လီဗာပူးလ်အသင်းသည် အီတလီစီးရီးအေကလပ် ဆမ့်ဒိုးရီးယားမှ တောင်ပံလူ ရီတိုဇိုင်ဂလာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဆမ့်ဒိုးရီးယားနှင့် စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုထားသည့် ညာတောင်ပံ ခံစစ်မှူးအား လီဗာပူးလ်အသင်း နည်းပြကြီး ရွိုင်ဟော့ဂ်ဆန်က နှစ်သက်လျက်ရှိသည်။ အသက်(၂၄)နှစ်ရှိ ဆွစ်ဇာလန် လက်ရွေးစင်သည် ယခုနှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ရာ လီဗာပူးလ်က ကစားသမား၏အေးဂျင့် ဘက်ပီဘော့ဇိုထံမှတဆင့် ချဉ်းကပ်ရန် စီစဉ်နေသေည်။ အကယ်၍ ဆမ့်ဒိုးရီးယားက နောက်တစ်ကြိမ် ကမ်းလှမ်းမှု အဆင်မပြေပါက လီဗာပူးလ်သည် ဇိုင်ဂလာနှင့် အကြိုစာချုပ်ပြီး ရာသီကုန်တွင် ပြောင်းရွှေ့ကြေး အခမဲ့ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ဇိုင်ဂလာအား လီဗာပူးလ်အပြင် ဥရောပ၏ နာမည်ရအသင်းများဖြစ်သော အီတလီထိပ်သီး ဂျူဗင်းတပ်စ်၊ ဂျာမန်ကလပ် ဟမ်းဘာ့ဂ်နှင့် ရုရှားမှ ဇင်းနစ်စိန့်ပီတာစဘာ့ဂ်တို့ကပါ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
** မန်ယူနှင့်ဆွေးနွေးနေသည့် သတင်းများအား ဘူဖွန်ငြင်းဆို **
မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် ဆွေးနွေးနေသည်ဆိုသော သတင်းများအား ဂျူဗင်းတပ်စ် ဂိုးသမား ဂီယန်လူဂီ ဘူဖွန်က ငြင်းဆိုသွားသည်။ အီတလီလက်ရွေးစင်အသင်း နံပါတ်(၁) ဂိုးသမားဖြစ်သူ ဘူဖွန်က ၎င်းသည် ယူနိုက်တက်နှင့် ချိတ်ဆက်ခြင်း မရှိသလို အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟု အတည်ပြုခဲ့သည်။ လုပ်ပွဲအရှုပ်တော်ပုံကြောင့် ဂျူဗင်းတပ်စ်အသင်း တန်းဆင်းခဲ့ရချိန်တွင်ပင် အသင်းနှင့် သစ္စာရှိရှိ အောက်တန်းထိ လိုက်ကစားခဲ့သော ဘူဖွန်က ၎င်းသည် ဂျူဗင်းတပ်စ်နှင့် စာချုပ်ထားသည့် (၂၀၁၃)ထိ အသင်းတွင် ဆက်ရှိမည်ဟု ပြောကြားသွားသည်။ “တကယ်လို့ အသင်းက ကျွန်တော့်ကို အလိုရှိရင်လည်း စာချုပ်သက်တမ်း တိုးမှာပါ”ဟု အသက်(၃၂)နှစ်ရှိ ပါးမားဂိုးသမားဟောင်းကဆိုသည်။
** တော့တင်ဟမ်အလယ်တန်းလူအား လီဗာပူးလ်နှင့် ဗီလာတို့က အပြိုင်ခေါ်ယူရန်ပြင် **
လီဗာပူးလ်အသင်းသည် တော့တင်ဟမ် ဟော့စပါး အလယ်တန်းလူ နစ်ကိုကရန်ဂျာအား ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ နည်းပြသစ် ဂျရတ်ဟူလီယာ လက်အောက်တွင် အသစ်ပြန်လည် ဖွဲ့စည်းနေသော အက်စ်တန်ဗီလာ အသင်းကလည်း ယင်းခရိုအေးရှား လက်ရွေးစင်ကို စိတ်ဝင်စားနေရာ လီဗာပူးလ်နှင့်အပြိုင် ကြိုးပမ်းလာဖွယ် ရှိနေသည်။ လက်ရှိအချိန်တွင် တန်းဆင်းဇုန်အတွင်း ကျရောက်နေသလို အသင်းတွင် ဘဏ္ဍာရေး အကြပ်အတည်းများ ကြုံတွေ့ပြီး ပိုင်ရှင်အပြောင်းအလဲ အရှုပ်အထွေးများ ရှိနေသော်လည်း နည်းပြကြီး ရွိုင်ဟော့ဂ်ဆန်က အသက်(၂၆)နှစ်ရှိ ကွင်းလယ်ဖန်တီးရှင်ကို ၀ယ်ယူနိုင်မည်ဟု မျှော်လင့်နေသည်။ ကရန်ဂျာသည် အကြွေးနွံနစ်ကာ တန်းဆင်းသွားရသည့် ပို့စ်မောက်သ်အသင်းမှ စပါးသို့ ပေါင်စတာလင် (၂)သန်းဝန်းကျင်ဖြင့် (၂၀၀၉)ခုနှစ်က ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြနိုင်ခဲ့သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** ဆမ့်ဒိုးရီးယားတောင်ပံကစားသမားအား လီဗာပူးလ်စိတ်ဝင်စားနေ **

No comments:
Post a Comment