(၀ါရှင်တန်၊ အောက်တိုဘာလ ၂၂-ရက်)
နိုင်ငံတော် သမ္မတက ကိုင်တွယ်ထိန်းသိမ်းရသော ညူကလီးယားလက်နက်များ ပစ်ခတ်ရာတွင် အသုံးပြုသည့် လျှို့ဝှက်သင်္ကေတများသည် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၏ လက်ထက်၌ လပေါင်းများစွာကြာအောင် ပျောက်ဆုံးခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးဟုဂ်ရှယ်လ်တန်က အောက်တိုဘာလ ၂၁-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
** လာမည့် ၁၂ နှစ်အတွင်း ကျားသတ္တ၀ါများ မျိုးသုဉ်းနိုင်ဖွယ်ရှိ **
(စတော့ဟုမ်း၊ အောက်တိုဘာလ ၂၂-ရက်)
ကျားသတ္တ၀ါများသည် လာမည့် ၁၂ နှစ်အတွင်း မျိုးသုဉ်းနိုင်ဖွယ်ရှိရာ လက်ရှိကျဆင်းလျက်ရှိသော ကျားကောင်ရေကို ထိန်းသိမ်းရန် ရုရှားနိုင်ငံ၌ လာမည့်လအတွင်း ထိပ်သီးညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သဘာဝသားရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးအဖွဲ့(ဒဗလျူ ဒဗလျူ အက်ဖ်)က အောက်တိုဘာလ ၂၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** လွတ်ထွက်လာသော မိကျောင်းကြောင့် ကွန်ဂို၌ လေယာဉ်ပျက်ကျခဲ့ **
(ကင်ရှာဆာ၊ အောက်တိုဘာလ ၂၂-ရက်)
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပြီးခဲ့သည့် သြဂုတ်လက ဖြစ်ပွားခဲ့သော ခရီးသည်တင်လေယာဉ်ပျက်ကျမှု၏ အဓိကအကြောင်းရင်းမှာ သားရိုင်းတိရစ္ဆာန်မှောင်ခိုသယ်ယူသူတစ်ဦး၏ အိတ်ထဲမှ လွတ်ထွက်လာသော မိကျောင်းတစ်ကောင်ကြောင့်ဖြစ်ကြောင်း လေယာဉ်ပျက်ကျမှုတွင် တစ်ဦးတည်းရှင်သန်ခဲ့သူ၏အဆိုကို ကိုးကား၍ ဒေးလီးတယ်လီဂရပ်သတင်းစာက အောက်တိုဘာလ ၂၁-ရက်နေ့တွင် ဖော်ပြသည်။ (ယူပီအိုင်)
** ဗြိတိန်ရေတပ်မတော်မှ ညူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သောင်တင် **
(လန်ဒန်၊ အောက်တိုဘာလ ၂၂-ရက်)
စကော့တလန် ကမ်းရိုးတန်းကမ်းလွန်ရေပြင်တွင် ဗြိတိန်ရေတပ်မှ ညူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း မတော်တဆမှုတစ်ခုကြောင့် သောကြာနေ့က သောင်တင်ခဲ့ကြောင်း ဗြိတိန်အာဏာပိုင်များက ပြောကြားသည်။ (အေပီ)
** စုစည်းဘာသာပြန်- အာကာကျော် **
**ညူကလီးယားလက်နက် ပစ်ခတ်ရေး လျှို့ဝှက်သင်္ကေတများ ဘီလ်ကလင်တန်၏ လက်ထက်တွင် ပျောက်ဆုံးခဲ့ **

No comments:
Post a Comment