(မော်စကို၊ ဒီဇင်ဘာလ ၁၆ ရက်)
ရုရှားရေနံလုပ်ငန်းရှင်သူဌေးကြီး မီခေးလ်ခိုဒေါ့ကိုစကီးအား ပြစ်ဒဏ်စီရင်ချက်ချမှတ်ခြင်းကို ကနဦးအနေဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ရာမှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်း အင်တာဖက်စ် သတင်းဌာနက ထုတ်ပြန်သည်။ ခိုဒေါ့ကိုစကီးအား ပြစ်ဒဏ်စီရင်ချက်ချမှတ်မှုကို ဆိုင်းငံ့ခဲ့ရခြင်းနှင့် ပတ်သက်၍ မော်စကိုတရားရုံးက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ခိုဒေါ့ကိုစကီးသည် ဖျက်သိမ်းလိုက်ရပြီဖြစ်သော ယူကော့စ်ရေနံကုမ္ပဏီ၏ အကြီးအကဲဟောင်းဖြစ်ပြီး တစ်ချိန်တစ်ခါက ရုရှားနိုင်ငံတွင် အကြွယ်ဝဆုံးပုဂ္ဂိုလ်အဖြစ် ထင်ရှားခဲ့သည်။ ၀န်ကြီးချုပ် ဗလာဒီမာပူတင်အား အပြင်းအထန်ဝေဖန်လေ့ရှိခဲ့သူ ခိုဒေါ့ကိုစကီးသည် ရေနံ ၂၁၈ တန် ခိုးယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ (အင်တာနက်)
** သွေးကင်ဆာရောဂါအတွက် သွေးအစားထိုး ကုသခဲ့သော လူနာသည်ခုခံအားကျဆင်းမှု
ှုရောဂါပါ ပျောက်ကင်းခဲ့ဖွယ်ရှိ **
(ဘာလင်၊ ဒီဇင်ဘာလ ၁၆ ရက်)
ဂျာမနီနိုင်ငံ ဘာလင်မြို့နေ အမေရိကန်နိုင်ငံသား တစ်ဦးသည် သွေးကင်ဆာရောဂါခံစားနေရခြင်းကြောင့် သွေးအစားထိုး ကုသမှု ခံယူပြီးနောက် ၄င်းတွင် ရှိသော ခုခံအားကျဆင်းမှုရောဂါ (အေအိုင်ဒီအက်စ်)မှာ မမျှော်လင့်ဘဲ ပျောက်ကင်းသွားပုံရကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အာဖဂန်နစ္စတန်စစ်မြေပြင်၌ လက်နက်ကိုင်အုပ်စု အရေအတွက် ပိုများလာကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ပြောကြား **
(ကဘူ၊ ဒီဇင်ဘာလ ၁၆ ရက်)
အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း၊ တိုက်လိုက်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသော အာဖဂန်လက်နက်ကိုင်အုပ်စုအရေအတွက်သည် ပိုမိုတိုးမြင့်လာကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် သတိပေးပြောကြားသည်။ အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ဒေသတိုင်းကို သွားရောက်ခွင့်ရှိခြင်းနှင့် တာလီဘန်သို့မဟုတ် အခြားစစ်သွေးကြွအုပ်စုများနှင့် စေ့စပ်ညှိနှိုင်းနိုင်စွမ်းရှိခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့သည် အာဖဂန် စစ်မြေပြင်၏ အန္တရာယ်အများဆုံးနေရာများ၌ပင် ၄င်း၏ ၀တ္တရားများကို ထမ်းဆောင်နိုင်ခဲ့သည်။ (အင်တာနက်)
** တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေးကောင်မွန်မှု အာရှနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထောက်ကူ **
(နယူးဒေလီ၊ ဒီဇင်ဘာလ ၁၆ ရက်)
တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှုသည် မိမိတို့၏ ပြည်သူများ အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် အာရှနှင့် ကမ္ဘာ့နိုင်ငံများ၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပါလက်စတိုင်းနိုင်ငံ၏ နယ်နိမိတ်သတ်မှတ်ချက် မတိကျလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာရပ်ကမ္ဘာဆန့်ကျင်မည် **
(ကိုင်ရို၊ ဒီဇင်ဘာလ ၁၆ ရက်)
အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်သစ်၏ နယ်နိမိတ်အပိုင်းအခြားသတ်မှတ်ရေးတွင် အမေရိကန်ပြည်ထောင်စု၏ ရပ်တည်ချက်မခိုင်မာပါက အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား မည်သည့် ဆွေးနွေးပွဲကိုမဆို ဆန့်ကျင်ကြောင်း အာရပ်နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ရုရှားရေနံလုပ်ငန်းရှင် သူဌေးကြီးအား ပြစ်ဒဏ်ဏီရင်ချက် ချမှတ်မှုရွှေ့ဆိုင်း **

No comments:
Post a Comment