ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 25, 2011

အရှင်ဦးဝိစာရ

>
ယခုတစ်လော ဘာသာရေးမဂ္ဂဇင်း တော်တော်များများတွင် ဆရာတော်ကြီးများ၏ အကြောင်းတွေ ရေးထားကြသည်မှာ အချို့ဆိုလျှင် အကြိမ်ကြိမ် အထပ်ထပ် အပ်ကြောင်းထပ်လုမက ရှိနေသည်။ သို့သော်လည်း နိုင်ငံတော်မှ အသိအမှတ်ပြု၍ ဘာသာနှင့်သာသနာအတွက် အသက်စွန့်သွားသူ ဆရာတော်ကြီး တစ်ပါးအကြောင်းကို မည်သည့် မဂ္ဂဇင်းများတွင်မှ မတွေ့ရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာနှင့် မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်နှင့်လဲ၍ ဆောင်ရွက်သွားခဲ့သည့် ရဟန်းအာဇာနည်အကြောင်း မမေ့ကောင်းသည်ကို တိုင်းပြည်၊ လူမျိုးနှင့် ဘာသာကို ချစ်မြတ်နိုးသည်ဟု ဆိုသူတိုင်း ပြန်လည်အမှတ်ရစေရန် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်အနေဖြင့် တင်ပြလိုက်ပါသည်။

အရှင်ဦးဝိစာရလောင်းလျာ၏ လူအမည်မှာ မောင်လှကျော် ဖြစ်သည်။ သာသနာ သက္ကရာဇ် ၂၄၃၂ ခု၊ ကောဇာ ၁၂၅ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် ည ၃ ချက်တီးကျော် ၉ ရက် ၁၂ နာရီ ဥပါဒ် ၄ ဗီဇနာ ဗုဒ္ဓဟူးနေ့ အဝင်တွင် အဘ ဦးမြား၊ အမိ ဒေါ်ဇလပ် တို့မှ အမြင့်မြို့အပိုင်၊ အနိမ့် ကိုးရွာ အပါအဝင် ကမ်းနိမ့်ရွာ၌ ဖွားမြင်၏။ မွေးချင်း ၃ ဦး ရှိသည်။ တောကျောင်းကြီးရွာရှိ အဓိကရ သုံးပန်းလှ သိမ်တော်ကြီးတွင် ဘုံပြန်ဆရာတော် ဦးအာဒိစ္စအား ဥပဇ္ဈာယ်ပြု၍ ဘွဲ့မည် ဦးဝိစာရဟု တွင်သည်။

ဦးဝိစာရအရှင်သည် မန်းကြီးပုတ်ရွာ ဆရာတော် ဦးရာဇိန်ထံ ပထမဦးစွာ သဒ္ဒါကျမ်း ပြီးမြောက်အောင် သင်ယူသည်။ ပျဉ်းမနား ကံဦးတိုက် ဆရာတော် ဦးကုသလထံတွင် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ ပိဋကတ်ကျမ်း တို့ကို သင်ယူ၏။ ချောင်းဦးမြို့ ပထမရွှေတောင်ဆရာတော်ထံတွင်လည်း ၂ ဝါတိုင် ဝိနည်းသိက္ခာများကို သင်ယူသည်။ ထို့နောက် မန္တလေး မြို့၊ ရွှေရေးဆောင်တိုက် ဆရာတော်ထံတွင် လည်းကောင်း၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ထံတွင် လောကုတ္တရာ စာပေများကို ဆက်လက်သင်ယူရင်း တစ်ဖက် မှ စာသင်သား သံဃာတို့အား စာပေပို့ချခဲ့သည်။

ဦးဝိစာရအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေသော အရေးအခင်းမှာ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ကျင်းပသော မန္တလေးမြို့ အိမ်တော်ရာ ဘုရားပွဲအတွင်း ညတစ်ညတွင် မန္တလေး ရာဇဝတ်ဝန် စတီးဝပ် သည် နောက်ပါ ပုလိပ်များနှင့် ဘုရားရင်ပြင်တော်ပေါ်သို့ ဖိနပ်စီး တက်ရောက်လာသဖြင့် ဘုရားပွဲ စောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်များက ကန့်ကွက်ရာမှ ဆူပူမှုများ ဖြစ်ပွားသည်။ ယင်းအခိုက် အရှင်ဦးကေသရ (ထီးလင်း တိုက်တွင် လက်ပံတန်းမြို့၊ ကွမ်းခြံရွာမှ စာဝါလိုက် ရဟန်းပျို) သည် ဘာသာ၊ သာသနာကို စော်ကားသူ မျက်နှာဖြူ ရာဇဝတ်ဝန်အား ဓားရှည်ဖြင့် ခုတ်ရာ နှာခေါင်း ပြတ်သွား သည်။ ပုလိပ်တပ်က စကုတိုက်သို့ ရှေးဦးဝန်းရံ၍ ဓားခုတ်သူ ဦးကေသရအား ထုတ်ပေးရမည်ဟု တိုက်အုပ်၊ တိုက်ကြပ် များအား ခြိမ်းခြောက်နေစဉ် စကုတိုက်ရှိ ဘွဲ့မည်တူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရ ရွှေမန်းဦးကေသရက- ''ကေသရဆိုတာ ငါပဲ၊ ငါလည်း ဘုရားပွဲတော်သို့ မရောက်၊ ဓားဖြင့် ခုတ်သူ လည်း ငါ မဟုတ်၊ ငါ မသိ'' ဟု ငြင်းဆိုလိုက်သည်။ တစ်ဖန် ပုလိပ်တပ်က ထီးလင်းတိုက်ကို ဝိုင်းရာ စတီးဝပ်အား ကိုယ်တိုင် ဓားဖြင့်ခုတ်သူ ကိုယ်တော် ထွက်လာပြီး စတီးဝပ်ကို ဓားဖြင့် ဆုံးမလိုက်သူမှာ ငါ ဖြစ်သည်။ ဗုဒ္ဓ ဘာသာ သာသနာတော်ကို စော်ကား၍ ဆုံးမခြင်း ဖြစ်သည်။ ထောင်ကျမှာလည်း ငါ ဂရုမစိုက်၊ သေရမှာလည်း ငါ မကြောက်၊ ငါ့အနေဖြင့် အမျိုး ဘာသာ သာသနာကို စော်ကားသူ တစ်ယောက်အား ဆုံးမလိုက်ရပြီ ဖြစ်၍ သေလျှင်လည်း သေပျော်ပြီဟု ဆိုကာ အဖမ်းခံ၍ ထိုအမှုနှင့် ထောင်ဒဏ် တစ်သက် ကျခံရသည်။

