လီဗာပူးလ်အသင်းသည် မန်ချက်စတာစီးတီး တောင်ပံတိုက်စစ်မှူး ရှောင်ရိုက်ဖီးလစ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ စီးတီးသို့ အင်္ဂလန် လက်ရွေးစင် ဂျိမ်းစ်မီလ်နာနှင့် စပိန်လက်ရွေးစင် ဒေးဗစ်ဆေးလ်ဗားတို့ ရောက်ရှိလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသော ရိုက်ဖီးလစ်အား လီဗာပူးလ်နည်းပြကြီး ရွိုင်ဟော့ဂ်ဆန်က လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ပေါင်(၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေသည်။ အသက်(၂၉)နှစ်ရှိ ရိုက်ဖီးလစ်သည် လီဗာပူးလ်အသင်း၏ အလိုချင်ဆုံးစာရင်းတွင် ထိပ်ဆုံးမှ ရှိနေကြောင်းလည်း Mirrorသတင်းစာက ဖော်ပြထားသည်။ ချယ်လ်ဆီးအသင်း ကစားသမားဟောင်းလည်းဖြစ်သော ရိုက်ဖီးလစ်သည် အိစ်လန်းအခြေစိုက် အသင်းတွင် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျန်ရှိသော လစာငွေကို ပေးချေပြီး အသင်းမှ ထွက်ခွာခွင့် ရရှိထားသည်။ လီဗာပူးလ်အသင်းသည် ဟော့ဂ်ဆန်မတိုင်မီ ရာဖေးလ်ဘင်နီတက်ဇ် ကိုင်တွယ်နေစဉ် (၂၀၀၅)ခုနှစ်ကလည်း ရိုက်ဖီးလစ်အား ရရှိနိုင်ရေးအတွက် ကြိုးပမ်းမှု ပြုလုပ်ခဲ့ဖူးသေးကြောင်း သိရှိရသည်။
** Men In Black ဇာတ်ကားသစ်တွင် နစ်ကိုးလ်ရှာဇင်ဂါ ပါဝင်သရုပ်ဆောင်မည် **
နစ်ကိုးလ်ရှာဇင်ဂါသည် အသစ်ရိုက်ကူးမည့် Men In Black ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။ အမေရိကန် အမျိုးသမီး အဆိုတော်အဖွဲ့ Pussycat Dollsမှ အဖွဲ့ဝင်ဖြစ်သူ နစ်ကိုးလ်သည် အဆိုပါ ဇာတ်ကားတွင် ဗီလာမိန်းကလေးတစ်ဦး ဇာတ်ရုပ်၌ ပါဝင်သရုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းများကဆိုသည်။ ယခင် ဇာတ်ကားများကဲ့သို့ပင် ၀ီလ်စမစ်သ်၊ တွမ်မလီဂျုံးစ်တို့အပြင် ဂျော့ရှ်ဘရိုလင်းပါ ယခုဇာတ်ကားသစ်၌ ပါဝင်သွားမည်ဟုလည်း သိရသည်။ နစ်ကိုးလ်သည် လီလီခေါ် အမျိုးသမီး မိစ္ဆာတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဟု E! Onlineသို့ ပြောကြားသွားသည်။ “လီလီရဲ့ ဇာတ်ရုပ်က အသေးစား ဗီလိန်စရိုက်မျိုးပါ။ ကျွန်မကတော့ စိတ်လှုပ်ရှားမိတယ်။ ဒီဇာတ်ကားမှာ ကျွန်မအများကြီးတော့ နေရာရထားတာ မဟုတ်ပါဘူး။ အခန်းနည်းနည်း ပါပြီးရင် သေရမှာပါ”ဟု နစ်ကိုးလ်က ရယ်ရယ်မောမော ပြောကြားသွားသည်။ 3Dနည်းပညာဖြင့်ပါ ရိုက်ကူးမည့် ယင်းဇာတ်ကားသည် (၂၀၁၂)တွင် ရုံတင်နိုင်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။
