“သေချာရဲ့လားဗျ၊ခင်ဗျားအဖေကဘာမှမမျှော်လင့်ခဲ့ဘူးဆိုတာ”
ကျွန်တော့်တွင် အလွန် သံသယ ဖြစ်တတ်၍ အလွန်လည်း အငြင်း သန်တတ်သော သူငယ်ချင်း . . .” တို့ တစ်ယောက် မကရှိနေခဲ့ ခြင်းမှာ ကံကောင်းသော အချက် တစ်ချက်ဖြစ် နိုင်ပါသည်။ သူတို့သည် ရေးမိ ရေးရာ ကျွန်တော် ရေးသည့်စာ . . . တစ်ညှို တစ်ထွာလေး တွေကို တွေ့ရသည့် အခါ “တို့သူငယ်ချင်းရေး တာ”ဟူ၍ တစ်ခုတ် တစ်ရ ဖတ်ကြသည်။ တစ်ခုတ်တစ်ရ ပြောကြသည်။ ဘ၀င်မကျ . . .သဘောမမျှ နိုင်သည် များတွေ့လျှင်လည်း နီးဝေးနေ့ညဥ့်မဟူ၊တစ်ခုတ်တစ်ရငြင်းခုံတတ်ကြသည်။
ခုကြည့်။ သန်းယံလွန်မြောက်၊ တစ်မိုးသောက် လုနီးနီး အချိန်သို့ ရောက်ခါမှ အော်မြည်လာသော တယ်လီဖုန်း မြည်သံက ကျွန်တော်နှင့် မိုင်ငါးရာ ကျော်ကွာဝေးသော ဇာတိမြို့ ကလေးဆီမှ သူငယ်ချင်း ကဗျာဆရာ၏ ငြင်းခုံသံပဲ ဖြစ်နေလေသည်။ ကျွန်တော်၏ ရသစာတမ်း စုစည်းမှု စာအုပ် တစ်အုပ်တွင် ရည်ညွန်း ရေးသားခဲ့သော စာတစ်ပိုဒ်ကို သဘောမတူနိုင်ပါဟုသူကဆိုသည်။
“ဆွတ်ယူစားသုံးခွင့်မရနိုင်မည်ကို သိတန်ကောင်းပါလျက် ထွန်ယက်ခဲ့၊ စိုက်ပျိုးခဲ့၊ ပေါင်းသင်ခဲ့၊ မြေဆွခဲ့ ဘ၀ခရီးတစ်လျှောက်လုံး မမောမနွမ်းပင်ပန်းစွာရုန်းကန်၊ အနစ်နာခံသန့်စင်စွာ အသက်ရှင်သန်နေထိုင်သွားခဲ့လေသောဖေဖေသို့...”
ဘ၀တွင် ပင်ပန်း ဆင်းရဲခြင်း တွေကိုသာ ခံစားခဲ့ရပြီး၊ ချမ်းမြေ့ကြည်သာခြင်းတွေကို မစံစား ရဘဲ ကွယ်လွန်ခဲ့ရှာသော ကျေးဇူးရှင် ဖခင် ကြီးအား ကျွန်တော့် အဓိပ္ပာယ်နှင့် ကျွန်တော်၊ ရည်ရွယ် လွမ်းဆွတ်ခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းက သူ့ အဓိပ္ပာယ်နှင့် သူ အနက်ကောက်၍ ငြင်းခုံ လိုက်ခြင်းဖြစ်သည်။ ဘ၀င်မကျ သဘောမမျှနိုင်ပါ ဟုဆိုသည်။ သူ့အတွေ့အကြုံ နှင့် အညီအညွတ် မရှိ ဟုဆိုသည်။ အင်္ဂတ္တိုရ် ပါဠိတော်လာ“ပုတ္တသုတ်” နှင့် အညီအညွတ် မရှိဟု ဆိုသည်။ သို့သော် သူ၏ ငြင်းခုံချက်က စိတ်ဝင်စားဖို့ ကောင်းပါသည်။
+ + + + + + + +

သူ၏ဖခင်သည် ကျောင်းကုန်းနှင့် အိမ်မဲကြား က ဘုရားကြီးကုန်းရွာသားဖြစ်သည်။
