**(ကြုံသမျှ ဘုံဘ၀ဟာသများ)**
လျှို့ဝှက်စုံထောက်တစ်ယောက်ကို အိုင်ယာလန်နိုင်ငံသို့ စေလွှတ်လိုက်ကြသည်။ သူ့တာဝန်မှာ `မာဖီ´အမည်ရှိ စုံထောက်ထံမှ အရေးကြီးသတင်းများ ရယူရန်ဖြစ်သည်။ စကားဝှက်တစ်ခုကိုသုံး၍ တစ်မြို့လုံးပတ်ပြီး ထိုသူကိုတွေ့အောင်ရှာရမည်ဖြစ်သည်။
လူသူရှင်းသည့် မြို့ပြင်လမ်းကြမ်းတစ်ခုပေါ် သူရောက်လာသည်။ ထိုအခါ လယ်သမားကြီးတစ်ယောက်ကို တွေ့သဖြင့်…
`ဟဲလို… မာဖီဆိုတဲ့လူကို ကျနော် ရှာနေတာပါ´ဟု စုံထောက်က ပြောသဖြင့်…
လယ်သမားကြီးက… `အေး… မင်းကံကောင်းတယ်။ ဟောဟိုတောင်ကုန်းရဲ့ ညာဘက်မှာ ရွာတစ်ရွာရှိတယ်။ အဲဒီမှာ သားသတ်သမားရဲ့ နာမည်ဟာ မာဖီပဲ၊ ပြီးတော့ မာဖီဆိုတဲ့ မုဆိုးမသုံးယောက်လည်းရှိတယ်။ ဖြစ်ရပုံက ငါ့နာမည်ကလည်း မာဖီပဲကွယ့်´ဟု ပြောလိုက်သဖြင့်…
`ဟာ… ဒါ ငါ့လူပဲ´ဟု စုံထောက်က တွေးလိုက်မိပြီး စကားဝှက်ကို တိုးတိုးလေးရွတ်ပြလိုက်သည်မှာ…
`နေပူနေတယ်၊ မြက်လည်းပေါက်တယ်၊ နွားမတွေကလည်း နို့ညှစ်ဖို့အသင့်ပဲ´ဟု ပြောလိုက်သဖြင့် လယ်သမားကြီးက ပြန်ပြောလိုက်သည်မှာကား…
`အိုး… မင်းက စုံထောက်မာဖီကို ရှာနေတာကိုး၊ သူက ဘယ်ဘက်ရွာမှာနေတယ်´ဟူ၏။
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)

No comments:
Post a Comment