** အချစ်ရေးခံစားချက်များအား ရီဟန်နာဖွင့်ဟ **
ခရစ်ဘရောင်းနှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် သူမအနေနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သော်လည်း ဖြေသိမ့်နိုင်ခဲ့ကြောင်း ရီဟန်နာက ပြောကြားလိုက်သည်။ Umbrella စတား R&B ဂီတ အဆိုတော်မလေးသည် (၂၀၀၉)ခုနှစ်၊ ဖေဖော်ဝါရီလက ဘရောင်းနှင့် ခိုက်ရန်ဖြစ်ပွားပြီး မျက်နှာတွင် ဒဏ်ရာများ ရရှိခဲ့သလို ထိုကိစ္စကြောင့် သူမတို့နှစ်ဦး လမ်းခွဲခဲ့ကြရသည်။ ဘရောင်းမှာလည်း အကြမ်းဖက် တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရသည်။ (ရီဟန်နာနှင့် ခရစ်ဘရောင်း) “အဲဒီအကြောင်း ပြန်စဉ်းစားလိုက်ရင် တစ်ကိုယ်လုံး သွေးတွေမရှိတော့သလိုပဲ”ဟု ရီဟန်နာကဆိုသည်။ အသက်(၂၂)နှစ်ရှိ အဆိုတော်မလေးက “အဲဒီဖြစ်ရပ်က ကျွန်မဘ၀မှာ အပြောင်းအလဲ တော်တော်များများ ဖြစ်စေခဲ့ပါတယ်။
** ဝတ္တရားပျက်ကွက်မှုအတွက် မဲလ်ဂစ်ဘ်ဆန် တရားရင်ဆိုင်ရမည် **
ဟောလီးဝုဒ် မင်းသားကြီး မဲလ်ဂစ်ဘ်ဆန်တစ်ယောက် ၀တ္တရားပျက်ကွက်မှုအတွက် ထောင်ဒဏ်ကျခံရမည့် အနေအထားမျိုး ကြုံနေရကြောင်း သိရသည်။ အသက်(၅၄)နှစ်ရှိ ဂစ်ဘ်ဆန်သည် ချစ်သူဟောင်း အော့ဆာနာ ဂရီဂိုရီယာက ၎င်းနှင့်ရခဲ့သည့် သမီးလေးအတွက် ကလေးစရိတ်ပေးရန် ပျက်ကွက်ကြောင်း စွပ်စွဲမှုကို ကြုံနေရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ကျခံရဖွယ် ရှိနေသည်။ တရားရုံးက We Were Soldiers မင်းသားကို ကလေးစရိတ် တစ်လလျင် ဒေါ်လာနှစ်သောင်းပေးရန် အမိန့်ချထားပြီး ယခုစွပ်စွဲမှု မှန်မမှန်ဆိုသော အချက်အား နိုဝင်ဘာ (၁၀)ရက်နေ့တွင် ကြားနာသွားမည်ဖြစ်သည်။ Radar Onlinmeက ဂစ်ဘ်ဆန်သည် အော့ဆာနာအား ကလေးစရိတ် အပြည့်အ၀ပေးရန် ပျက်ကွက်ခဲ့ကြောင်းနှင့် တစ်လလျင် ဒေါ်လာငါးထောင်နှင့် တစ်သောင်းစီသာ ပေးခဲ့ကြောင်း ဖော်ပြထားသည်။ အော့ဆာနာ၏ရှေ့နေ လီဆာဘလွမ်းက ဂစ်ဘ်ဆန်သည် ဖခင်တစ်ဦး၏ ၀တ္တရား ပျက်ကွက်ခဲ့ပြီး အော့ဆာနာကိုလည်း လေးစားမှုမရှိဟု စွပ်စွဲသွားသည်။ ဒေါ်လာ သန်း(၆၀၀)မျှ ကြွယ်ဝကြောင်း သတင်းထွက်နေသည့် ဂစ်ဘ်ဆန်သည် အော့ဆာနာအား ဗိုလ်ကျလိုသဖြင့် ယခုလို ပြောပလောက်ခြင်း မရှိသော ငွေကြေးပမာဏကို ပေးချေရန် ပျက်ကွက်နေခြင်းဟု လီဆာကဆိုသည်။ ဂစ်ဘ်ဆန်ကမူ ၎င်းသည် အော့ဆာနာအား ငွေကြေးအပြည့် မပေးခဲ့ဆိုသော သတင်းများအား ငြင်းဆိုထားရာ တရားသူကြီးက ယင်းကိစ္စကို ၀င်ရောက် ဆုံးဖြတ်ပေးရဖွယ် ရှိနေကြောင်း သိရှိရသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
* *မန်စီးတီးတောင်ပံတိုက်စစ်မှူး ရိုက်ဖီးလစ်အား လီဗာပူးစိတ်ဝင်စား **

No comments:
Post a Comment