တေလာဆွစ်ဖ်၏ အယ်လ်ဘမ်သစ် တစ်ပတ်အတွင်း တစ်သန်းကျော် ရောင်းချရမည်ခန့်မှန်းလူငယ်အဆိုတော်မလေး တေလာဆွစ်ဖ်၏ Speak Now အယ်လ်ဘမ်သစ်သည် ယခုနှစ်အတွင်း အဖွင့်အလှဆုံး အယ်လ်ဘမ်ဖြစ်လာဖွယ်ရှိကြောင်း Billboard စတူဒီယို စစ်တမ်းတွင် ဖော်ပြထားသည်။ အသက်(၂၀)အရွယ် အဆိုတော်နှင့် သီချင်းရေးဆရာမလေး၏ အယ်လ်ဘမ်သစ်ကို အေက်တိုဘာ (၂၅)ရက်နေ့က စတင်ထုတ်ဝေခဲ့ပြီးနောက် သီတင်းတစ်ပါတ်အတွင်း ကော်ပီချပ်ရေ တစ်သန်းကျော် ရောင်းချရမည်ဟု Billboardက ခန့်မှန်းထားသည်။ အနည်းဆုံး ချပ်ရေ ရှစ်သိန်းမှ ကိုးသိန်းကြား ၀ယ်ယူအားပေးမည်ဟုလည်း Billboard၏ ကြိုတင်ခန့်မှန်းချက်တွင် ပါရှိသည်။
** မန်ယူသို့ပြောင်းရွှေ့လိုကြောင်း စတီဖင်ဒီဖော ပြောကြား **
၎င်းအနေနှင့် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့်ကို မျှော်လင့်နေမိကြောင်း စတီဖင်ဒီဖောက ၀န်ခံပြောကြားလိုက်သည်။ အသက်(၂၂)နှစ်အရွယ် ဘယ်လ်ဂျီယမ် လက်ရွေးစင်က မိခင်နိုင်ငံမှ အမှတ်ပေး ပြိုင်ပွဲများကို စွန့်ခွာပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ သွားရောက်လိုကြောင်း ဖွင့်ဟခဲ့သည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ဒီဖော၏ ကစားဟန်ကို နှစ်ရှည်လများ စောင့်ကြည့်နေသလို အနာဂတ် ယူနိုက်တက်အသင်းအတွက် အားသစ်လောင်းရန် ရည်စူးထားသည်။ ဆာဖာဂူဆန်သည် အသင်းအတွက် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်ထားရန် လီဗာပူးလ်ကလည် ချိတ်ဆက်နေသည့် ပါရမီရှင် ကွင်းလယ်လူအား ပြန်လည်ကြိုးပမ်းလာဖွယ် ရှိနေသည်။ ၎င်းသည် ယမန်နှစ်က ဒီဖောအား ခေါ်ယူရန် စီစဉ်ခဲ့သော်လည်း စတန်းဒက်လိဂ်နှင့်အတူ ခြေစွမ်းပြနေသည့် ဒီဖောမှာ ဘယ်လ်ဂျီယမ် အမှတ်ပေး ပွဲစဉ်တစ်ခုတါင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးနောက် ကမ်းလှမ်းမှုကို ရုတ်သိမ်းခဲ့ရသည်။ ယခုအခါ ဒဏ်ရာပျောက်ကင်းပြီး အကောင်းဆုံး ခြေစွမ်းပြန်ရနေပြီဖြစ်သည့် ဒီဖောက စတန်းဒက်လိဂ်ကို စွန့်ခွာရန် အသင့်ရှိနေပြီဟု ပြောကြားသွားသည်။ “အသင်းကို စွန့်ခွာဖို့ ကျွန်တော့်မှာ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် မိခင်ကလပ်ကို ချစ်တဲ့စိတ်ကြောင့် ကျွန်တော်ဒီမှာ မြဲနေတာပါ။ တစ်ဖက်က စဉ်းစားတော့လည်း ကျွန်တော့်အသက် (၂၂)နှစ် ရှိနေပါပြီ။ ဒါဟာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အတွက် အနာဂတ်ကို ဆုံးဖြတ်ချက် ချရတော့မယ့် အရွယ်ပါ။ ကျွန်တော့်အနေနဲ့ ဥရောပအဆင့်ထိ စိန်ခေါ်နိုင်တဲ့ အသင်းမျိုးကို ပြောင်းကစားချင်ပါတယ်။ ယူနိုက်တက်မှာ ကစားခွင့်ရရင်တော့ စိတ်ကျေနပ်စရာ အကောင်းဆုံး ဖြစ်လာမှာပါ”ဟု ဒီဖောက ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
