေက အုပ်ချုပ်သူတွေ ဖြစ်ပြီး ကျန် ပြည်သူပြည်သားတွေက အုပ်ချုပ်ခံတွေ ဖြစ်ကြပါတယ်။ အုပ်ချုပ်သူ အစိုးရနဲ့ အုပ်ချုပ်ခံ ပြည်သူတွေရဲ့ ဆက်ဆံဆက်သွယ်ရေးမှာ နှစ်ဘက်စလုံးက ကျေနပ်ကြမယ်ဆိုရင် တိုင်းပြည်သာယာပြိး မကျေနပ်ကျလျှင် ပုန်ကန်မှုတွေ တိုက်ပွဲတွေရှိကြမှာပါပဲ။
ဒီတော့ နိုင်ငံရေးတွေးခေါ် ပညာရှင် အချို့က သုံးသပ်ပြီး မှတ်ချက်ချတဲ့ သဘောတရားတွေ ပေါ်ပေါက်လာခဲ့တယ်။ လူ့လောကကြီးမှာ ဆင်းရဲချမ်းသာကွာဟမှုရှိလျှင် လူတန်းစားရှိလာမယ်။ လူတန်းစားရှိလျှင် လူတန်းစား ပဋ္ဋိပက္ခရှိမယ်။
ဒါကြောင့် လူတန်းစား မရှိအောင်ဆင်းရဲချမ်းသာလည်း မရှိစေရဘူး၊ ဆင်းရဲချမ်းသာမရှိဘဲ သာတူညီမျှရှိနေလျှင် လူ့လောကမျာ ပဋ္ဋိပက္ခတွေ ချုပ်ငြိမ်းပြီး သာယာတဲ့လူ့ဘောင်ကြီး ဖြစ်လိမ့်မယ် လို့ဆိုတဲ့ သဘောတရားတွေ ပေါ်ပေါက်ခဲ့တယ်။
ဆင်းရဲချမ်းသာ မရှိ၊ လူတန်းစားမဲ့ ဝါဒသည်သာ လူ့လောကကြီးကို သာယာနိုင်တယ်ဆိုတဲ့ သဘောတရားသည် မှားယွင်းတဲ့ နိုင်ငံရေး တွေးခေါ်မှုရဲ့ အုပ်မြစ်ဖြစ်လာတယ်။ ဒီသဘောတရားသည် နှစ်ဦးနှစ်ဘက် ကျေနပ်ခြင်းဆိုတဲ့ သဘောကို ပြစ်ပယ်လိုက်လို့ဖြစ်တယ်။
ဒီမိုကရေစီဆိုတာ မကျေနပ်ခြင်းကြောင့် ပေါ်ပေါက်လာရတဲ့ လူတွေဖန်းတည်းခဲ့တဲ့ နည်းစံနစ်တခုဖြစ်တယ်။ ဘယ်ခေတ်ဘယ်စံနစ်မဆို အထက်နဲ့အောက်၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ တို့ရဲ့ ဆက်ဆံရေးမှာ မကျေနပ်စရာတွေ ရှိလာလျှင် နှစ်ဘက်စလုံးမှာ ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်နဲ့ ကြေငြာခွင့်တွေ ရှိရမယ်ဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်ပါပဲ။
လူတွေရဲ့ မကျေနပ်မှုကြောင့် ပေါ်ပေါက်လာမယ့် ပဋ္ဋိပက္ခတွေသည် ကြီးရာမှ ငယ်သွားအောင် ငယ်ရာမှ ပပျောက်သွားအောင်းကြိုးပမ်းတဲ့ နေရာမှာ ဒီမိုကရေစီသည် အစိတ်အပိုင်းတခုအဖြစ် အသုံးဝင်ပါတယ်။
ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လာလေလေ လူတွေရဲ့ မကျေနပ်မှုကြောင့် ဖြစ်ပေါ်လာမယ့် ပဋ္ဋိပက္ခကို ဖြေရှင်းနိုင်လာလေလေ ဖြစ်တဲ့အတွက် ဒီမိုကရေစီ စံနစ်သည် မုချလိုအပ်လာပါတယ်။
အကယ်၍ ဘက်နှစ်ဘက်မှာ ကျေနပ်မှုတွေ ရှိနေလျှင် ဒီမိုကရေစီဆိုတာ ကျင့်သုံးမှုနည်းပါးနေမည်မှာ သဘာဝကျပါတယ်။ ဆိုလိုတာက လူလူချင်း ကျေနပ်မှုသည် ပဓါန၊ မကျေနပ်မှသာ ထည့်သွင်းကျင့်သုံးရတဲ့ ဒီမိုကရေစီက သာမည သာဖြစ်ပါတယ်။
