** တရုတ်သမ္မတ ဟူကျင်တောင် အမေရိကန်သို့ ရောက်ရှိ **
(၀ါရှင်တန်၊ ဇန်န၀ါရီလ ၁၉ ရက်)
သမ္မတ ဟူကျင်တောင်ကို ၀ါရှင်တန်ဆင်ခြေဖုံးရှိ အင်ဒရူးလေတပ်စခန်းလေဆိပ်၌ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် အမေရိကန်ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုခဲ့ကြသည်။ ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေးအရ အင်အားကြီးနှစ်နိုင်ငံကြားတွင် ပြဿနာများ ရှိနေသော်လည်း ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ သမ္မတဟူကျင်တောင် အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်။ (အင်တာနက်)

** သမ္မတ ဇာဒါရီ၏ အသက်အန္တရာယ်လုံခြုံရေး ပါကစ္စတန်အစိုးရအဖွဲ့ စဉ်းစား **
(အစ္စလမ္ပာဘတ်၊ ဇန်န၀ါရီလ ၁၉ ရက်)
ပါကစ္စတန်သမ္မတ အဆစ်အလီဇာဒါရီ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် အမေရိကန် အထူးလုံခြုံရေးတပ်ဖွဲ့ဝင်များက ၄င်း၏ လုံခြုံရေးကို တာဝန်ယူရန် သင့်၊ မသင့် ပါကစ္စတန်အစိုးရအဖွဲ့က စဉ်းစားသုံးသပ်လျက်ရှိကြောင်း ဇန်န၀ါရီလ ၁၉ ရက်နေ့ မီဒီယာသတင်းများတွင် ဖော်ပြသည်။ Photo-Benazar Buto+Zedari-(အင်တာနက်)
** ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းတွင် ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ် **
(အစ္စလမ္မာဘတ်၊ ဇန်န၀ါရီလ ၁၉ ရက်)
ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းတွင် ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ရာ အိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားကြောင်း ဆင်ဟွာသတင်းများတွင် ဖော်ပြသည်။ အများဆုံး ပျက်စီးမှုသည် ဘလူချီစတန်ပြည်နယ် ကွတ်တားမြို့မှ ဖြစ်ကြောင်း၊ သို့သော် ပျက်စီးဆုံးရှုံးမှုနှင့် ပတ်သက်သော သတင်းအသေးစိတ်ကိုမူ လောလောဆယ်၌ မသိရသေးဟု သတင်း၌ ပါရှိသည်။ (ဆင်ဟွာ)
** အာဖဂန်နစ္စတန်တောင်ပိုင်း၌ စစ်သွေးကြွ ၂၇ ဦးအားသုတ်သင် **
(လာ့ခ်ျကာဂါ့(အာဖဂန်နစ္စတန်) ဇန်န၀ါရီလ ၁၉ ရက်)
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မန့်ပြည်နယ်၌ တနင်္လာနေ့ ညပိုင်းက စစ်ဆင်ရေးပြုလုပ်ရာတွင် အာဖဂန်ရဲတပ်ဖွဲ့ဝင်များက စစ်သွေးကြွ ၂၇ ဦးအား သုတ်သင်ခဲ့ကြောင်း အင်္ဂါနေ့တွင် စစ်ဘက်က ထုတ်ဖော်ပြောကြားသည်။ ဂျီရီရှက်ခရိုင်တွင် စစ်သွေးကြွ ၁၃ ဦး၊ ဆန်ဂင်ခရိုင်တွင် ၁၂ ဦးနှင့် မူဆာကာလာခရိုင်တွင် ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ (ဆင်ဟွာ)
** လက်လုပ်ဗုံးများပြုလုပ်နေချိန် ဗုံးပေါက်ကွဲ၍ ၁၂ ဦးသေဆုံး **
(ကဘူး၊ ဇန်န၀ါရီလ ၁၉ ရက်)
အာဖဂန်နစ္စတန်နိုင်ငံအနောက်မြောက်ဘက် ဂိုမက်မြို့၌ စစ်သွေးကြွများက လက်လုပ်ဗုံးများ ပြုလုပ်နေချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ ၁၂ ဦး သေဆုံးကြောင်း အာဖဂန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ကရာချိ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးဆင်နွှဲ မသင်္ကာဖွယ်ရာ လူပေါင်း ၃၀၀ အထိ
ထိန်းသိမ်း **
(ကရာချိ၊ ဇန်န၀ါရီလ ၁၉ ရက်)
ပါကစ္စတန်နိုင်ငံရှိ အကြီးဆုံးမြို့ကြီးဖြစ်သော ကရာချိမြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ရပ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့က ပြုလုပ်သည်။ ပါကစ္စတန်တပ်ဖွဲ့ဝင်များက ကရာချိမြို့ အိုရန်ဂီရပ်ကွက်၌ တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ရာတွင် မသင်္ကာဖွယ် လူပေါင်း ၃၀၀ အထိကို ထိန်းသိမ်းခဲ့ပြီး လက်နက်ပုန်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:
Post a Comment