“ခင်ဗျားလည်း သိသားပဲ၊ အဖေက အင်မတန် စကားနည်းတာ။ သူဘာဖြစ် ချင်နေတာလဲ ဆိုတာသိရတာမဟုတ်ဘူး။
ကျွန်တော် သိရှိ မှတ်မိသလောက် ဆိုလျှင်၊ သူ့ဖခင်သည် ကျောင်းကုန်း တစ်ဖက်ကမ်းရှိ “တာဦး”၌ ရောင်းပန်းဝယ် ပန်းတို့ ပွင့်လန်း လာသောအခါ၊ ကိုးတန်းအောင်သော သားကို၊ ရန်ကုန်သို့ ပို့၍ ကျောင်းထား ပေးခဲ့သည်။ သူငယ်ချင်းက စမ်းချောင်းမှာ မပျော်ပိုက် . . .ဆိုသည်နှင့် လသာ ကျောင်းသို့ ချက်ခြင်း ပြောင်းထား ပေးခဲ့သည်။ မြို့၌ အပျော်လွန်၍ ဆယ်တန်းတစ်နှစ် ကျလိုက်သော အခါ “စက်မှုတက္ကသိုလ် အမှတ်မမီမှာ စိုးလို့ ခြစ်ပစ်ခဲ့တာ”ဟုသူငယ်ချင်းကခပ်တည်တည်အကြောင်းပြခဲ့သည်။
သူ့ဖခင်ကလည်း ယုံပစ်လိုက်သော အမူအရာနှင့် “နောက်နှစ်ပေါ့ သား ရာ”ဟု ခပ်အေးအေးပဲ တုန့်ပြန့်ခဲ့သည်။ အဲသည် တစ်နှစ်၊ စိတ်လေလွင့်ပြီး ကုန်ကားနောက် လျှောက်လိုက် နေတော့လည်း မမြင် မကြားသလို တုံဏှိဘာဝေ နေခဲ့သည်။ နောက်တစ်နှစ် ဆယ်တန်းအောင်၍ ပုသိမ်ကောလိပ်၊ ဘော်လီဘော ယောင်ယောင်၊ ကဗျာယောင်ယောင် လုပ်နေ တော့လည်း ဖခင်ကြီးကဆိတ်ဆိတ်ပဲ နေခဲ့သည်။ မြ၀ါးရုံတော ပျော်မောရင်း၊ လေးနှစ်မြောက်တော့ ကျောင်းပြီးခဲ့သည်။ အဖေ့ ဇာတိဘုရားကြီးကုန်းသို့ ပြန်၍ ဆီစက်တည်တော့လည်း ဘာမှမဆို ဘာမှ မပြောခဲ့ဟု ဆိုသည်။ဘွဲ့နှင်းသဘင် ခေါ်ပြီ။
သူငယ်ချင်းက ဘွဲ့တက်မယူလိုပါဆိုသောအခါတွင်မှ ဖခင်ကြီးကတုံဏှိဘာဝေ ဆိတ်ဆိတ် မနေနိုင်ပါလေတော့။ “စာတွေအကြာပြီး သင်လာပြီးမှ ရတဲ့ဘွဲ့၊ မင်းမယူရင်အဖေတက် ယူမယ်”ဟုဆိုလေသောအခါ၊ သားအဖနှစ်ယောက် ရန်ကုန်သို့ အတူတကွ တက်ခဲ့ကြပါသည်။
“ဘွဲ့ယူမယ့် နေ့က ၀တ်ရုံကြီး တကားကားနဲ့ ကျွန်တော်ကသာ စိတ်အိုက်နေတာ၊ အဖေက တစ်မနက်လုံး တက်ကြွနေတာဗျ။ ပါမောက္ခချုပ်က ကျွန်တော်ကို ဘွဲ့လက်မှတ် ပေးပြီး လက်ဆွဲ နှုတ်ဆက်တော့၊ ပရိသတ်ထဲကနေ ကိုယ်တစ် ပိုင်းလောက်ပေါ်အောင် ဖင်ကြွ ကြည့်နေတဲ့ အဖေ့ကို မျက်လုံးထောင့်စွန်းကနေ မြင်လိုက်တယ်၊ အဖေ တော်တော် ပျော်နေတာပါလားလို့ တွေး လိုက်မိတာနဲ့ ရင်ထဲ ၀မ်းနည်း သလိုလိုကြီး ဖြစ်သွားတယ် ဗျာ”
“အဲဒါနဲ့....”