-----(ရန်ကုန်မြို့မှ - ဦးဝိစာရလမ်း')

၁၂၈၅ ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင် ဝေဠုဝန်တိုက်တွင် နေစဉ် သံဃသာမဂ္ဂီအဖွဲ့ တာဝန်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သည်။ ဆရာတော်ဦးဥတ္တမ ကိုယ်တော်က ကျေနပ်သဖြင့် ဦးဝိစာရကို ခေါ်၍ ရေး၊ မြိတ်၊ ထားဝယ် စသည့် တနင်္သာရီ နယ်သို့ ဝံသာနုတရားဟောရန် အတူတကွ ပထမဆုံးအကြိမ် ကြွရောက်၏။ နောက်ပိုင်းတွင် ဦးဝိစာရအား လက်ရုံးသဖွယ် အတူတွဲဖက် ဟောပြောရန် အစဉ် ခေါ်ဆောင်လေ့ ရှိသည်။

အိန္ဒိယ မြန်မာ ချစ်ကြည်ရေးအတွက် အိန္ဒိယကွန်ဂရက် အသင်း၊ မြန်မာပြည်ဆိုင်ရာ အသင်းခွဲတွင် ဦးဥတ္တမနှင့် ဦးဝိစာရတို့သည် အသင်းဝင် ရဟန်းများ ဖြစ်သည်။ ၁၉၂၂ ခုတွင် အိန္ဒိယပြည် ဂါယာ၌ ကျင်းပသည့် ပြည်လုံးကျွတ် ကွန်ဂရက်အသင်း ညီလာခံသို့ တက်ရောက်၏။ ပါဠိ၊ သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စာပေကျမ်းဂန်များကို နှစ်ဝါ တိုင်တိုင် အိန္ဒိယပြည် ကာလကတ္တားမြို့တွင် သင်ယူသည်။ အိန္ဒိယ၊ စစ်တကောင်းမှတစ်ဆင့် ရခိုင်ပြည်သို့ လှည့်လည် တရားဟောရင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်သည်။ ဦးဝိစာရသည် သံဃသာမဂ္ဂီ အဖွဲ့ချုပ်ကြီးမှ ခန့်အပ် တာဝန်ပေးထားသည့် နိုင်ငံရေး ဓမ္မကထိက သံဃာတစ်ပါး ဖြစ်သဖြင့် ပြည်ထဲရေးဌာန လက်အောက်ရှိ ပုလိပ်တို့က အရေး ပါသော နိုင်ငံရေး ခေါင်းဆောင်ဟု သတ်မှတ်၍ မြန်မာပြည် နိုင်ငံရေး(လူဆိုး) စာရင်းဝင် နံပါတ် ၄၄ တွင် မှတ်တမ်းတင် ခံခဲ့ရသည်။

၁၂၈၈ ခု သီတင်းကျွတ် လပြည့်ကျော် ၁ ရက် (၂၂-၁ဝ-၂၆) နေ့တွင် လက်ပံတန်းမြို့နယ် သာရဝေါတိုက်၊ မနော်ညောင်ကုန်းရွာတွင် တိုက်နယ် ဝံသာနု အစည်းအဝေး ကျင်းပသည်။ ထိုအစည်းအဝေးသို့ ဦးဝိစာရအား တရားဟော ရန် ကြိုတင် ဖိတ်ကြားထားသည်။ ယင်းအခါ သာယာဝတီ ဒိစတြိတ် အရေးပိုင်က အိန္ဒိယရာဇသတ် ပုဒ်မ ၁၄၄ အရ သာယာဝတီစီရင်စုနယ်မြေအတွင်း သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ တန်ဆောင်မုန်းလကုန်အထိ 'လူစုလူဝေး ပြု ခြင်း၊ အစည်းအဝေး ကျင်းပခြင်း လုံးဝမလုပ်ရ' ဟု အမိန့် ထုတ် တားမြစ်သည်။

ဦးဝိစာရသည် သာရဝေါတိုက်နယ် မနော်ညောင်ကုန်း ရွာ၊ အင်းရွာတိုက်နယ်၊ ထနောင်းကုန်းကျေးရွာ၊ မကျည်းကုန်းရွာနှင့် သီတင်းကျွတ်လဆုတ် ၁၁ ရက်နေ့တွင် ရေငံကြီးရွာ များသို့ လှည့်လည် တရားဟောပြီး အပြန် အုတ်ဖိုတရားပွဲသို့ သွားရန် ကားစောင့်နေစဉ် ပုလိပ်တို့က ပုဒ်မ ၁၈၈ အာဏာ ဖီဆန်မှုနှင့်ဖမ်းကာ သာယာဝတီအကျဉ်းထောင်သို့ ပို့လိုက်သည်။ ထိုမှ သာယာဝတီ ဒိစတြိတ်၊ တွဲဖက် အထူးအာဏာရ ရာဇဝတ်တရားသူကြီးရုံးတွင် စစ်ဆေး၍ ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားသည်ဟုဆိုကာ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ ၁၂၈၈ ခု တန်ဆောင်မုန်းလဆုတ် ၂ ရက် (၂၂-၁၁-၂၆) နေ့တွင် ထောင် ၂ လ ချကာ ရန်ကုန်ထောင်ကြီးသို့ ပြောင်းရွှေ့အကျဉ်းချထားသည်။ အရှင်ဦးဝိစာရ၏ ပထမ အကြိမ် ထောင်ချခံရခြင်းဖြစ်သည်။

