နာပိုလီအသင်းမှ ကွင်းလယ်လူ မာရက်ခ်ဟမ်ဆစ်ခ်က မန်ချက်စတာ ယူနိုက်တက်အသင်းကို ငြင်းဆန်နိုင်ရန်မှာ ခက်ခဲလွန်းကြောင်း ၀န်ခံပြောကြားခဲ့သည်။ အီတလီ စီးရီးအေတွင် ခြေစွမ်းပြနေသည့် အသက်(၂၃)နှစ်အရွယ် ဆလိုဗက်ကီးယား လက်ရွေးစင် ကွင်းလယ်ဗိသုကာအား ဥရောပထိပ်တန်း ကလပ်အသင်း အတော်များများက စိတ်ဝင်စားနေပြီး ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကလည်း စောင့်ကြည့်နေသည်။ ဟမ်ဆစ်ခ်က အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ကစားခွင့်ရမည်ဆိုပါက မိမိအတွက် အကြီးကျယ်ဆုံး ဂုဏ်ပြုမှုတစ်ခု ဖြစ်လာမည်ဟု RAI Sportသတင်းဌာနသို့ ပြောကြားသွားသည်။ “ယူနိုက်တက်က ကျွန်တော့်ကို ခေါ်ချင်တယ်ဆိုတဲ့ သတင်းတွေအတွက် ကျေနပ်မိပါတယ်။ သူတို့က ကျွန်တော့်ကို တိုက်ရိုက်ကမ်းလှမ်းလာတာမျိုး မရှိသေးဘူး ဆိုရင်တောင်မှပေါ့”ဟု ဟမ်ဆစ်ခ်ကဆိုသည်။
** မန်ယူသို့ပြောင်းရွှေ့လိုကြောင်း စတီဖင်ဒီဖော ပြောကြား **
၎င်းအနေနှင့် မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့်ကို မျှော်လင့်နေမိကြောင်း စတီဖင်ဒီဖောက ၀န်ခံပြောကြားလိုက်သည်။ အသက်(၂၂)နှစ်အရွယ် ဘယ်လ်ဂျီယမ် လက်ရွေးစင်က မိခင်နိုင်ငံမှ အမှတ်ပေး ပြိုင်ပွဲများကို စွန့်ခွာပြီး အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ သွားရောက်လိုကြောင်း ဖွင့်ဟခဲ့သည်။ ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ဒီဖော၏ ကစားဟန်ကို နှစ်ရှည်လများ စောင့်ကြည့်နေသလို အနာဂတ် ယူနိုက်တက်အသင်းအတွက် အားသစ်လောင်းရန် ရည်စူးထားသည်။ ဆာဖာဂူဆန်သည် အသင်းအတွက် အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်ထားရန် လီဗာပူးလ်ကလည် ချိတ်ဆက်နေသည့် ပါရမီရှင် ကွင်းလယ်လူအား ပြန်လည်ကြိုးပမ်းလာဖွယ် ရှိနေသည်။
** FIFA Ballon d’Or ဆန်ခါတင်စာရင်းတွင် စပိန်ကစားသမား အများဆုံးပါဝင် **
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က (၂၀၁၀)ခုနှစ် FIFA Ballon d'Or ဆုအတွက် ဆန်ခါတင် (၂၃)ဦးစာရင်းကို ရွေးချယ်ဖော်ပြခဲ့ရာ ကမ္ဘာ့ချန်ပီယံ စပိန်မှ ကစားသမား (၇)ဦးထိ ပါဝင်နေကြောင်း သိရသည်။ စာရင်းတွင် ဥရောပ ယူရိုပါလိဂ် ချန်ပီယံ အက်သလက်တီကို မက်ဒရစ်တွင် ကစားနေပြီး ကမ္ဘာ့ဖလား အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဒီယေးဂိုးဖော်လန်၊ ယမန်နှစ်က အီတလီကလပ် အင်တာမီလန်ကို ဖလား(၃)လုံး ဆွတ်ခူးစေခဲ့ပြီး နယ်သာလန်အသင်း ဗိုလ်လုပွဲထိတက်ရန် (၅)ဂိုးသွင်းပေးခဲ့သည့် ၀က်စ်လေရှနိုက်ဒါ၊ ယမန်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ဘေယန်မြူးနစ် ကစားသမား ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံးဆုရှင် ဂျာမန်လက်ရွေးစင် သောမတ်စ်မူလာတို့လည်း ပါဝင်လာသည်။ ယခင်က FIFA Ballon d'Or ဆုရရှိဖူးသူများအနက် ဘာစီလိုနာမှ အာဂျင်တီးနား