၂၀၁၁ နှစ်သစ်ကတော့ အခြားနေရာဒေသတွေမှာလိုပဲ ထိုင်းနိုင်ငံမှာလည်း ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ ကန့်လန့်ကာဖွင့်လှစ်လိုက်ပါပြီ။ အဲဒါဘာလဲဆိုတော့ကာ… ဒီကနေ့ နံနက် (၇း၃၀) နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ နိုင်ငံရေးတောင်းဆိုချက်တွေပါဝင်တဲ့ ထူးခြားတဲ့ ဆန္ဒပြမှုတခုကို လူတယောက်က ဖန်တီးတည်ဆောက်ခဲ့လို့ပါပဲ။ အဲဒီလူက ဗိုလ်မှူးကြီးစောချစ်သူ ခေါင်းဆောင်တဲ့ DKBA (၉၉၉) တပ်ဖွဲ့ဝင်တဦးဖြစ်ခဲ့တဲ့ `စောသံမဏိ´ဖြစ်ပြီး သူဟာ ဒီကနေ့ မနက်စောစောမှာ ထိုင်းလူမျိုးအငှားဆိုင်ကယ်မောင်းသမားကိုပါ ပြန်မလွှတ်ပဲ သူနဲ့အတူ လက်ထိပ်ခတ်ထားပြီး သူကတော့ လက်ပစ်ဗုံး နှစ်လုံးကိုင်ဆောင်ပြီးတော့ နိုင်ငံရေးတောင်းဆိုချက် ၄ ရပ်ကို တောင်းဆိုခဲ့တာပါပဲ။ သူရဲ့တောင်းဆိုချက်တွေက……
(၁) DKBA ကို နယ်ခြားစောင့်တပ် (BGF) ပြောင်းခိုင်းတာ မကျေနပ်ဘူး။ လက်မခံဘူး။
(၂) နယ်ခြားစောင့်တပ်အတွက် အင်အားတွေ စုဆောင်းနေတာကို မကျေနပ်ဘူး။
(၃) ၂၀၁၀ ရွေးကောက်ပွဲဟာ မတရားဘူး။
(၄) UN က မြန်မာပြည်ပြဿနာကို သေသေချာချာ ၀င်ရောက်ကူညီဖြေရှင်းပေးဖို့….. စတာတွေဖြစ်ပါတယ်။
မကြာခင်မှာပဲ မဲဆောက်မြို့တော်ဝန်နဲ့ မြို့စောင့်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး သူ့ကိုဖျောင်းဖျပြောဆိုခဲ့ပါတယ်။ သူတောင်းဆိုတာတွေကို အထက်က တာဝန်ရှိသူတွေထံ တင်ပြပေးပါမယ်။ ဒါပေမယ့် အခုလို ခြိမ်းခြောက်မှုပါတဲ့ လုပ်ဆောင်မှုကိုတော့ ထိုင်းဥပဒေအရ အရေးယူတာခံရမယ်….. လို့ ပြောဆိုတဲ့အခါ သူကလည်း လက်ခံတာမို့ အခြေအနေဟာ အေးအေးဆေးဆေးပဲ ပြီးစီးသွားပါတယ်။ အဲဒီနောက် သူ့ကို ထိုင်း ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာတွေ့ရပါတယ်။ (သြော်…. တိုက်တိုက်ဆိုင်ဆိုင်ပဲနော်၊ ဒီကနေ့ဟာ ဘာနေ့လည်းသိလား၊ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ဘဲ မဟုတ်ပါလားဗျာ။) `မတရားမှုတွေကို သူ့နည်းသူ့ဟန်နဲ့ အာခံခဲ့တဲ့ စောသံမဏိ အမြန်ဆုံးလွတ်မြောက်ပါစေ…လို့ ဆုတောင်းလျက်….။´
သတင်း- သောင်ရင်းနဂါး (မြန်မာပြည်သား)

No comments:
Post a Comment