***နိဗာန်ဆော် သဘော**
နိုင်ငံတကာ အင်ဂျီအို အဖွဲ့အစည်းတွေဆိုတာက ဘေးအန္တရာယ် ကျရောက်လို့ အကူအညီ လိုအပ်နေသူများနဲ့ အကူအညီပေးတဲ့ အလှူရှင်အကြား ဆက်သွယ်ပေါင်းကူးပေးတဲ့ နိဗာန်ဆော် သဘောမျိုး အလုပ်တွေ လုပ်တာဖြစ်ပါတယ်။ လောကမှာ ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဒွန်တွဲလာတတ်မြဲ သဘာဝအတိုင်း နိဗာန်ဆော် အစစ်အမှန်တွေရှိသလို အတုတွေလည်း ရှိလာပါတယ်။ အတုတွေက မျောက်ပြဆန်တောင်း သလို၊ ဒုက္ခသည်တွေရှာ၊ အကျိုးအကြောင်း ပုံကြီးချဲ့ပြီး သနားလောက်အောင်ရေး၊ ပြီးတော့ ဒီဒုက္ခသည်ကို ကူညီဖို့ ဘယ်လိုစီမံချက်တွေ ချပြီး ဘာတွေ လုပ်ပါမယ်ဆိုတဲ့ ပရိုပိုဆယ် ဆိုတာတွေရေး ပိုက်ဆံတောင်းတာဖြစ်တယ်။ ပိုက်ဆံရလာတော့ တစ်ကျပ်ဖိုးလောက်လုပ်ပြပြီး တစ်ရာဖိုးလောက် အိတ်ထဲထည့်လိုက်ကြတာပါပဲ။
**ကိုယ့်အလုပ်ကိုယ် မလုပ်လို့**
စောစောက မေးခွန်းမေးတဲ့ ဂျာနယ်လစ် လူငယ်ပြောတဲ့ ကိစ္စကလည်း အဲဒီမျောက်ပြဆန်တောင်း နည်းတွေထဲက တစ်ခုဖြစ်တယ်။ ဂျာနယ်တွေက လူငယ်တွေကို ဂျာနယ်လစ်ဇင် သင်တန်းဆို ခေါ်ပေးပြီး သူတို့အလုပ်တွေ ဇွတ်ကြီး ၀ါဒဖြန့် ခိုင်းတယ်လို့ ယူဆပြီး မကျေမနပ် ဖြစ်နေတာပါ။ အလုပ်တစ်ခု၊ စီမံချက်တစ်ခုပြပြီး ပိုက်ဆံရှာတာက အင်ဂျီအိုတွေရဲ့ သဘာဝလေ။ သူတို့အလုပ် သူတို့လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်နေရာမှာကိုယ် မနေတဲ့ ဂျာနယ်သမားတွေကိုသာ ပြောရမှာပါ။ ဂျာနယ်သမားဆိုတာ ဂျာနယ်သဆားဆိုတဲ့ ဂုဏ်သိက္ခာကိုတော့ ထိန်းရမှာပေါ့။ ဘာမျ မဆီမဆိုင် အင်ဂျီအိုကဖွင့်တဲ့ ဂျာနယ်လစ်ဇင် သင်တန်းဆိုတာကို ပို့ချသူက ဘယ်လောက်တော်တဲ့ ဂျာနယ်လစ်မှန်းလည်း သိရတာ မဟုတ်ဘဲနဲ့၊ နိုင်ငံခြားသား ဆိုတာနဲ့ အထင်ကြီးပြီး သွားတက်ကြသူတွေကိုပဲ အပြစ်တင်စရာ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆန္ဒအလျောက်သွားပြီး မျောက်အဖြစ်ခံသူတွေမှာပဲ အပြစ်ရှိပါတယ်လို့ ဖြေခဲ့တာဖြစ်တယ်။
**ခိုင်းရလို့ ခိုင်းတာ**
ဂျာနယ်သမားက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး၊ ကိုယ့်နေရာ ကိုယ်နေကြရင် ဘာပြဿနာမှ ပေါ်စရာ မရှိပါဘူး။ ဟိုအရင် လေးငါးဆယ်နှစ်လောက်တုန်းကလည်း အလားတူ ခပ်ဆင်ဆင် မေးခွန်းမျိုး ဖြေခဲ့ဖူး ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ မင်းသမီး မင်းသားတွေက ဂျာနယ်ကို ဖုန်းဆက်ခေါ်ပြီး သတင်းထည့်ခိုင်းတာတို့ ဖိတ်စာဝေခိုင်းတာတို့နဲ့ ပတ်သက်ပြီး စိတ်ထဲ ကသိကအောင် ဖြစ်နေသူတစ်ယောက်က မေးခဲ့တာပါ။ အဲဒီတုန်းကလည်း အခုဖြေသလိုပဲ ဂျာနယ်သမားတွေကိုသာ အပြစ်တင်ရမှာပဲလို့ ဖြေခဲ့ပါတယ်။ ဟုတ်တယ်လေ ဂျာနယ်သမားက ကိုယ့်သိက္ခာနဲ့ ကိုယ်နေရင် ဘယ်သူက ဖုန်းဆက်ခေါ်ရဲမှာလဲ။ ခိုင်းလို့ရတဲ့လူမို့ ခိုင်းတာပေါ့။