“တက္ကစီ ကားပေါ်ပြန်တက် ခဲ့ကြရော၊ အင်မတန် စကားနည်းတဲ့ အဖေဟာ ကားဒရိုင်ဘာကို စကား အမျှင် မပြတ်အောင်ကိုပဲ တဖောင်ဖောင်ပြော နေတော့တာဗျ။ သူငယ်ငယ်က နမ္မက္ကာရတို့ ပရိတ်ကြီး ရတနာ ရွှေချိုင့်တို့ကိုပဲ သင်အံ လာခဲ့ရတာတဲ့။ စာတတ်ပေမယ့် ပညာတတ် မဖြစ်ခဲ့ရတာကို အမြဲ စိတ်ဝမ်းငယ်နေရသတဲ့။ အခုတော့၊ သူသားဖြစ်တဲ့ ကျွန်တော်က သူဘ၀ရဲ့ ကျင်းချိုင့် ကွက်လပ်ကြီးကို ဖြည့်ပေး လိုက်နိုင်လို့ အင်မတန် ကျေနပ်တယ်တဲ့။ ခုသူ့သားဟာ ဘွဲ့ရပညာတတ်ကြီး ဖြစ်သွားခဲ့ပြီတဲ့”
“ဆိုလိုတာက . . .”
“ဆိုလိုတာက မိဘတွေဟာ သူတို့ သားသမီးတွေဆီကနေ ဘာကိုမှ မမျှော်ကိုးဘူး ဆိုတာ မဟုတ်ဘူးဗျ။သူတို့မှာ မျှော်ကိုးချက် ရှိတာ သေချာတယ်။ အနည်းဆုံး သူတို့ဘ၀မှာ မပြည့်ဝခဲ့တဲ့ လိုအင်ဆန္ဒ တစ်ခုတစ်လေကို ပဲဖြစ်ဖြစ် သူတို့ မွေးထားတဲ့ သားသမီးတွေက ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့မျှော်လင့်တယ်”
ထိုညက၊ တယ်လီဖုန်း ချလိုက်သည် အထိ သူငယ်ချင်းကို ပြန်လည် ငြင်းခုံခြင်း မပြုခဲ့ပါ။ သူပြောသလို ဆိုလျှင်ဖြင့်၊ ဘ၀မှာ ကျင်းချိုင့် ကွက်လပ်ဟူ၍ ပြော လောက်ရာ တစ်ခုတစ်လေမှ မရှိရအောင် ကုံလုံ ပြည့်စုံနေသော အမိအဖ တို့ဆိုလျှင်တော့ သူတို့ သားသမီးတွေ ထံမှ ဘာတစ်ခုမျှ မျှော်လင့် စရာမလို တော့ဘူးပေါ့။ သို့မဟုတ်၊ တစ်ခုခု မျှော်လင့် နေနိုင်သည် ဆိုလျှင်လည်း ထိုတစ်ခုခုသည် မည်သို့သော မျှော်လင့်ချက်မျိုး ဖြစ်နိုင်မည်လဲ။ တွေးကြည့် ချင်စရာဖြစ်ပါသည်။ ကျွန်တော်သည် မကြာသေးခင်က တက်ရောက်ခဲ့ ရသော ရင်တစ်ခုန်စာ အခမ်းအနား တစ်ခုကို သတိရလိုက်မိပါသည်။
+ + + + + + + +
ကျွန်တော်တို့နှင့် မည်သို့မျှ စပ်ဆိုင်နိုင် ဖွယ်ရာ မရှိသည့် ဟိုတယ်ကြီး တစ်ခု၌ မိတ်ဆွေ အယ်ဒီတာနှင့် အတူ တက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ နှစ်လေးဆယ်ပြည့် ပတ္တမြား ရတု မင်္ဂလာ . . .တဲ့။ ကာယကံရှင် အမိအဖ နှစ်ပါးကို ကြိုတင် အသိပေး ပြောပြထားခြင်း မရှိဘဲ၊ အမိအဖတို့၏ ရင်းခြာသော မိတ်ဆွေ သင်္ဂဟများအား ဖိတ်ကြားလျက် သမီး နှစ်ယောက်က တိုးတိုးကျိတ်ကျိတ် စီမံခဲ့ခြင်း ဖြစ်သောကြောင့်လည်း အခမ်းအနား လေးက ရင်ခုန်စရာ ကောင်းနေခဲ့ခြင်းဖြစ်ပါသည်။