သို့သော်လည်း လက်တွေ့မျက်တွေ့မှာ ဒီမိုကရေစီ ကျင့်စဉ်ကို များများလက်ခံ လိုက်နာကျင့်သုံးတဲ့ နိုင်ငံတွေမှာ မကျေနပ်ချက်နဲ့ ပဋ္ဋိပက္ခတွေ နည်းပါးတာတွေ့ရပါတယ်။
မည်သို့ဆိုစေ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတို့ နှစ်ဦးနှစ်ဘက် ကျေနပ်မှု ရစေခြင်းသည်သာ တိုင်းပြည်သာယာ အေးချမ်းမည်ဆိုတာကို နည်းလည်လက်ခံဖို့ပဲဖြစ်ပါတယ်။
လူသားတွေသည် သူတို့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ လူနေမှုဘဝ ပုံစံကို သူတို့ဘာသာ ကျေနပ်မှု၊ မကျေနပ်မှု အဖြစ်ဆုံးဖြတ်ကြပါတယ်။
ဘယ်ခေတ်၊ ဘယ်စံနစ်ပဲဖြစ်ဖြစ် လူတွေကျေနပ်နေလျှင် သူတို့ဘဝသည် ပျော်ရွှင်သာယာနေပါတယ်။
ဟောင်ကောင် ကျွန်းနိုင်ငံဆိုလျှင် အင်္ဂလိပ်ကိုလိုနီအဖြစ်မှ လွတ်လပ်မှု မယူချင်လို့ ဆန္ဒပြတာတွေတောင် လုပ်ခဲ့ကြပါသေးတယ်။ ကိုယ့်လူမျိုး အချင်းချင်း အုပ်ချုပ်တာထက် သူတပါး ကျွန်ဘဝမှာ နေရတာက လူမွေးလူတောင် ပြောင်တယ်ဆိုတာ ပကတိအရှိတရားအတိုင်းနားလည် နေကြလို့ပဲ ဖြစ်ပါတယ်။
လူ့သမဂ္ဂ သာယာရေးအတွက် ကျေနပ်ဖို့ပဲ လိုပါတယ်။ လူသားတွေသည် သူတို့လိုအပ်ချက်ကို ရလျှင် ကျေနပ်ပါတယ်။
ဒါကြောင့် ပဋ္ဋိပက္ခရှိသော မငြိမ်းချမ်းသော တိုင်းပြည် တွေမှာ လူထုက ဘာကိုလိုချင်တယ်ဆိုတဲ့ အဓိကအချက်ကို သိနားလည်ဖို့က အဲဒီတိုင်းပြည်က နိုင်ငံရေးသမားတွေရဲ့ ကိစ္စဖြစ်တယ်။
မြန်မာပြည်မှာ လူထုရဲ့ လိုအပ်ချက်က ဘာလဲ၊ လတ်တလောလိုအပ်ချက်က စားဝတ်နေရေး အဆင်ပြေရေးလို့ ပြောနိုင်တယ်။ ရေရှည်လိုအပ်ချက်ကကော ဘာလဲဆိုရင် စားဝတ်နေရေးအဆင်ပြေရေးပါပဲ။ အခြေခံ စားဝတ်နေရေး အဆင်ပြေလာရင်တော့ အဆင့်မြင့် လိုအပ်ချက်ကို ဆက်ပြီးတောင်းဆိုကြမှာပါပဲ။
အခြေခံ စားဝတ်နေရေးလိုအပ်ချက်ကို ရရှိဖို့မှာ ပထမဦးစွာ ဒီမိုကရေစီတံခါးကို ဖွင့်ကြရမှာ ဖြစ်တဲ့ အတွက် ဒီမိုကရေစီ ရရှိရေး ဒို့အရေးဆိုတာ ဖြစ်လာတာပါပဲ။ ဒီတော့ ပြည်သူလူထုကျေနပ်ဖို့ အခြေခံစားဝတ်နေရေး ပြည့်စုံရန် ဖြစ်ပြီး ၊ စားယူတ်နေရေး ပြည့်စုံရန်အတွက်လည်း ဒီမိုကရေစီ လိုအပ်ပါတယ်။
အနှစ်ချုပ်ဆိုရသော် အစိုးရနဲ့ ပြည်သူကျေနပ်မှု ရရေးမှာ အခြေခံစားဝတ်နေရေးပြည့်စုံရန် ဒီမိုကရေစီ လိုအပ်သည် ဆိုတာပါပဲ။