သိက္ခာထိန်းဖို့ လိုတယ်
အလုပ်ဆိုတာ ဘာအလုပ်ပဲ ဖြစ်ဖြစ်၊ သူ့ဂုဏ်သိက္ခာနဲ့ သူရှိပါတယ်။ လူတစ်ယောက်အနေနဲ့ ပြင်ပမှာ ဘယ်လိုပဲနေနေ၊ အလုပ်ခွင်မှာ အလုပ်နဲ့ ပတ်သက်လာရင်တော့ အလုပ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုပါတယ်။ ဘာမှန်းညာမှန်းမသိ၊ လက်ဖျောက်တီး ခေါ်တိုင်း သွားဖို့သင့်တာမဟုတ်ဘူး။ သတင်းစာ ဂျာနယ်အလုပ်ဆိုတာ ကြော်ငြာလုပ်ငန်း မဟုတ်ဘူး၊ ပီအာ လုပ်ငန်းမဟုတ်ဘူး။ ဘယ်သူ့ကိုမှ မြေတောင် မြှောက်ပေးဖို့ မဟုတ်ဘူး။ ပေါင်းကူးဆက်သွယ်ပေးဖို့ တာဝန်မရှိဘူးလို့ အကြိမ်ကြိမ်း ရေးခဲ့ဖူးပါတယ်။ သတင်းပေးတာနဲ့ ကြော်ငြာပေးတာ လုံးဝမတူပါဘူး။ ကြော်ငြာကို သတင်းလိုလုပ်ရေးရင် စာနယ်ဇင်း၊ အာပတ်သင့်ပါတယ်။ သတင်းသမားဆိုတာ ဖျော်ဖြေရေးသမားတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေရဲ့ လက်ကိုင်တုတ်လည်း မဖြစ်ရပါဘူး။ အစိုးရရဲ့ အလိုတော်ရိလည်း မဖြစ်ရပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ မျက်နှာကိုသာ အမြဲတမ်း ကြည့်နေရမှာ ဖြစ်ပါတယ်။
ရွှေသမင် ဘယ်ကထွက်
ဂျယ်နယ်တွေက လူငယ် လုံမငယ်လေးတွေ ရောက်လာကြတိုင်း သူတို့ကို လူတွေက အထင်သေးတဲ့ အကြည့်နဲ့ အထင်သေးတဲ့ အပြောတွေနဲ့ ဆက်ဆံကြပုံတွေကို မခံချည့် မခံသာ ရင်ဖွင့် ပြောကြား တတ်ကြပါတယ်။အဲဒီအခါ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလို၊ ကိစ္စ အတော်များများမှာ ဂျာနယ်သမားတွေ ကိုယ်တိုင်က ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်မထိန်းလို့ အနေမတတ်၊ အထိုင်မတတ်လို့ ဖြစ်ကြရတာကြောင့် ဘာမှ မတတ်နိုင်တဲ့အကြောင်း ပြောရပါတယ်။ အင်ဂျီအိုက လူတွေကသာ ဂျာနယ်တိုက်တွေကိုလာပြီး သတင်းပေးပုံ၊ သတင်းရေးပုံတွေ သင်ယူရမှာလေ၊ ကိုယ်က အထင်ကြီးလေးစားအောင် မနေလို့သာ၊ ဒီလူတွေ ဂျာနယ်လစ်သာ လုပ်နေကြတာ ဘာမှတတ်ကြတာ မဟုတ်ဘူး သနားစရာ ကောင်းလိုက်တာ လို့ သဘောထားပြီး သင်တန်းခေါ် ပေးကြတာဖြစ်တယ်။