ရန်ကုန်ထောင်မှ မလွှတ်မီ တစ်ရက်အလို ၂ဝ-၁-၂၇ နေ့တွင် သာယာဝတီထောင်သို့ ပုလိပ်အစောင့်ဖြင့် ပြန်ပို့ကာ ၂၁-၁-၂၇ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးသော်လည်း ထောင်ဘူးဝ၌ပင် ပုလိပ်တို့က သာယာဝတီ အရေးပိုင်၏ ဝရမ်း အရ၊ ရာဇသတ်ပုဒ်မ ၁၂၄(က) ဖြင့် ဒုတိယအကြိမ် ဖမ်းဆီး ကာ သာယာဝတီထောင်အချုပ်သို့ ပြန်ပို့ထားလိုက်သည်။ ဒုတိယမြောက်အဖမ်းခံရသည့် အမှုကြောင်းမှာ ထနောင်းကုန်း ကျေးရွာ တရားပွဲ၊ မကျည်းကုန်းရွာ(အင်းဝ) တရားပွဲတို့၌ အရှင်ဦးဝိစာရ၏ ဟောပြောချက်များသည် အစိုးရအား အကြည်ညိုပျက်စေသည်ဟူသော စွဲချက်ပင်ဖြစ်သည်။

သာယာဝတီထောင်ကြီးချုပ်၌နေစဉ် ဦးဝိစာရက ၁၂၈၈ ခု ပြာသိုလဆုတ် ၁၅ ရက် လကွယ်နေ့ ဥပုသ်နေ့တွင် ဝိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြု ခွင့် စီစဉ်ပေးရန် အရေးပိုင်ထံ စာရေးပေးပို့သည်။ အရေးပိုင်က အကျဉ်းထောင်ဥပဒေအရ မည်သည့်တရားခံကိုမျှ ဥပုသ် ပြုခွင့်မပေးနိုင်ကြောင်း ငြင်းဆိုသဖြင့် ဦးဝိစာရက အစာ အငတ်ခံ ဆန္ဒပြအရေးဆိုခဲ့သည်။ ထို့ကြောင့် ၄-၂-၂၇ ရက်နေ့တွင် သာယာဝတီ အထူးရာဇဝတ်တရားသူကြီး ရုံး တွင် အမှုချိန်းရှိသော်လည်း ရုံးမထုတ်တော့ပေ။

အစာငတ်ခံဆန္ဒပြ၍ ၄ ရက်မြောက်နေ့တွင် မျက်နှာဖြူ အရေးပိုင်က ထောင်တွင်းသို့လာပြီး- ''ဘုန်းကြီး၊ ခင်ဗျား ဘာပြုလို့ ထမင်းမစားသလဲ၊ ခင်ဗျားပါးစပ်နဲ့ ထမင်း ကောင်း ကောင်းမစားချင်ဘူးလား။ နှာခေါင်းနဲ့ စားချင်သလား၊ ဖင်(စအို)နဲ့ စားချင်သလား။ အခု ဗိုက်ထဲကို နွားနို့ သွင်း ပေးရမယ်။ ဘုန်းကြီး အများကြီး ဒုက္ခရောက်သွားမယ်'' ဟု ပြောကြောင်း၊ ဆရာတော်က- ''မင်းတို့ လက်ထဲမှာ၊ မင်းတို့ ကြိုက်သလို ဒုက္ခပေးရုံမက ခုချက်ချင်း သေနတ်နဲ့ ပစ်သတ်ချင် ပစ်သတ်လိုက်ကြပေါ့'' ဟု ဆိုသဖြင့် ထိုနေ့ ညနေ ၆ နာရီခန့်တွင် ဆရာတော်အား ရန်ကုန်ထောင်ကြီးသို့ ညချင်းခေါ်ယူ ပြောင်းရွှေ့၏။ ဆရာတော်ကလည်း တစ်ဆက်တည်း ဆွမ်းဘုဉ်းမပေးဘဲနေခဲ့ရာ ရက်ပေါင်း ၄ဝ မြောက် နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုသ်ပြုခွင့်ကို အလျှော့ ပေးသဖြင့် ဆွမ်းပြန်စားခဲ့သည်။

ဦးဝိစာရအား ပုဒ်မ ၁၂၄(က)အရ စွဲဆိုသော အမှု များမှာ သာယာဝတီစီရင်စုအတွင်း ဟောပြောခဲ့ခြင်း ဖြစ်၍ ထုံးစံအရ သာယာဝတီရုံးတွင်သာ စစ်ဆေးရမည့်အစား ဟိုက်ကုတ်တရားလွှတ်တော်မှ အင်းစိန်စီရင်စု တွဲဖက် ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းစစ်ဆေးစေရမည်ဟူ သောအမိန့်ကို ထောင်တွင်းသို့ လာရောက်ဖတ်ပြ၏။ ဦးဝိစာရ က ၂၈-၄-၂၇ နေ့တွင် ရုံးပြောင်းစစ်ဆေးခြင်းကို သဘော မတူကြောင်း၊ သာသာဝတီ ရုံးတွင်သာ စစ်ဆေးသင့်ကြောင်း ဟိုက်ကုတ်သို့ စာပြန်တင်သော်လည်း လက်မခံခဲ့ပေ။

အပြစ်ပေးခံရပြီး ထောင်ကျအကျဉ်းသမားအဖြစ် ရုံးမှ ခေါ်ယူလာ၍ ရန်ကုန်ထောင်အတွင်းရောက်လျှင် ဘူးဝ၌ပင် ဦးဝိစာရအား သင်္ကန်းကိုချွတ်၍ ထောင်ဝတ်နံငယ်ပိုင်း လဲလှယ်ရမည်ဟု အာဏာပိုင်တို့က အတင်းအကျပ်စေခိုင်းခဲ့သည်။ ဦးဝိစာရက လက်မခံ။ ပြန်လည်ပြောဆိုခြင်း မပြုဘဲ ဘာဝနာပွားများလျက် နေတော်မူသည်။ ထိုအခါ ရာဇဝတ်အကျဉ်း သမားများ၊ ထောင်အမှုထမ်းဝါဒါများအား သင်္ကန်းကို ဆွဲချွတ် လဲလှယ်ရန် ခိုင်းစေသော်လည်း ဝတ်ကျေတန်းကျေသာ ပြုလုပ်ကြသဖြင့် ထောင်မှူးများက ဆဲဆိုရိုက်နှက်၍ မျက်နှာဖြူ ထောင်အရာရှိ ၃ ဦးကိုယ်တိုင် အတင်းအဓမ္မ ဝင်ရောက် ဆွဲချွတ်ကြပြီး ထောင်ဝတ်ကိုဝတ်စေရာ ဦးဝိစာရက သင်္ကန်းမှတစ်ပါး မည်သည့်အဝတ်ကိုမှ မဝတ်နိုင်ဟုဆိုသဖြင့် ထောင်အမှုထမ်းများက ဝိုင်းဝန်း ချီမ,သယ်ယူစေ၍ တိုက်ပိတ် ကာ သီးသန့် အုတ်တိုက်ခန်း တစ်ခုအတွင်းသို့ အဝတ်မပါဘဲ သွင်းထားလိုက်ကြသည်။