ကစားသမား လီယွန်နယ်မက်ဆီနှင့် ရီးယဲလ်မက်ဒရစ်မှ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ (၂၃)ဦး စာရင်းတွင် ပါဝင်လာသော်လည်း ရီးယဲလ်တွင် ကစားနေသည့် (၂၀၀၇)ခုနှစ် FIFA Ballon d'Or ဆုရှင် ဘရာဇီးလ် ကွင်းလယ်ဗိသုကာ ရီကာဒိုကာကာမှာ ချန်လှပ်ခြင်း ခံခဲ့ရသည်။ FIFAနှင့် ပြင်သစ်မဂ္ဂဇင်းတို့သည် FIFA Ballon d'Orဆုအတွက် ရွေးချယ်မှုကို (၁၉၅၆)ခုနှစ်ကတည်း အစဉ်တစိုက် ပြုလုပ်လာခြင်းဖြစ်သည်။
** ခန္ဓာကိုယ်အချိုးအစားအတွက် အစားမလျှာ့တဲ့ ဂျူလီယာရောဘတ်စ် **
ဝမည်ကို စိုးရိမ်သဖြင့် အစားလျှော့မှုမျိုး လုံးဝမလုပ်ကြောင်း ဂျူလီယာ ရောဘတ်စ်က ပြောကြားလိုက်သည်။ ကလေး(၃)ဦး၏ မိခင်ဖြစ်သူ Pretty Woman ရုပ်ရှင်စတားက သူမသည် သွယ်လျသော ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းနိုင်ရန် အစားလျှော့စားခြင်းမျိုးအတွက် ၀ါသနာ မပါကြောင်း ပွင့်ပွင့်လင်းလင်းပင် ၀န်ခံခဲ့သည်။ “ကျွန်မက အသက်လည်း ကြီးနေပါပြီ။ ဆွဲဆောင်မှု ပြင်းပြင်းပြပြ ဇာတ်ရုပ်မျိုးတွေအတွက် သိပ်စိတ်မဝင်စားတော့သလို ခန္ဓာကိုယ် ထိန်းသိမ်းဖို့ အစားလျှော့တာမျိုးလည်း မလုပ်ချင်တော့ဘူး။ ဒါပေမယ့် ကံကောင်းတာက ကျွန်မ အရမ်းတော့ ဝနေတာမျိုး မဖြစ်တာပဲ။ ဇာတ်ကားတွေ ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပိန်နေတယ်ပဲ ထင်ပါတယ်”ဟု Eat Pray Love ဇာတ်ကားတွင် အဓိက ဦးဆောင်ပါဝင်ထားသည့် အသက်(၄၂)နှစ်အရွယ် မင်းသမီးကဆိုသည်။
** ပထမဆုံး ရုပ်ရှင်ကားကြီးရိုက်ကူးတော့မည့် သီရိရှင်းသန့် **
အယ်လ်ပိုင်းသောက်ရေသန့်တွင် တာဝန်ထမ်းဆောင်နေရင်း အနုပညာအလုပ်များလုပ်ကိုင်နေသူ အယ်လ်ပိုင်းအိန်ဂျယ်တစ်ဦးဖြစ်သည့် မော်ဒယ်သီရိရှင်းသန့်သည် ကြော်ငြာများနှင့် အကျိုးပြုသီချင်းများရိုက်ကူးရာမှ ယခုလအလယ်ပိုင်းတွင် ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးမည့် "ပန်းကြာဝတ်မှုန်" ရုပ်ရှင်ဇာတ်ကားကြီးတွင် ပထမဆုံးအကြိမ် ပါဝင်ရိုက်ကူးတော့မည်ဖြစ်ကြောင်း ပြောသည်။ "ဒီဝတ္ထုက နာမည်ကြီးဝတ္ထုပါ။ အခုရိုက်ရတော့မယ်ဆိုတော့ ကားရိုက်နဲ့ ကြော်ငြာအားတဲ့အချိန် ဖတ်နေပါတယ်။ သူငယ်ချင်းငါးယောက်ထဲက ခင်ခင်ဆိုတဲ့ တစ်ယောက်နေရာက ပါဝင်ရမှာပါ။ ၁၉၈၀ ၀န်းကျင်က တက္ကသိုလ်ကျောင်းသူ အပြင်အဆင်တွေ၊ သနပ်ခါးကအစ ဘယ်လိုလိမ်းကြမလဲ၊ နောက်ပြီး ကလောဘက်ကိုလည်းသွားမယ်ဆိုတော့ ၀တ်ရမယ့်ဆွယ်တာတွေက ခုခေတ်ပုံစံလည်းဝတ်လို့မရဘူး။ သေချာလေးပြင်ဆင်ပြီး စာရင်းပြုစုနေပါတယ်။ ဒါရိုက်တာကလည်း အထူးကြိုးစားဖို့ပြောပါတယ်။ သမီးမှားသွားမှာ ကြောက်ပါတယ်" ဟု ပန်းကြာဝတ်မှုန်ဇာတ်ကားတွင် သရုပ်ဆောင်ရတော့မည့် သီရိရှင်းသန့်ကပြောသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **
** မန်ယူမှကမ်းလှမ်းလာလျှင် ငြင်းဆန်ရန်ခက်ဟု နာပိုလီကွင်းလယ်လူပြောကြား **

No comments:
Post a Comment