ထိုနေ့ရက် မတိုင်မီ နှစ်ရက်ခန့် ရောက်တော့မှ သပ်ရပ်သားနားသော ရွှေအိုရောင် ဖိတ်စာကလေးတွေကို လိုက်လံ ကမ်းဝေရင်း အမိအဖတို့ ကိုကြိုတင် ပြောပြမထားပါဟု သမီး နှစ်ယောက်က နှုတ်ပိတ် ထားခဲ့ပါသည်။ ဧည့်သည်များကို ညနေ၆နာရီတိတိ ရောက်ရှိနေရန် မေတ္တာရပ်ခံခဲ့ပြီး သမီးငယ်မက၊ ဟိုတယ်မှာညစာသွား စားကြမည်ဆိုသည့် အကြောင်းပြ ချက်ဖြင့်မိဘနှစ်ပါးကိုအချိန်ကိုက်ခေါ်လာမည်ဖြစ်ပါသည်။
ညနေ ၆နာရီတိတိ အချိန်တွင် ဟိုတယ်ကြီး၏ (၁၁)ထပ်ရှိ ခန်းမအတွင်း ဧည့်သည် ငါးဆယ်ခန့်က နေရာယူပြီး ဖြစ်ပါသည်။ ခန်းမငယ်၏ စင်မြင့်တွင် ပတ္တမြားရတု မင်္ဂလာ စာတန်းနှင့် အငြိမ်းစား မိဘနှစ်ပါး၏ ဓာတ်ပုံကြီးကို ပုံကြီးချဲ့၍ ချိတ်ဆွဲ ထားပါသည်။ သမီးအကြီးမသည် ဧည့်သည်တို့ကို စားသောက်ဖွယ်ရာ တို့ဖြင့် သွက်လက် ဖျတ်လတ်စွာ ဧည့်ဝတ်ပြုရင်း သူမ၏ညီမကို လက်ကိုင်ဖုန်းဖြင့် ချိတ်ဆက် သတင်းပို့နေသည်။ အိမ်က ထွက်လာပြီ ဆိုသည်နှင့် ရုပ်ရှင်မင်းသား အဆိုတော်က စင်မြင့်ပေါ်၌ နေရာ ယူလိုက်တာ တွေ့ရသည်။ “မြေညီထပ် ရောက်ပြီ”ဟု သတင်းပို့လာ သည်နှင့် တစ်ပြိုင်နက် ရုပ်ရှင် မင်းသမီးချောက ခန်းမ အ၀င်ဝသို့ သွားရပ်လျက် ပန်းစည်းကိုင်၍ စောင့်နေတာ တွေ့ရသည်။
ခန်းမထဲက လင်းချင်းနေသောမီးဆိုင်းများ ဖျတ်ခနဲ မှိန်လဲ့သွားသည်။ ဧည့်သည်တို့၏ စကားဆိုသံများ တိုးတိတ်ငြိမ်ဆိတ် သွားသည်။ တိုးညင်း ပြေလွင်သော ဂီတသံချိုမြမြ ကလေးသာပဲ ခန်းမထဲမှာ လွန့်လူးပျံဝဲနေသည်။ ရင်ခုန်စရာ အကောင်းဆုံး အချိန်ပဲ ဖြစ်သည်။
“နှလုံးရောဂါတို့ ဘာတို့ရှိရင် မလွယ် ဘူးထင်တယ်”ဟု ကျွန်တော်က မိတ်ဆွေ ဒယ်ဒီတာကို တိုးတိုးကပ်၍ ပြောလိုက်မိသေးသည်။ ဓာတ်လှေခါးတံခါးပွင့်သွားတာ မြင်လိုက်သည်။ တတိယ အရွယ်မင်္ဂလာ မောင်နှံတို့ ခန်းမ အ၀င်ဝသို့ ရောက်သည်နှင့် အသင့်စောင့်နေသော ရုပ်ရှင်မင်းသမီးချောကပန်းစည်းကိုကမ်းလိုက်သည်။