** FIFA Ballon d’Or ဆန်ခါတင်စာရင်းတွင် စပိန်ကစားသမား အများဆုံးပါဝင် **
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က (၂၀၁၀)ခုနှစ် FIFA Ballon d'Or ဆုအတွက် ဆန်ခါတင် (၂၃)ဦးစာရင်းကို ရွေးချယ်ဖော်ပြခဲ့ရာ ကမ္ဘာ့ချန်ပီယံ စပိန်မှ ကစားသမား (၇)ဦးထိ ပါဝင်နေကြောင်း သိရသည်။ စာရင်းတွင် ဥရောပ ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကို မက်ဒရစ်တွင် ကစားနေပြီး ကမ္ဘာ့ဖလား အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဒီယေးဂိုးဖော်လန်၊ ယမန်နှစ်က အီတလီကလပ် အင်တာမီလန်ကို ဖလား(၃)လုံး ဆွတ်ခူးစေခဲ့ပြီး နယ်သာလန်အသင်း ဗိုလ်လုပွဲထိတက်ရန် (၅)ဂိုးသွင်းပေးခဲ့သည့် ၀က်စ်လေရှနိုက်ဒါ၊ ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ဘေယန်မြူးနစ် ကစားသမား ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံးဆုရှင် ဂျာမန်လက်ရွေးစင် သောမတ်စ်မူလာတို့လည်း ပါဝင်လာသည်။ ယခင်က FIFA Ballon d'Or ဆုရရှိဖူးသူများအနက် ဘာစီလိုနာမှ အာဂျင်တီးနား ကစားသမား လီယွန်နယ်မက်ဆီနှင့် ရီးယဲလ်မက်ဒရစ်မှ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ (၂၃)ဦး စာရင်းတွင် ပါဝင်လာသော်လည်း ရီးယဲလ်တွင် ကစားနေသည့် (၂၀၀၇)ခုနှစ် FIFA Ballon d'Or ဆုရှင် ဘရာဇီးလ် ကွင်းလယ်ဗိသုကာ ရီကာဒိုကာကာမှာ ချန်လှပ်ခြင်း ခံခဲ့ရသည်။ FIFAနှင့် ပြင်သစ်မဂ္ဂဇင်းတို့သည် FIFA Ballon d'Orဆုအတွက် ရွေးချယ်မှုကို (၁၉၅၆)ခုနှစ်ကတည်း အစဉ်တစိုက် ပြုလုပ်လာခြင်းဖြစ်သည်။
** တိုက်စစ်မှူးသစ်ဘီဘီ မန်ယူအသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ **
မန်ချက်စတာ ယူနိုက်တက် အသင်းက ဈေးကြီးပေး ၀ယ်ယူထားပြီး ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများ ကြုံနေရသည့် ဘီဘီသည် အသင်းအတွက် ဗွေဆော်ဦးဂိုးကို သွင်းယူပေးလိုက်နိုင်ပြီဖြစ်သည်။ အောက်တိုဘာ (၂၆)ရက်နေ့ညက ကားလင်းဖလား ပွဲစဉ်အဖြစ် ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ၀ုလ်ဗ်ဗာဟမ်ပတန်ကို (၃-၂)ဖြင့် အနိုင်ရခဲ့ရာ ပေါ်တူဂီ လူငယ်ကစားသမားလေး ဘီဘီက ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့သည်။ အသက်(၂၀)အရွယ် ဘီဘီကို ယူနိုက်တက်က ပေါင်(၇)သန်းခန့်ဖြင့် ခေါ်ယူထားသော်လည်း ၎င်းသည် အရံအသင်းတွင်သာ အဓိက ကစားနေရသူဖြစ်သည်။ ထိုပွဲစဉ်တွင် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ဂိုးသမား နေရာအတွက် ဘန်အာမို့စ် အပါအ၀င် အရံကစားသမားများဖြင့်သာ ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။ နည်းပြ မစ်မက္ကာသီ၏ အသင်းသည် ယူနိုက်တက်၏ ဦးဆောင်မှု နှစ်ကြိမ်လုံးကို ချေပနိုင်ခဲ့သော်လည်း တတိယဂိုးကိုမူ ချေပနိုင်ခြင်း မရှိသောကြောင့် လက်ရှိချန်ပီယံတို့ ကားလင်းဖလား ကွာတားဖိုင်နယ် တက်ခွင့်ရသွားခဲ့သည်။ ယူနိုက်တက်အတွက် ဒုတိယဂိုးကို တောင်ကိုရီးယား တောင်ပံသမား ပါ့ခ်ဂျီဆန်က သွင်းယူခဲ့သည်။ ယခုနှစ်တွင် ခြေစွမ်းပျောက်ဆုံးသဖြင့် အရံခုံတွင် အထိုင်များနေသော ပါ့ခ်သည် ထိုပွဲစဉ်တွင် ထူးခြားပေါ်လွင်စွာ ခြေစွမ်းပြသွားနိုင်ခဲ့သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** တေလာဆွစ်ဖ်အယ်လ်ဘမ်သစ် ရောင်းအားစံချိန်တင်မည် ခန့်မှန်း **

No comments:
Post a Comment