**အချိန်လှည်းက နေ့ရက်တွေ တင်ဆောင်ပြီး
နှစ်သစ်ဆီ တရွေ့ရွေ့တအိအိသွားသလို
အသက်ခန္ဓာက အလိုဆန္ဒ မျော်လင့်ချက်များ သယ်ဆောင်ရင်းနဲ့
အနာဂတ် ကောင်းကင်ဆီ စိတ်ကူးနဲ့ ပုံမှန် မြန်မြန်ဝဲပျံသန်းနေတယ် ၊
ကမ္ဘာမပျက် မရဏတွင်းနက်ထဲ မကျသေးခင် အချိန်ထိ ။
**သယံဇာတကို မောင့်ကျက်သရေ ခေါင်းပေါင်းလိုပေါင်းပြီး
သံသယ ပဋိပက္ခ အမင်္ဂလာဝါဒများကို တရားမျှတမှု နှလုံးသားနဲ့ ချေဖျက်
အမိမြေက လှပ ငြိမ်းချမ်းရေး ရွှေခြေလှမ်းများနဲ့
ငွေလမ်း ပတ္တမြားလမ်းတွေ ဖောက်ပြီး စစ်ဝတ်စုံကို ခေါက်သိမ်း
၂၀၁၁ နှစ်သစ် အလင်းတံခါးကို ယုံကြည်ချက်အပြည့်နဲ့ ခေါက်လိုက်တယ် ။
**အတိတ်ပြဿနာတွေကို ခါးတောင်းကျိုက် ဆိုးဝါးစွာ ဖြေရှင်းရင်း
စိတ်နဲ့ထမ်းပိုးထားရတဲ့ ဒုက္ခများ တနေ့တခြား တိုးပွားလာတယ် ၊
တိုင်းပြည်က အရူးမီးဝိုင်း မသန်မစွမ်း ကိုယ်တစ်ပိုင်းသေလို့
တိုင်းရင်းသားရေး ၊ပြည်ထောင်စုရေးကို
ကိုယ့်အချင်းချင်းတွေ့ဆုံဆွေးနွေးအဖြေရှာ ၊
ငြိမ်းချမ်းရေးသံစဉ်တွေ မလျော့မတင်း ဗေလုဝနတ်စောင်းသံလို ကောင်းမွန် သာယာလှပရင်ဖြင့်
မြန်မာ့ဆိုင်းဝိုင်းမှာ တရုပ်နိုင်ငံလုပ် အနောက်တိုင်းတူရိယာတွေ
မပါရင်လည်းဖြစ်ပါတယ် ။
**အမှောင်တွေ မျိုးစေ့ချ ထွန်ယက်ပြီး
အလင်းများ ရိတ်သိမ်းခံရတဲ့ နေ့ရက်တွေဆီ ပြန်မသွားချင်ဘူး ၊
မြှားကုန် လေးကျိုး တောလိုက် မုဆိုးကို
သားကောင်က ပြန်အလိုက်ခံရသလိုမျိုး
အတ္တဆင်ကန်း မိုက်မိုက်ကန်းကန်း စစ်တောထဲ တိုးဝင်ခဲ့ပေါင်းလဲများပြီ ၊
မျိုးချစ်စိတ်ကို တန်ဖိုးရှိတဲ့ ရွှေအခေါက်လို စိုက်ပျိုး
အသိခေါက်ခက် အ၀င်နက်မှုတွေကို ရိုက်ချိုးကြရမယ် ။
**ကောက်ကွေ့ ဖြောင့်တန်းတဲ့ လှလှပပ တောင်တန်းတွေ
ဆိုးဝါးတဲ့ သဘာဝဘေးဒဏ်ကို ၀ိုင်းဝန်း ကာဆီးသလို
မလိမ်မရှုပ် ဖြောင့်မှန်တဲ့ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်နဲ့
ပျက်ဆီးယိုယွင်းစေတဲ့ စစ်ကို အားလုံး ရန်သူ မိတ်ဆွေ မခွဲခြားပဲ
တားဆီးရင်ဖြင့်
ငြိမ်းချမ်းရေး ရွှေမိုး ငွေမိုးတွေ ရွာသွန်းဖြိုးပြီး
အနာဂတ် နေ့ရက်များက နတ်မိမယ်တွေလို ရင်သပ်ရှုမော လှပ
တို့မြန်မာပြည်ထက် နတ်ဘုံ နတ်နန်းဆန်တဲ့ တိုင်းပြည်
ဒီကမ္ဘာမှာ ရှိဦးမလား နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်စွာ မော်ကြွားလိုက်ချင်ပြီ ။
**အောင်ခိုင်မြင့်**

No comments:
Post a Comment