ရောင်စုံ မီးပန်းဆိုင်းကြီးများ ဖျတ်ခနဲ လင်းထိန်သွားခြင်း၊ ငြိမ့်ငြောင်း သောဂီတသံက တိုးသဲ့ရာမှ တဖြည်းဖြည်းချင်း ကျယ်လွင် စည်ဝေလာခြင်း၊ မင်းသားအဆိုတော်၏ အခါတော်ပေး တေးဆိုလိုက်သံက ခန်းမ တစ်ခုလုံးကို လွှမ်းခြုံ စိုးမိုးသွားခြင်း၊ ဧည့်ပရိသတ်တို့၏ လက်ခုပ် သြဘာသံများ ဖျောင်းဖျောင်းညံ သွားခြင်းတို့သည်၊ အချိန်နည်းငယ် အတွင်း၌ပင် တစ်ပြိုင်နက်တည်း လိုလို ဖြစ်သွားခဲ့ပါသည်။ တတိယ အရွယ် မင်္ဂလာ မောင်နှံတို့သည် သူတို့အဖို့ အလို့ငှာ ရည်ရွယ် ခင်းကျင်းထားသည့် အခမ်းအနား တစ်ခုကို မမျှော်မလင့် ကြုံလိုက်ရ၍ ရင်တုန် ပန်းတုန် ဖြစ်သွားလောက်ပါသည်။
သူတို့သည် မတွေ့ရတာ ကြာခဲ့ပြီ ဖြစ်သော မိတ်ဆွေ သင်္ဂဟများကို လိုက်လံ နှုတ်ဆက်ခြင်း မပြုမီ၊ သူတို့၏ ရင်ခုန်သံကို ငြိမ်သက်သွားအောင် ဦးစွာကြိုးစား ရလိမ့်မည် ထင်ပါသည်။ ကျွန်တော် သတိရ၍ ကြည့်လိုက်သော အခါ သူမတို့၏ မိခင်သည် သူ၏ အစ်ကိုကြီး အရွယ်အဘ တစ်ယောက်ကို ဖက်၍ ငိုရှိုက်နေပါသည်။ ၀မ်းသာကြည်နူး၍ ကျသော မျက်ရည်များ ဖြစ်နိုင်ပါသည်။ သူမတို့၏ ဖခင်သည်၊ ခဏကြာသော အခါ၊ စားပွဲ တစ်ဝိုင်းပြီး တစ်ဝိုင်းလိုက်၍ နှုတ်ဆက်ရင်း “တကယ့်ကို ကြိုမသိခဲ့ဘူး”ဟု တဖွဖွ ပြောနေ ခဲ့ပါသည်။ သူ၏မျက်နှာကပြုံးရွင်ချိုလက်နေပါသည်။
စင်စစ်၊ အမိအဖတို့၏ အနှစ် လေးဆယ်မြောက် မင်္ဂလာခရီး တစ်ထောက် အတွက်၊ သူ့အစီးအပွားနှင့် သူရပ်တည်နိုင်ပြီ ဖြစ်သော သမီးနှစ်ယောက် တို့က စိတ်ကူး ကွန့်မြူးလျက် ရင်ခုန်စရာ အခမ်းအနား တစ်ခုကို “မင်္ဂလာလက်ဆောင်” ပေးလိုက်ခြင်းပဲ ဖြစ်ပါသည်။
“တတ်နိုင်လို့ လုပ်တယ် ပြောရင်တော့ ပြောနိုင်တယ်။ ဒါပေမဲ့၊ တတ်နိုင်တဲ့ သားသမီးတိုင်းက သူတို့ အမိအဖတွေကို ခုလို အံ့သြ ပျော်ရွှင်သွားအောင် လုပ်ပေးဖို့ သတိရကြတာတော့ မဟုတ်ဘူး”
ကျွန်တော်တို့နှင့် မည်သို့မျှ စပ်ဆိုင်ဖွယ် မရှိသည့်၊ ဟိုတယ်ကြီး၏ (၁၁) ထပ်မှ ပြန်ဆင်းလာခဲ့စဉ် တောဂိုက်နှင့် မိတ်ဆွေ အယ်ဒီတာက မှတ်ချက် ပြုလိုက်ခြင်းပဲ ဖြစ်ပါသည်။ ကျွန်တော် ပြန်စဉ်းစား ကြည့်သည်။ ရင်ခုန်စရာ အခမ်းအနား တစ်ခုကို အကြောင်းပြု၍ အမိအဖတို့သည် အံ့သြ ၀မ်းမြောက်ခြင်း ဖြစ်ပါလိမ့်မည်။ “လိမ်မာရေးခြား ရှိတဲ့ သမီးလေးတွေ”ဟူသော မိတ်ဆွေ သင်္ဂဟတို့၏ ချီမွမ်း ပြောဆိုသံများဖြင့် ကြည်နူး ကျေနပ်ခြင်းလည်း ရှိပါလိမ့်မည်။ သို့သော်၊ ထိုအချက်မှာ အမိအဖတို့၏ ဘ၀၌ ရှိခဲ့သော ကျင်းချိုင့်ကွက် လပ်တစ်ခုခုကို ဖြည့်စွမ်း ပေးခဲ့သည်ဟု ဆိုသာနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော်၊ အချို့သော အမိအဖတို့ သည် ဘ၀၌ ကျင်းချိုင့် ကွက်လပ်တို့ ရှိကောင်းမှရှိမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
