(Martin Luther King Jr)
........................................................................................................................
နိုင်ငံရေးစကားဝိုင်းတချို့နားထောင်ဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းပြောကြတာဆိုတော့ နိုင်ငံရေးစိတ်ဝင်စား သူတွေနိုင်ငံရေးသမားတွေပါဝင်ပြောကြတာများပါတယ်။ တချို့ပါဝင်ဆွေးနွေးသူတွေ တော်သလောက် တချို့ကျတော့ညံ့လွန်းတယ်။ စကားဝိုင်းကို အနှောင့်အယှက်ဖြစ်စေတယ်။ သေးသိမ်စေတယ်။ ဒီလိုလူမျိုးများဖိတ်ခေါ် ဆွေးနွေးရသလားဆိုပြီး စီစဉ်တဲ့လူကိုတောင် အပြစ်ပြောစရာ ဖြစ်စေတယ်။
**မှားတတ်တဲ့အမှားများ**
နိုင်ငံရေးစကားဝိုင်းတွေမှာ အများဆုံးမှားတတ်ကြတာက မလိုအပ်ဘဲ လေရှည်နေတာဖြစ်တယ်။ ရှေ့ကလူတချို့ပြောပြီးသားတွေကိုထပ်ပြောနေတာ။ အချိန်ကို မတွက်တတ်တာ။ စီစဉ်သူရဲ့အရိပ်အကဲကို နားမစွင့် ကိုယ်ပြောချင်တာတွေကို ရေပက်မ၀င်အောင်စွတ်တင်နေတာဖြစ်တယ်။ ကိုယ်ညံ့တာကိုအထုပ်ဖြေ ပြသလိုဖြစ်တတ်တယ်။ စီစဉ်သူကအတင်းကိုစကားဖြတ်တောက်ခံရတာ ရှက်စရာလည်းဖြစ်တယ်။
ဥပမာ-စီးပွားရေးအကြောင်း စကားဝိုင်း ဆိုပါစို့။ နိုင်ငံခြားကို ပို့ကုန်များများ တင်ပို့နိုင်အောင် ဘယ်လို နည်းလမ်းတွေ ရှိနိုင်မလဲဆိုတာကို ဆွေးနွေးကြပါလို့စီစဉ်သူက လမ်းကြောင်းပေးတယ်။ ဆွေးနွေးသူတွေက ကုန်ဈေးနှုန်းတွေကြီးမားနေတာ၊ အလုပ်လက်မဲ့တွေများနေတာ၊ ကုန်ထုပ်လုပ်မှုကို အထောက်အကူပြုတဲ့ ပညာ ရေးကို အားပေးသင့်တာတွေ လျှောက်ပြောနေရင် တလွဲတွေဖြစ်ကုန်ပြီ။ အဲဒါတွေဟာ မှားလားဆိုတော့ မမှားပါ ဘူး။ ဒါပေမယ့် ခုတော့ ဆွေနွေးရမယ့် ခေါင်းစဉ်နဲ့ တိုင်ရိုက်မသက်ဆိုင်ဘူး။ ပြီးတော့လူတွေတော်တော်များများ သိနေပြီး ဖြစ်တဲ့အကြောင်းတွေကို စကားဝိုင်းမှာ ပြောနေဖို့မလိုပါဘူး။ တချို့ကသမားဂုဏ်ပြချင်လို့ ပြောတာ။ တချို့က ကိုယ်ကတစ်မတ်ဖိုးလောက်သိတာကို တစ်ကျပ်ဖိုးလောက် ထင်ပြီး လူတွင်ကျယ်လုပ်တာ။ တော်တော်များများကတော့ စကားဝိုင်းမှာ အပေးအယူမျှမျှပါဝင်ပြောဆိုနည်းကို နာမလည်လို့မှားနေကြတာ ဖြစ်တယ်။
**သတိထားရန်**
(၁) စကားဝိုင်းမှာ ပါဝင်ပြောဆိုသူဟာ အရိပ်သုံးပါနားလည်ရမယ်။ စီစဉ်သူရဲ့စကားကို နားစွင့်ပြီးပြောဆိုရမယ်။
ကြားဖြတ် မေးချင်ရာမေးမှာပေါ့။ မေးတာကိုဖြေရမယ်။
(၂) တစ်ယောက်တည်းအကြာကြီး မပြောရပါဘူး။
(၃) သူများကို အလှည့်ပေးရမယ်။ သူများ ပြောတာကိုသေချာနားထောင်ရမယ်။
(၄) မိမိပါဝင်ဆွေးနွေးတဲ့ ဘာသာရပ်ကို နားလည်အောင်လေ့လာပြီးမှ ပြောသင့်တယ်။
(၅) အကောင်းဆုံးကတော့ ပြောချင်တဲ့ အချက်အလက်တွေကို မှတ်စုလေးတေးပြီး ပြောသင့်တယ်။
အရည်အချင်း လိုအပ်ချက်
ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးစိတ်ဝင်စားသူ၊ နိုင်ငံရေးပါဝင်ဆောင်ရွက်သူတွေ အရေအတွက်ကော အရည် အချင်းကောလိုအပ်နေပါတယ်။ နိုင်ငံရေးကိုဘာသိဘာသာနေတဲ့သူတွေ များနေရင်လုံးဝမကောင်းပါဘူး။ နိုင်ငံရေးကို ကိုယ်ကျိုးစီးပွားအတွက်ဝင်ရောတဲ့ အချောင်သမားတွေများလာရင် လုံးဝမကောင်းပါဘူး။ ကိုယ်ကျိုးစီးပွားမရှာတဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီး မိမိနိုင်ငံမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်သူတွေက အုပ်ချုပ်နေ တာလဲ၊ ဘာစနစ်နဲ့အုပ်ချုပ်နေတာလဲ၊ တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလား၊ မချောင်လည်ဘူးလား စသည်ဖြင့် အကဲခတ်လေ့လာ၊ မိမိတတ်နိုင်တဲ့နေရာက ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပါဝင်ဆောင်ရွက်သူ တွေကို အရေအတွက်အားဖြင့် အရင်ဆုံးလိုပါတယ်။ ပြီးတော့မှ အရည်အချင်းပိုင်း ဖြည့်ဆည်းရင် ဖြစ်ပါတယ်။
အရည်အချင်းပိုင်းမှာပထမ အရေးကြီးဆုံးကတော့ ရိုးသားဖြောင့်မတ်မှု (Sincerity) ပါပဲ။ ရိုးသား ဖြောင့်မတ်မှုလို့ အပြည့်အစုံပြောမှ တိကျမှာပါ။ Sincerity ကို The Quality or condition of being sincere; genuineness honesty, and freedom from duplicity လို့ The American Heritage Dictionary က အဓိပ္ပါယ်ဖွင့်တာကို သဘောကျလို့ပါ။
ကျွန်တော်တို့နို်င်ငံမှာ နိုင်ငံရေးပါတီတွေ အများကြီးပေါ်ခဲ့ဖူးတယ်။ ဟိုး…. အာဏာရ ဖဆပလ ခေတ် ကနေ မြန်မာ့ဆိုရှယ်လစ်ခေတ်အထိ လေ့လာကြည့်ရင် ရိုးသားဖြောင့်မှန်မှုနှဲ့ နိုင်ငံရေးဝင်လုပ်သူထက် အခွင့်အရေးမျှော်ကိုးပြီး ၀င်လုပ်သူတွေက အရေအတွက်များခဲ့တာ တွေ့ရမှာပါ။
လမ်းစဉ်ပါတီစတင်တည်ထောင်ချိန်က ကျွန်တော်တို့ တက္ကသိုလ်အပြင်တောင်ရောက်နေပြီမို့ ကောင်း ကောင်းကြီးသိမီပါတယ်။ အဲဒီအချိန်က အလုပ်အကိုင်သိပ်မရှားသေးပါဘူး။ တက္ကသိုလ်ဘွဲ့ရတွေဟာ ကုန်သွယ်ရေးမန်နေဂျာ သစ်လုပ်ငန်းလက်ထောက်မန်နေဂျာ နိုင်ငံခြားရေးရုံးတတိယအတွင်းဝန် စသည်ဖြင့် ရာထူးဝန်စာမေးပွဲတွေ ဖြေဆိုနိုင်တယ်။ ရာထူးရတဲ့သူများတယ်။ နောက်တစ်မျိုးက ATO လို့ခေါ်တဲ့ လက် ထောက်မြို့ပိုင်ရာထူး။ နောင် မြို့ပိုင် နယ်ပိုင် ခရိုင်ဝန် စသည်ဖြင့် တက်သွားတာပဲ။
**မိုးထဲရေထဲမှာ**
အဲဒီကာလမှာပဲ သူငယ်ချင်းတချို့က လမ်းစဉ်ပါတီကေဒါများအဖြစ် ၀င်ခဲ့ကြတယ်။ လမ်းစဉ်ပါတီကို ပမညတ ဟောင်းနဲ့ ဗကပ ဟောင်းတွေ ၀င်တာများတယ်။ ဖဆပလ နဲ့ ပထစ ဟောင်းတွေဝင်တာနည်းတယ်။ ယခင်နိုင်ငံ ရေးမလုပ်ခဲ့ဖူးဘဲ လမ်းစဉ်ပါတီထဲဝင်တဲ့ လူသစ်တွေဟာ ဆိုရှယ်လစ်လမ်းစဉ်ကို တကယ်ယုံကြည်လို့ ၀င်သူ တွေရှိသလို ရေရှည်စားသာမှာသေချာတယ် ဆိုပြီး တွက်ကိန်းနဲ့ဝင်သူတွေအတော်များတယ်။ ကျွန်တော်တို့ ကျောင်းမှာတုန်းက နိုင်ငံရေးစိတ်ဝင်စားဖို့မပြောနဲ့ သမဂ္ဂထဲတောင်မရောက်ဖူးသူတွေ အတော်များများ လမ်းစဉ် ပါတီထဲရောက်ကုန်တယ်။ နောင် မိုးထဲရေထဲလည်းရောက်ရော ပါတီဝင်ကတ်ပြားတွေ မီးရှို့ပြီး ကိုယ်လွတ်ရုံး ကြတဲ့အခါ သူတို့ရှေ့ဆုံးကပဲဗျ။
ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေးမှာ အဲသလိုလူတွေကိုတော့ ကျပ်ကျပ်ကြီးသတိထား ရှောင်ဖို့လိုပါတယ်။ အခွင့်အရေးမျှော် နိုင်ငံရေးသမားနဲ့ ရိုးသားဖြောင့်မှန် နိုင်ငံရေးသမားကို ခွဲခြားအားပေးဖို့ ကတော့ ပြည်သူများရဲ့တာဝန်ဖြစ်ကြောင်းပါခင်ဗျာ။
**မောင်ဝံသ**
ပြည်သု့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၂၅
၃၀-ဒီဇင်ဘာ-၂၀၁၀

No comments:
Post a Comment