နှစ်ဆယ်ရာစု နောက်ပိုင်း၊ တိတိပပ ပြောရလျှင် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သမျှ သတင်းစာဆရာ အားလုံးနီးပါးအပေါ် တစ်နည်းတစ်ဖုံ သြဇာသက်ရောက်သော ပုဂ္ဂိုလ်တစ်ဦးကို ပြပါဆိုလျှင် ဂျာနယ်ကျော် ဦးချစ်မောင်ကို ပြရမည်ဟု ယုံကြည်ပါသည်။ အမှန်တော့ ဦးချစ်မောင်၏ လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်များကို သူနှင့်ခေတ်ပြိုင်များပင် သတိမထားမိ၊ အလေးမမူမိပါ။ ထိုသို့ဖြစ်ရသည်မှာ ဦးချစ်မောင်၏ အနေအထိုင် ရိုးစင်းသိုသိပ်မှုကြောင့်ဟု မြင်မိပါသည်။ သူ့အကြောင်းကို ဇနီးဖြစ်သူ ဂျာနယ်ကျော်မမလေးကသာ “သူလိုလူ” စာအုပ်ရေး၍ ဖွင့်ဟမှတ်တမ်းမတင်ခဲ့လျှင် ဦးချစ်မောင်ဟူသည် နှောင်းခေတ်သတင်းစာသမားတို့၏ စံပြုစရာ ဖြစ်ဖို့နေနေသာသာ၊ သူ့အမည်ကို ကြားပင်ကြားဖူးကြတော့မည် မဟုတ်ပါ။
နှောင်းလူတို့သည် သူလိုလူ စာအုပ်ကို ဖတ်ကာ ဦးချစ်မောင်ကို အားကျပြီးသကာလ သူလို သတင်းစာသမားစစ်စစ် ဖြစ်ရမည်ဟု သန္နိဋ္ဌာန်ချ၍ ကြိုးစားကြသည်ဟု ဆိုပါလျှင် ဂျာနယ်ကျော်မမလေး၏ စာပေအဆင့်အတန်းကို လှစ်ခနဲ သိနိုင်ပါကြောင်း။ ဂျာနယ်ကျော်မမလေးသည် မြန်မာစာပေကို များစွာအကျိုးပြုခဲ့သော ရှားရှားပါးပါး အမျိုးသမီး စာရေးဆရာ တစ်ဦး ဖြစ်ပါသည်။ သူ့ဘ၀၏ နောက်ဆုံးအပိုင်းကို သားအငယ်ဆုံးဖြစ်သူ ဦးမိုးဟိန်း ခြယ်မှုန်းပြပုံကလည်း ဆွတ်ပျံ့ဖွယ်ကောင်းလှပါသည်။ အခုတော့ ဦးမိုးဟိန်းလည်း မရှိတော့ပါဘူး။ တလောဆီက လည်ချောင်းကင်ဆာဖြင့် ဘ၀နိဂုံးချုပ်သွားခဲ့ပါသည်။ သူ့ဘ၀နိဂုံးမချုပ်မီ ကျန်ရစ်သူ လောကသားတို့ကို “မှာပါရစေ ပြောပါရစေ” ဆိုသော ကဗျာတစ်ပုဒ်ရေးခဲ့တာကတော့
(၁)
ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလို ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကို မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။
မမလေးရဲ့ အိပ်ချိန်တန်
**မိုးဟိန်း (သား-ဂျာနယ်ကျော်)**

No comments:
Post a Comment