ထိုအခါ ဦးဝိစာရအရှင်၏ စိတ်တွင် 'တိုင်းတစ်ပါး သား မိစ္ဆာအစိုးရသည် ထောင်အပ၌ အမျိုးမျိုးသော ဖိနှိပ် ချုပ်ချယ်ရေး ဥပဒေများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး အပြစ်ပေးရုံမက၊ ထောင်အတွင်း၌လည်း ထောင်စည်းကမ်းအရဆိုကာ မြတ်စွာဘုရား ခွင့်ပြုသတ်မှတ် ပေးအပ်ထားသော ဝတ်ရုံသင်္ကန်းကို အတင်းအဓမ္မ ချွတ်၍ စော်ကားခံရသောကြောင့် သာသနာတော်ကြီး မကြာမီ ပျက်စီးရချေတော့မည်။ ထောင်အတွင်း သင်္ကန်းဝတ်ရုံခွင့် မရသမျှ ကာလပတ်လုံး မည်သို့ ညှဉ်းပန်းနှိပ်စက်ပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍ ဆွမ်းဘုဉ်းပေးခြင်း လုံးဝမပြုဘဲ အသက်သေသည့်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာတော်များနှင့် သာသနာ့အကျိုးကို ရှေးရှု၍ အစာငတ်ခံရန် အဓိဋ္ဌာန်ပြုတော့အံ့ဟု စိတ်ကူးကြံစည်ခဲ့သည်။

၁၂၈၉ ခု ကဆုန်လဆန်း ၈ ရက်နေ့ ၈-၅-၂၇ ရက် တနင်္ဂနွေနေ့မှစ၍ ဦးဝိစာရသည် ဒုတိယအကြိမ် အစာ ငတ်ခံ ဆန္ဒပြခဲ့သည်။ ၃ ရက်ခန့်အကြာတွင် မျက်နှာဖြူ ထောင်ပိုင်ကြီးကိုယ်တိုင် ရန်ကုန်ထောင်အတွင်း လာ၍ အလွန်တရာ ရိုင်းစိုင်းမောက်မာသော အသုံးအနှုန်းတို့ဖြင့် ပြောဆို ခြိမ်းခြောက်ခဲ့သည်။ သို့ဖြင့် ဥပုသ် နှစ်ပတ်ကြာသည်အထိ သင်္ကန်းကို ဝတ်ခွင့်မပေးဘဲ အဓမ္မ ဝိုင်းဝန်းချုပ်နှောင်၍ နှာခေါင်းပေါက်မှတစ်ဆင့် အစာနှင့် ဂလူးကို့စ်ကို တစ်နေ့ နှစ်ကြိမ်မျှ သွင်းခြင်း၊ ချုပ်နှောင်၍ စအိုပေါက်မှ ပိုက်လုံးဖြင့် ဝမ်းချူခြင်းတို့ကို ပြုလုပ်နေရာ ရက်ပေါင်း ၄ဝ ကျော် အရောက်တွင် အိပ်ရာပေါ် လဲလျက် စကား လုံးဝမပြောနိုင်။ သတိမေ့မြောသည့် အခြေအနေ ရောက်မှ ထောင်ဆေးရုံသို့ ပို့၍ ကုသပေးခဲ့သည်။ ယင်းသို့ ရက်,လကြာရှည်စွာ ကြိုးတိုက်တွင်းတွင်လည်းကောင်း၊ ထောင်ဆေးရုံတွင်လည်းကောင်း၊ ကဆုန်လမှ တန်ဆောင်မုန်းလတိုင်အောင် ကိုယ်ရော စိတ်ပါ ဒုက္ခခံနေခဲ့ရသည်။

၁၂၈၉ ခု နတ်တော်လဆန်း ၇ ရက်နေ့တွင် ဦးဝိစာရအား လုံးဝ မလှုပ်နိုင်၊ စကားမပြောနိုင်သည့် အခြေအနေမှာပင် ထမ်းစင်ဖြင့်သယ်၍ ကားဖြင့် တံတားကလေး အရူးထောင်သို့ ရွှေ့ပြောင်းလိုက်ပြန်သည်။ ထိုအချိန်မှစ၍ ဦးဝိစာရအား သံခုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်၍ ခြေရော လက်ပါ ကြိုးဖြင့် တုပ်နှောင်ပြီး ရိုက်နှက်ခြင်း၊ နှာခေါင်းပေါက်၊ မျက်လုံးပေါက်ထဲသို့ ရေလောင်းခြင်း၊ မျက်နှာဖြူ သူနာပြု ဆရာမနှင့် ကပြားမတချို့က မကြားဝံ့ မနာသာ ပြက်ရယ်ပြု ထိပါး စော်ကားကြခြင်း၊ အခန်းတစ်ခန်းထဲတွင် အရူးများနှင့်အတူ ထားခဲ့ရာ ဆဲဆို၊ ရိုက်နှက်၊ ကန်ကျောက်ခံရခြင်း၊ မစင်များနှင့် ကိုယ်ကို သုတ်လိမ်းခြင်း စသည့် အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရသော်လည်း ဦးဝိစာရသည် ခန္တီပါရမီကို သတိဖြင့် ဆောက်တည်၍ မေတ္တာဘာဝနာကိုသာ ပွားများနေခဲ့သည်။ ထို့နောက် ၁၂၈၉ ခု နတ်တော်လပြည့်နေ့ နံနက် ၆ နာရီခန့်တွင် မမျှော်လင့်ဘဲ ဦးဝိစာရအား ဝတ်ရုံသင်္ကန်းကို ပြန်လည်ပေးအပ်၍ ရန်ကုန်ထောင်ကြီးသို့ ပြန်လည်ပို့ခဲ့သည်။ ထိုအခါတွင်မှ ဆွမ်းကို ပြန်လည်ဘုဉ်းပေးခဲ့ရာ အားအတန် ပြည့်လာသော် တပို့တွဲလပြည့်ကျော် ၁ဝ ရက်နေ့တွင် ထောင်အရာရှိများက သင်္ကန်းကို တစ်ဖန် ချွတ်ပြန်သဖြင့် ဆွမ်းမစားဘဲ ထပ်မံ နေခဲ့ရသည်။

ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေးကျောင်း ဆရာတော် ဦးကေတုသည် ဟင်္သာတထောင်မှ ပြန်လည် လွတ်မြောက်လာပြီး ကျောင်းတွင် သီတင်းသုံးနေသော ဦးဝိစာရ ကိုယ်တော်အား မတွေ့သဖြင့် စုံစမ်းရာ ရန်ကုန်ထောင်တွင် တစ်နှစ်နှင့် ၉ လ အပြစ်ခံနေရကြောင်း သိရသည့်အတွက် ၁၂၈၉ ခု ပြာသိုလဆုတ် ၂ ရက်၊ တနင်္ဂနွေ နေ့ ၁၁ နာရီတွင် ထောင်ဝင်စာ တွေ့ခဲ့သည်။ ထိုအခါတွင်မှ ရန်ကုန်ထောင်တွင်း၌ ဦးကွာဖိန္ဒာဓိပတိ ကိုယ်တော်နှင့် ဦးအာသဘ ကိုယ်တော်များလည်း အစာငတ်ခံနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အရူးထောင်၌ ရှိစဉ် ရန်ကုန်ထောင်မှ ဦးဝါသဝ ကိုယ်တော်ကို အရူးထောင်သို့ ခေါ်ယူလာပြီး ဦးဝိစာရ၏ ရှေ့တွင်ပင် ရိုက်နှက် နှိပ်စက်ပြသည်ကို မြင်ခဲ့ရကြောင်း သိရှိ၍ ၁၂၈၉ ခုနှစ် တပေါင်းလတွင် မင်းဘူးမြို့ ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက် သံဃာ့အစည်းအဝေးတွင် ထောင်တွင်းရောက် သံဃာတော်များ အရေးကို ထည့်သွင်း စဉ်းစားတော်မူပါရန် လျှောက်ထားခဲ့သည်။

၁၂၈၉ ခုနှစ် တပေါင်းလအတွင်း မင်းဘူးမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီစီဘီအေ အသင်းချုပ်ကြီး၏ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် တွဲဖက် ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် သံဃသာမဂ္ဂီ အစည်း အဝေးတွင် ရန်ကုန်ထောင်အတွင်း ရဟန်းတော်များ ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသည့် သံဃာတော်အားလုံး၏ အရေးကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်များကို တညီတညွတ်တည်း ဆုံးဖြတ်ပြဋ္ဌာန်းကာ သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် စပ်လျဉ်းသော ထောင်တွင်း အရေးအခင်းများကို တိုးတက် အရေးဆို တိုက်ပွဲဝင်ရန် လှုံ့ဆော်ဖန်တီးပေးနိုင်သည်။ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှုကြောင့် ၁၂၈၉ ခု တပေါင်းလဆန်း ၆ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ဦးဝိစာရအား သင်္ကန်းကို ပြန်လည်ပေးအပ်၍ နေ့လယ် ၁ နာရီခန့်တွင် ထောင်မှူးတစ်ဦးနှင့် ဝါဒါတချို့က ထောင်ဘူးသို့ တွဲယူ ခေါ်ဆောင်ကြ၏။ အပြင်မှ ရောက်လာသည့် မျက်နှာဖြူ ရာဇဝတ်ဝန်ကြီးတစ်ဦးနှင့် မြန်မာပုလိပ် အရာရှိတစ်စုတို့က ဦးဝိစာရအား ကားဖြင့် လသာလမ်း၊ ပုလိပ်ဌာနသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် သင်္ဘောဆိပ်သို့ ခေါ်ယူသွားပြီး ကာလကတ္တားသို့ ထွက်မည့် သင်္ဘောပေါ်တွင် အစောင့်နှင့်တကွ အိန္ဒိယအကျဉ်းထောင် သို့ ကြိုတင်အသိမပေးဘဲ ရွှေ့ပြောင်းလိုက်သည်။ ကာလကတ္တားဆိပ်ကမ်းသို့ ရောက်သော် အိန္ဒိယပုလိပ်အဖွဲ့မှ လာရောက် စောင့်ကြိုကာ ဆိပ်ကမ်းမှကားဖြင့် ကာလကတ္တား ထောင်သို့ ခေါ်သွားပြီး ထိုမှတစ်ဆင့် ပုလိပ်ဌာနတစ်ခုသို့ ပို့သည်။ လက်ထိတ်ခတ်ရန် ပြင်ဆင်သဖြင့် ဦးဝိစာရက- လက်ထိတ်ခတ် မခံ၊ ကြမ်းပေါ်သို့လှဲအိပ်ကာ- ''ငါ့ကို လက်ထိတ်မခတ်ကြနဲ့၊ ဒီနေရာမှာ သေနတ်နဲ့ ပစ်ချင် ပစ်သတ် လိုက်ကြ'' ဟု ပြင်းပြင်းထန်ထန် ကန့်ကွက်ရာ လက်ထိတ် မခတ်၊ ကြိုးလည်းမချည်ဘဲ လက်နက်ကိုင် အစောင့်အရှောက်များနှင့် မေဒီနီထောင်သို့ ပို့လိုက်ကြသည်။