ဒါကြောင့် ဒီမိုကရေစီတောင်းပွဲ တိုက်ပွဲတွေ လုပ်နေကြတာသည် လူတန်းစားပပျောက်ရေးတို့ ဆင်းရဲ ချမ်းသာ မရှိဘဲ တန်းတူညီမျှရေးတို့အတွက် လုံးဝ မဟုတ်ဘူးဆိုတာ နားလည်ခံယူဖို့ လိုအပ်သလို ဤခံယူချက်ဖြင့် နိုင်ငံရေးလုပ်မယ် ဒီမိုကရေစီရေး လုပ်ကြမယ်ဆိုရင် အောင်မြင်မှုရကို ရကြမှာပဲ ဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာ့ဒီမိုကရေစီရေး တောင်းပွဲ တိုက်ပွဲကို ဦးဆောင်ခေါင်းရွက်ပြုနေကြသူများသည် မည်သို့သော ခံယူချက်ဖြင့် ဦးဆောင်နေကြပါနည်း။ လူတန်းစား ပပျောက်မှ ပြည်သူတွေ ကျေနပ်မည်ဟု ယုံကြည်ပါသလား (သို့မဟုတ်) ပြည်သူတွေ အခြေခံ စားနေဝတ် ပြေလည်လျှင် ကျေနပ်ကြမည်ဟု ယုံကြည်ပါသလား။
ဒီ အချက်နှစ်ချက်ကို အတွေး အခေါ်အရ ပြတ်သားဖို့ လိုအပ်ပါသည်။
တနည်းဆိုရသော် လူတန်းစားပပျောက်ရေးအတွက် ဒီမိုကရေစီကို လိုချင်တာလား ဒါမှမဟုတ် လူထုကြီး၏ စားနေဝတ် ဖူလုံမျှတရေးအတွက် ဒီမိုကရေစီကို လိုချင်ကြတာလားဆိုတာ ပိုင်းခြားပြတ်သားစွာ နားလည်ခံယူနိုင်ပါမှ မိမိတို့ ပန်းတိုင်အတွက် နည်းဗျူဟာတွေ မဟာဗျူဟာတွေ ချမှတ်နိုင်မည် ဖြစ်ပါသည်။
ယနေ့ မြန်မာ့နိုင်ငံတွင် ပြည်သူလူထုကျေနပ်အောင် လုပ်ပေးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်ဖို့ ပင်ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံတွင် မည်သို့သော အစိုးရမျိုးပဲ တက်တက် ပြည်သူက ကျေနပ်လျှင် ပွဲပြီးပြီဟု ဆိုရပါမည်။ ပြည်သူနှင့် အစိုးရ အစိုးရနှင့် ပြည်သူ တဘက်နှင့်တဘက် ကျေနပ်ကြပြီဆိုလျှင် ကြားက မည်သည့် အတိုက်အခံ အဖွဲ့အစည်းမျိုးမှ လိုအပ်တော့ မည်မဟုတ်ပါ။
ဒီ သဘာတရားကို နားလည်လျှင် ပြည်သူ ကျေနပ်မှု ရှိအောင် စွမ်းဆောင်နိုင်မည့် အဖွဲ့အစည်းဖြစ်အောင်သာ ကြိုးပမ်းကြ ရမည် ဖြစ်ပါကြောင်း။
**ဦးဖိုးသာအောင်**
20.09.10
မြန်မာ့နိုင်ငံရေးကိုပဲ ပြောချင်ပါတယ်။ မြန်မာပြည်မှာ ရှင်ဘုရင်အုပ်စိုးတဲ့ခေတ်ကြီးကို အကြာကြီး ဖြတ်ခဲ့ရတယ်။ အုပ်စိုးသူ ရှင်ဘုရင် အသိုင်းအဝိုင်းနဲ့ အုပ်စိုးခံ ပြည်သူပြည်သား တွေသည် ကျေနပ်လိုက် မကျေနပ် လိုက်နဲ့ ပဒေသရာဇ်ခေတ်ကြီးကို ဖြတ်သန်းခဲ့ကြရပါတယ်။

No comments:
Post a Comment