**တာဝန်ခံနိုင်သူ ဖြစ်ပါစေ**
အသစ်အသစ် ၀င်လာကြတဲ့ ကလေးတွေ ဘာသင်တန်းမှ မတက်ရလို့ဘာမှ မတတ်ကြသေးတာ မှန်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားတတ်ရင် ဒီလိုဘာမှ မတတ်သေးတဲ့ ကလေးတွေကို သတင်းထောက် နာမည်တပ်ပေးပြီး ကိုယ့်တိုက်ကိုယ်စားအပြင်ကို မလွှတ်သင့်ဘူး။ အလုပ်သင်အဖြစ် တိုက်မှာပဲ ထားသင့်တယ်။ သင်တန်းတွေပေး လေ့ကျင့်စေသင့်တယ်။ မြန်မာလူငယ်တွေကို သင်ကြားပြသပေးနိုင်တဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ တကယ်တော့ နိုင်ငံခြားသားသင်တဲ့ သတင်းစာပညာက မြန်မာနိုင်ငံမှာ လက်တွေ့အသုံးချလို့ မရပါဘူး။ သတင်းစာတိုက် ဂျာနယ်တိုက်တစ်ခုခုကို ကိုယ်စားပြုတဲ့ တိုက်ကိုယ်စား အစစအရာရာ တာဝန်ခံနိုင်ငသဖြစ်စေ ရပါမယ်။ တာဝန်ခံနိုင်လောက်တဲ့ အရည်အချင်းနဲ့သာ ပြည့်စုံနေပါစေ၊ ဘယ်သူမှ အထင်သေး နှိမ့်ချမလုပ်ဝံ့ပါဘူး။ အခုတော့ တိုက်တွေ ကိုယ်တိုင်က ပါမောက္ခကြီးတစ်ယောက်၊ ညွှန်းချုပ်ကြီး တစ်ယောက်ကို သွားတွေ့မေးမြန်း သတင်းယူ လွှတ်လိုက်တာက ဘာမှ နာမလည်သေးတဲ့ စကတ်တိုနဲ့ မော်ဒယ်ဂဲ ဖြစ်နေတတ်တယ်လေ။
**ဘယ်သူမပြု မိမိမှု**
မယုံမရှိနဲ့ ကိုယ်တွေ့မို့ ပြောတာပါ။ မိတ်ဆက်ပေးပါဆိုလို့ ပါမောက္ခကြီးတစ်ယောက်နဲ့ မိတ်ဆက်ပေး၊ ချိန်းချက်ပေးလိုက်ပါတယ်။ လွှတ်လိုက်သူက စောစောက ပြောတဲ့ မော်ဒယ်ဂဲ ဖြစ်နေလို့ ဆရာကြီးက စိတ်ဆိုးလိုက်တာလေ။ တော်တော်တောင်းပန်လိုက်ရတယ်။ ချိန်းထာချိန်တဲ့ အများကြီး နောက်ကျရောက်လာတဲ့ မော်ဒယ်ဂဲကို ဆရာကြီးက တွေ့ဆုံ မေးမြန်းခွင့် မပြုလိုက်ပါဘူး။ ဒီကိစ္စကို ကလေးတွေထက် လွှတ်လလိုက်တဲ့ အယ်ဒီတာကိုပဲ အပြစ်ပြောချင်ပါတယ်။ ဟစ်ဟော့ မင်းသားနဲ့ တွေ့ဖို့ လွှတ်တဲ့သူမျိုးကို ပါမောက္ခကြီးဆီ လွှတ်တာကတော့ တော်တော်ကို မသိနားမလည်ရာကျပါတယ်။ ဒီကိစ္စလောက်က သတင်းစာသင်တန်းတက်မှ သိရမဲ့ ကိစ္စမျိုး မဟုတ်ပါဘူးမြန်မာ့လူမှုယဉ်ကျေးမှုအရကို သိနေရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ ဒီလို မသိနားမလည်မှုတွေနဲ့ ဒီလို ပေါ့ပျက်ပျက် လုပ်ရပ်မျိုးတွေကြောင့် ဂျာနယ်နဲ့ ဂျာနယ်သမားတွေကို အထင်သေးရတာမဟုတ်ဘူး။ ငွေကြေး အရှိန်အ၀ါ၊ ဂုဏ်ပါဝါတွေနဲ့လည်း ဖန်တီးယူလို့ မရဘူး ကိုယ်တိုင်က လူတကာ ခန့်ညားရိုသေအောင်နေမှ ရိုသေ လေးစားလာမှာ ဖြစ်တယ်။ ဘယ်သူမပြု မိမိမှုဆိုတဲ့ စကားအရှိသား မဟုတ်လား။
** လူထုဦးစိန်ဝင်း **
(လူထုရနံ့စာစုများမှ ၁၅၊ ၈၊ ၂၀၀၉)
မကြာမီလေးကပဲ ဂျယ်နယ်တစ်စောင်က လူငယ်တစ်ယောက် ရောက်လာပြီး၊ အင်ဂျီအိုလို့ ခေါ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက ဂျာနယ်တွေကို ခုတုံးလုပ် အသုံးချနေကြတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ အသုံးချသူရဲ့ အပြစ် မဟုတ်ဘူး သွားပြီး အသုံးချခံသူရဲ့ အပြစ်လို့ ဖြေလိုက်ပါတယ်။

No comments:
Post a Comment