မေဒနီထောင်ဘူးဝတွင် အင်္ဂလိပ်လူမျိုး ထောင်ပိုင်ကြီးက သင်္ကန်းကို ချွတ်၍ ထောင်ဝတ်ဖြူ (နံငယ်ပိုင်း) ကို အဝတ်ခိုင်းပြန်သည်။ ထိုအခါ ဦးဝိစာရက- ''ငါသည် ဆနာရာဆီခေါ် ရဟန်းဖြစ်သည်။ သင်္ကန်းကိုလည်း မချွတ်နိုင်၊ ထောင်ဝတ်ကိုလည်း မဝတ်နိုင်'' ဟု ငြင်းဆန်ခဲ့သည်။ ဦးဝိစာရ၏အကြောင်းပြချက်မှာ အိန္ဒိယ အကျဉ်းထောင်များတွင် ဆစ်လူမျိုး အကျဉ်းသမားများသည် ဆံပင် မုတ်ဆိတ်ကို မရိတ်ကြချေ။ ဟိန္ဒူဘာသာဝင်တို့သည်လည်း ၎င်းတို့ ခေါင်း ပေါ်မှ ဆံဦးစွန်းများကို မရိတ်ကြရ။ ဆစ်နှင့် ဟိန္ဒူတို့အတွက် ဆံမုတ်ဆိတ်၊ ဦးစွန်းသည် 'ဇာတ်' ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာ ရဟန်းတို့အဖို့ 'သင်္ကန်း'သည် 'ဇာတ်' ဖြစ်သည်။ ထို့ကြောင့် သင်္ကန်းကိုမချွတ်နိုင်ဟု ဖြစ်သည်။ ထို့ကြောင့် မေဒီနီထောင် အတွင်း သင်္ကန်းဝတ်ရုံခွင့်ရ၍ အလုပ် မလုပ်ရသော်လည်း အုတ်သမံတလင်းပေါ်တွင်သာ အိပ်ရသဖြင့် ဦးဝိစာရက ခုတင်နှင့် ခြင်ထောင် တောင်းဆိုသည်။ ငြင်းခုံပြီးမှ ခြင်ထောင် ရရှိ၏။ ခုတင်ကား မရသေး။ ရက်အတန်ကြာသော် ကျောနှင့် တင်ပါးတွင် အနာများပေါက်လာသည်။ ကျောတောင့် ခါး ကိုက် မအိပ်နိုင် မစားနိုင် ဖြစ်သဖြင့် ခုတင် စီစဉ်ပေးခဲ့သည်။ ၁၂၉ဝ ခု တပေါင်းလဆန်း ၇ ရက် (၁၄-၂-၂၉) ရက်နေ့တွင် မေဒီနီထောင်မှ ကာလကတ္တားသို့ခေါ်လာပြီး ပထမ (လာလဗ ဂျားရ) ပုလိပ်ဌာနသို့ လည်းကောင်း၊ ထိုမှတစ်ဖန် (အလီပူရ) ပုလိပ်ဌာနသို့လည်းကောင်း၊ တတိယည ၁ဝ နာရီခန့် အချိန်တွင် (ဘလိဂန်ဂျ) ပုလိပ်ဌာနသို့ ခေါ်ဆောင်သွားသည်။ နောက်တစ်နေ့တွင် ကာလကတ္တားမှ ပုလိပ်အစောင့် ၃ ဦးနှင့် သင်္ဘောဖြင့် ရန်ကုန်ထောင်သို့ ပြန်လည်ပို့ဆောင်၏။

တပေါင်းလဆန်း ၁၁ ရက် (၁၈-၂-၂၉) နေ့တွင် ရန်ကုန်သို့ ရောက်။ ကျောက်ခဲ၊ သဲပါသော ဆန်လုံးတီးကို စားစေ၏။ ''ဤဆွမ်းကို မစား၊ ပေါင်မုန့်၊ ထောပတ်၊ နို့နှင့် ငှက်ပျောသီးကို ဖြစ်စေ၊ သို့မဟုတ် အိန္ဒိယထောင်တွင် စီစဉ်ပေးသည့် ဆန်ဖြူထမင်း၊ ပဲဟင်း၊ ချဉ်ဟင်း၊ လက်သုပ် တစ်ခွက်နှင့် ဆိတ်သားနှပ်တို့ စီစဉ်ပေးမှသာ ဆွမ်းစားမည်' ဆိုပြီး ထိုဆွမ်းတစ်နပ် အငတ်ခံပြန်သည်။ နောက်တစ်နေ့မှ ဦးကွာပိန္ဒာဓိပတိ ကိုယ်တော်တိုင် စီစဉ်သော ဆန်ဖြူဆွမ်း ကို ဘုဉ်းပေးရ၏။ ၁၂၉ဝ ခု တပေါင်းလဆုတ် ၆ ရက် (၂၈-၂-၂၉) နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ထောင်မှ လွှတ်၍ ပုလိပ်၊ စုံထောက်၊ ရာဇဝတ်အုပ် သုံးယောက်က ဦးဝိစာရအား သိမ်ကြီးဈေးသို့ ခြေကျင်ခေါ်ဆောင်ပြီး ထိုမှ ကားဖြင့် ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေးကျောင်းသို့ ပို့သည်။