+ + + + + + + +
ယခုအခါ၊ ကွယ်လွန်ခဲ့ရှာပြီ ဖြစ်သော ကျွန်တော်၏ ဖခင်ကြီးသည် ဦးနှောက်သို့ ငှက်ဖျားပိုး ၀င်သည့် ရောဂါ ဝေဒနာကို ဆေးရုံကြီး တစ်ခု၌ ကုသမှု ခံယူနေခဲ့ရာမှ၊ ပျောက်ကင်း သက်သာခြင်း မရှိသောကြောင့် ကျွန်တော်တို့ ရွာကလေးသို့ ခက်ခက်ခဲခဲ ပြန်ခေါ် လာခဲ့သည်ကို ပြန်တွေး မိပါသည်။ ဖေဖေသည် ရောဂါ ဝေဒနာ၏ တိုက်ခိုက်မှုကို ခုခံရင်း ကျေးလက် ဆေးခန်းလေး တစ်ခု၏ ယိုင်ရွဲ့စုတ် ချာလှသည့် ၀ါးကုတင်လေးပေါ်တွင် လဲလျောင်း မှေးမှိတ် နေခဲ့ပါသည်။ သူ၏ အသက် ဇီဝိန်ကို ဖဲ့ချွေ ယူငင်မည့် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေဟန်ဖြင့် သူ၏ နောက်ဆုံး နာရီများကို ဖြတ်သန်းနေချိန် ဖြစ်ပါသည်။
ထို အချိန်တွင်၊ ကျွန်တော်သည် အရာရှိ ငယ်အဖြစ်မှ ပြန်တမ်းဝင်အရာရှိ အဖြစ်သို့ ရာထူး တိုးမြှင့်ခံရသည့် သတင်းကို ရရှိခဲ့သည် ဖြစ်ရာ ဖေဖေ့ကို ပြောဖို့ သင့်မသင့် ချီတုံချတုံ ဖြစ်နေခဲ့ပါသည်။ ကျွန်တော်တို့ (၈)တန်းလောက်က တည်းက “မင်းတို့က ပညာတတ်တွေ”ဟု မြှောက်စားကာ ပင်ပင်ပန်းပန်း ရုန်းကန်ဖြည့်ဆည်း ပေးခဲ့ရှာသော ဖခင်ကြီးအား တစ်စုံတစ်ရာ ၀မ်းမြောက် ကြည်သာ ရှိစေချင်ပါသည်။နောက်ဆုံးတွင် ကျွန်တော် ပြောလိုက်နိုင်ခဲ့ပါသည်။
“ကျွန်တော်ရာထူးတိုးတယ်ဖေဖေ”
တိုးဖွဖွ အသံကို ဖေဖေကြားမှ ကြားနိုင်ပါတော့မည်လား ဟူ၍ စိုးရိမ် နေမိသည်။ ဖေဖေ့ မျက်နှာကို စူးစိုက် ကြည့်ငေးနေမိသည်။ အနာသည်း၍ လဲလျောင်း မှိန်းရီနေရှာသော ဖခင်ကြီး၏ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပါသည်။ သူကြားလိုက်သည့် စကားသံတစ်ခုကို ဇဝေဇ၀ါ အနက်ကောက်နေ ပုံရပါသည်။ ခဏကြာသောအခါတွင်မှ သူ့မျက်နှာ တစ်ပြင်လုံးဖျတ်ခနဲ ၀င်းတောက်သွားပြီး“ဟေ့ ဒါဖြင့် အဆင့်သုံးပေါ့”ဟု ကျေကျေနပ်နပ်ကြီး တုံ့ပြန် ပြောဆိုခဲ့ပါသည်။ သူ့မျက်နှာပေါ်တွင် နောက်ဆုံး လင်းလက်မဲ့သော အပြုံး တစ်ချက်ကို ဖေဖေ ကွယ်လွန်ပြီး နှစ်တာလများ ကြာမြင့်သည် အထိ ကျွန်တော် သတိရ မိပါသည်။ သူ . . စိုက်ခဲ့သော သစ်တစ်ပင်၊ စိမ်းလန်းရှင်သန် ကျန်ရစ်ခဲ့ ခြင်းအပေါ် ကျေနပ်ကြည် ဖြူလိုက်သော အပြုံးတစ်ချက်ဟု အောက်မေ့ ခံစားမိပါသည်။ ဘ၀၏ ကွက်လပ် တစ်ခုခုကို ဖြည့်ဆည်းပေးလိုက် နိုင်ခြင်းကြောင့်-ဟူ၍ ကျွန်တော် မထင်မြင်ပါ။
+ + + + + + + +
အဖ၏ သားအဖြစ်ကို ဖြတ်သန်းခဲ့ဖူးသော ကျွန်တော်သည်၊ ယခုအခါ သား၏အဖ အဖြစ်၌ ဖြတ်သန်းနေဆဲ ဖြစ်ပါသည်။ အဖေက သားကို ဘယ်လို မျှော်လင့်ချက်မျိုး ထားနိုင်သလဲဆိုတာ သား၏နေရာမှာ ကြည့်မြင်ခွင့်ရပြီး ဖြစ်သကဲ့သို့၊ အဖ၏ နေရာမှလည်း ကြည့်မြင်ခွင့် ရဆဲ ဖြစ်ပါသည်။ အမိအဖတို့၏ ဘ၀၌၊ လိုချင်လျက် မရခဲ့သော ကွက်လပ် ဆိုသည်မှာ အခါခပ်သိမ်း တည်တံ့မြဲမြံ နေမည်ဟု ကျွန်တော် မထင်မြင်ပါ။ အလိုဆန္ဒ ဟူသမျှတို့သည် ပြောင်းလဲ ရွေ့လျောတတ်သော သဘော ရှိနိုင်သည်ပဲ ဖြစ်ပါသည်။ အလိုဆန္ဒကြောင့် ပေါ်ပေါက်ရသည့် ဘ၀၏ ကွက်လပ်ဆို သည်မှာလည်း ရွေ့လျော နိုင်သည်ပဲ ဖြစ်ပါသည်။
သေချာသော တစ်ချက်မှာ၊ အမိအဖ ဟူသမျှတို့သည် သားသမီးတို့၏ ကောင်းသောအသံ၊ ကောင်းသောရနံ့၊ ကောင်းသော အမူအရာ၊ ကောင်းသော ဂုဏ်သတင်း တို့၌ နှလုံးညွှတ် နူးကြည်မြူး ၀မ်းမြောက် လိုကြသည်ပဲ ဖြစ်ပါသည်။ ဤသည်ကို မျှော်လင့်ချက်ဟု ခေါ်လိုက် ခေါ်နိုင်ပါသည်။ ဇရာဗျာဓိတို့ ထောင်းထု ဖိနှိပ်၍ အိုမင်းမစွမ်း မှည့်ရွမ်း ကြွေလု အခါသမယသည် ဘ၀၏နေ၀င်ချန်ပဲဖြစ်ပါသည်။ အမှောင်တိုက်မစိုးမီ နေ၀င်ရီတရော၌၊ ကမ္ဘာ လောကကို အသရေ တင့်စေသော အချိန်ကာလ တစ်ခု ရှိရဦးမည် ဆိုအံ့။ ထိုအချိန်မှာ တိမ်တောက်ချိန်ပဲ ဖြစ်ပါသည်။ နေ့တစ်နေ့၏ အလင်းမျှင်တို့ သိမ်းရုပ်တော့မည့် နောက်ဆုံး မိနစ်တို့ ဖြစ်လင့်ကစား၊ တောက်ပ စိုလက်သော အပြုံးတစ်ပွင့်ဖြင့် ဆည်းဆာသည် ကမ္ဘာလောကကို နှုတ်ဆက်ခွင့် ရသင့်သည်ပဲ ဖြစ်ပါသည်။
(သူငယ်ချင်း မောင်နီဌေး . . .သို့)
**မောင်ရင့်မာ(ကျောင်းကုန်း)**
(ပေဖူးလွှာ မဂ္ဂဇင်း၊ ဒီဇင်ဘာ ၂၀၁၀)
__._,_.___
Attachment(s) from Kyaw Than

No comments:
Post a Comment