ဟံသာဝတီစီရင်စု သုံးခွ ရဲဌာနအပိုင်၊ ဖရုံကန်ရွာ တွင် ဟံသာဝတီ စီရင်စုလုံးဆိုင်ရာ (ဝံသာနု) မြန်မာအသင်း ချုပ်ကြီး၏ နှစ်ပတ်လည် အစည်းအဝေးနှင့် ပရိယတ္တိစာပြန်ပွဲ ပူးတွဲ၍ ၁၂၉ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၆ ရက် (၁၅-၃-၂၉) မှစ၍ ကျင်းပသည်။ ၎င်းပွဲသို့ (၂၈-၂-၂၉) နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသော ဦးဝိစာရ တက်ရောက်သည်။ ဦးဝိစာရ၏ ကျန်းမာရေး အခြေအနေမှာ မကောင်းသေး။ ရက်အတန်ကြာ အနားယူ ဆေးကုရန် လိုအပ် ၏။ သို့သော်လည်း ဖရုံကန်အစည်းအဝေးသို့ ဦးဝိစာရသည် ရှင်အရိယ၊ ဦးကေတု၊ အာလံဦးလာဘ၊ ဦးအာသဘ၊ ရေနံ ချောင်း ဦးတေဇဝန္တ၊ ကျောက်တန်း ဦးကေသရ၊ မန္တလေး ဦးသောဘဏ စသည့် ကိုယ်တော်တို့နှင့်အတူ သမ္မတ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဗဟိုအမှုဆောင်လူကြီး စီပီဦးခင်မောင် (G.C.B.A) တို့ပါ ကြွရောက်အားပေးသည်။ ဦးဝိစာရက- 'သာသနာ့ ဒါယကာ မြန်မာဘုရင်များလက်ထက်က ရဟန်းသံဃာတော်တို့အပေါ် မည်သည့်အခါမျှ ဥပဒေ၊ အမိန့်၊ အာဏာတို့နှင့် စီမံ အုပ်ချုပ်သည်ဟု မကြားဖူးကြောင်း၊ အင်္ဂလိပ် မိစ္ဆာအစိုးရ လက်ထက်တွင် ဦးပဉ္စင်းကိုယ်တိုင် မတရားဥပဒေများဖြင့် ဖမ်းဆီးခံရ၍ ထောင်အတွင်း မချိမဆံ့ အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်း (ထောင်တွင်းအဖြစ်အပျက်များကို အကျယ်တဝင့် ဟောသည်။) အင်္ဂလိပ် မျက်နှာဖြူ လက်ပါး စေတို့က သံဃာတို့အပေါ် မသင့်လျော်သော 'မောင်မင်း သိစေရမည်' ဆိုသည့် မင်းဆင့် အမိန့်စာပေးခြင်း၊ ကိုယ်ထိ လက်ရောက် စော်ကားခြင်းကို ပြုနေကြကြောင်း၊ ဗုဒ္ဓဘာသာ တရားတော်အရ တရားမဲ့သော မင်းဆိုးမင်းညစ်တို့၏ အကြောင့်အကျများဖြင့် အုပ်ချုပ်နေသည်ကို မြင်ရ၊ ကြားရ၊ တွေ့ရသော ရဟန်း ရှင် လူ ပြည်သူအပေါင်းမှာ အလွန့်အလွန် နာကြည်းနေကြကြောင်း။ ဤသို့သော မတရားသည့် အမိန့်၊ အာဏာ၊ ဥပဒေတို့ဖြင့် နှိပ်စက်ညှဉ်းပန်းနေမှုများကို မရပ်တန့်ဘဲ ဆက်လက် ကျူးလွန်စော်ကားနေမည် ဆိုပါက ဦးပဉ္စင်းတို့ ရဟန်းသံဃာတော်များသည် ဘုရားသားတော် များ ဖြစ်သည့် အားလျော်စွာ မြတ်စွာဘုရား ထားတော်မူ ခဲ့သည့် ဥပဒေ စည်းကမ်း၊ ဝိနည်း ပညတ်ချက်ကိုသာ လိုက်နာ ရိုသေနိုင်မည်ဖြစ်ကြောင်း၊ ဝိနည်း ပညတ်တော်နှင့် ဆန့်ကျင် သော မိစ္ဆာအစိုးရ၏ အမိန့်၊ ဥပဒေ မှန်သမျှကို မည်သည့် နည်းနှင့်မျှ လိုက်နာလိမ့်မည်မဟုတ်ဘဲ၊ ပါတိမောက္ခံ ဝိသော စေန္တော သဗ္ဗေဝ ဇီဝိတံ ဇဟေ- စသော မြတ်စွာဘုရား ဒေသနာ တော် နှင့်အညီ အသက်ကိုသာ အသေခံသွားမည်ဖြစ်ကြောင်း။

မြန်မာပြည် သမ္မာသမ္ဗုဒ္ဓ သာသနာတော်လုံးဆိုင်ရာ မဟာသံဃသာမဂ္ဂီ အဖွဲ့ချုပ်ကြီး၏ အဋ္ဌမအကြိမ်မြောက် သံဃအစည်းအဝေးကို ၁၂၉ဝ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက် (၂၂-၃-၂၉) နေ့တွင် တောင်ငူမြို့၊ ထီးလှိုင်ရှင် စေတီတော်အနီး မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ အဖွဲ့ချုပ် ဦးစီးနာယက ကြေးသီးကုန်းဆရာတော်က သဘာပတိအဖြစ် ဆောင်ရွက်၏။ ယင်းအစည်းအဝေးတွင် ဦးဝိစာရသည် အရေးကြီးသော အောက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ရန် ဆောင်ရွက် ခဲ့သည်။ 'မြတ်စွာဘုရား သာသနာတော်ကြီးကို ထိခိုက်နစ်နာ ပျက်ပြားအောင် အသင်းအဖွဲ့များက အက်ဥပဒေ ရေးဆွဲ ပြုလုပ်၊ ပြဋ္ဌာန်းခြင်းကို မည်သည့်အခါမှ သဘောမတူ၊ အပြင်းအထန် ကန့်ကွက်ကြောင်း' ၎င်းအဆိုကို ရမည်းသင်း မြို့နယ်၊ သံဃအဖွဲ့ ကိုယ်စားလှယ် အရှင်သူမြတ်က လျှောက်ထားတင်သွင်း၍ ဆရာတော်ဦးဝိစာရက အလေး အနက် ထောက်ခံ မိန့်ကြားပြီး အများသဘောတူ တညီတညွတ် တည်း ပြဋ္ဌာန်းခဲ့ကြသည်။

ဦးစိုးသိမ်း (G.C.B.A) ၏ ၁၆ ကြိမ်မြောက် နှစ်ပတ်လည်နေ့ တောင်ငူကွန်ဖရင့်ကို ၁၂၉ဝ ပြည့်၊ နှောင်း တန်ခူးလပြည့်နေ့ (၂၄-၃-၂၉) နေ့လယ် ၂ နာရီ အချိန်တွင် တောင်ငူမြို့၊ ထီးလှိုင်စေတီအနီး ကျင်းပခဲ့သည်။ ¤င်းကွန်ဖရင့် တွင် (၁) ဆရာတော်ဦးဝိစာရ၊ (၂) ဦးဝိမလဗုဒ္ဓိ၊ (၃) ဦးကေတု၊ (၄) ဦးဝိမလစာရ၊ (၅) ဦးÓဏိန္ဒ၊ (၆) ဦးဒေဝိန္ဒ၊ (၇) ဦးလာဘ၊ (၈) ဦးဓမ္မာဘိသလ၊ (၉) ဦးနန္ဒဝံသ၊ (၁ဝ) မယ်ဇလီကုန်းဆရာတော်၊ (၁၁) ဦးနာရဒ၊ (၁၂) သုံးထောင်စံ ဦးဃောသတို့အား ပင့်ဖိတ်ထားသည်။ ထောင် ပြန် သံဃာတော်များထဲမှ ဦးဝိစာရ၊ ဦးဝိမလဗုဒ္ဓိနှင့် ဦးကေတု ကိုယ်တော် သုံးပါးက တရားတော်များကို မိန့်ကြားသည်။

၂၂-၃-၂၉ မှ ၂၇-၃-၂၉ ထိ တောင်ငူမြို့တွင် ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် သံဃအမှုဆောင် အစည်းအဝေးနှင့် ၁၆ ကြိမ်မြောက် မြန်မာအသင်းချုပ်ကြီး၊ ဦးစိုးသိမ်း (G.C.B.A) ကွန်ဖရင့်များ အပြီးတွင် ဦးဝိစာရ သည် ကျန်းမာရေး မကောင်းသဖြင့် ရန်ကုန်သို့ ပြန်လည် ကြွရောက်ခဲ့သည်။ ဆရာတော်သည် ထောင်တွင်းမှ ခံစားခဲ့ ရသော ဒဏ်၊ ထောင်မှ လွတ်မြောက်လာသော်လည်း အနား ယူ ဆေးဝါးကုသမှု ယူရန် အချိန်ကုန်မခံဘဲ အစားပျက်၊ အအိပ်ပျက် ခံကာ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများကြောင့် ကျန်းမာရေး ထိခိုက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် မဟတ္တမဂန္ဒီဂျီး မြန်မာပြည် လာစဉ် အကြံပေး တိုက်တွန်း ချက်၊ အိန္ဒိယအမျိုးသားကွန်ဂရက်မှ ဆေးကုသပေးရန် စီစဉ် ဖိတ်ကြားချက်အရ ဦးဝိစာရသည့် ၁၂၉၁ ခု တန်ခူးလဆုတ် ၁၃ ရက် ၆-၄-၂၉ စနေနေ့တွင် ကာလကတ္တားသို့ ထွက် မည့် (S.S.Elephant) သင်္ဘောဖြင့် အိန္ဒိယသို့ သွားရန် ပြင်ဆင်နေခိုက် ရန်ကုန် ပုလိပ်မင်းကြီးနှင့် လက်နက်ကိုင် ပုလိပ်တို့ တွံတေးကျောင်းသို့ ရောက်ကာ မကြာမီက သုံးခွ၊ ဖရုံကန်ရွာ တရားပွဲတွင် အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုနှင့် အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)အရ ဝရမ်းပြ၍ တတိယအကြိမ် ဖမ်းဆီးပြန်သည်။ ဦးဝိစာရသည် ၂၈-၂-၂၉ နေ့တွင် ထောင်မှလွတ်၍ ၆-၄-၂၉ ရက်နေ့ တွင် ပြန်လည်အဖမ်းခံရသဖြင့် ထောင်ပြင်တွင် တစ်လနှင့် ၅ ရက်သာ နေခွင့်ရသည်။

၆-၄-၂၉ နေ့တွင် ရန်ကုန်ထောင်သို့ ရောက်လျှင် ရောက်ချင်း ဦးဝိစာရသည် ထောင်အာဏာပိုင်များထံသို့ လည်းကောင်း၊ ရန်ကုန်အရေးပိုင်ထံသို့ လည်းကောင်း၊ ရဟန်းတော်များနှင့် ထိုက်တန်သည့် နိုင်ငံရေး အကျဉ်းသမား များအတွက် သတ်မှတ်ထားသော 'အထူးတန်း'တွင် အမှု စစ်ဆေးနေစဉ် ကာလအတွင်း ထားရှိရန် စာရေး တောင်းဆို ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘုရင်ခံထံသို့ တိုက်ရိုက် စာရေး၍ (၁) သိက္ခာကျသည် မဟုတ်သော ထောင်ဒဏ် အပြစ်ပေးခံရသည့် ရဟန်းတော် များအား သင်္ကန်းဝတ်ရုံခွင့်ပေးရန် (၂) ဝိနည်းတော်နှင့်အညီ ထောင်တွင်းရောက် ရဟန်းတော်များအား တစ်လလျှင် နှစ်ကြိမ် ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊ (၃) နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်၍ အရေးယူခံရသော ထောင်တွင်း ရောက် ရဟန်းတော်များအား ဘာသာရေး ထုံးစံအရ ပစ္စည်း လေးပါး မျှတ၍ ထိုက်တန်သော သီတင်းသုံး နေထိုင်မှု အတွက် အဆင့်အတန်း သတ်မှတ် စီစဉ်ပေးရန် တောင်းဆို ခဲ့သော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ ပေ။

ထို့ကြောင့် ဦးဝိစာရသည် ထောင်တွင်းရောက် အပြစ်ပေးဆဲ အပြစ်ပေးပြီး သံဃာတော်များ အားလုံး၏ ထောင်အခွင့်အရေးများကို အစာငတ်ခံ ဆန္ဒပြ တောင်းဆိုဦးမှ ထိရောက်မည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။ ဦးဝိစာရသည် ၁၂၉၁ ခု ကဆုန်လဆန်း ၂ ရက် ၆-၄-၂၉ မှ စ၍ ဆွမ်း ဘုဉ်းမပေးဘဲ ဆန္ဒပြ၊ အရေးဆို တိုက်ပွဲဝင်ခဲ့သည်။ ရက်သတ္တပတ်မျှ ကြာသည့်အခါ ယခင် ပြုလုပ်ခဲ့သလို ချုပ်နှောင် ၍ နှာခေါင်းမှတစ်ဆင့် အစာ၊ ကစီရည်နှင့် ဂလူးကို့စ်များ သွင်းခြင်း၊ ရက်ခြား ဝမ်းချူခြင်းတို့ ပြုလုပ်ခဲ့၏။ ရက်ကြာသော် ဦးဝိစာရသည် ဝေဒနာ အပြင်းအထန် ခံစားရ၍ အိပ်ရာပေါ်လဲလျက် စကားကို လေသံမျှသာ ပြောဆိုနိုင် တော့သည်။

၁၂၉၁ ခု ပထမ ဝါဆိုလဆန်း ၈ ရက် ၂၆-၈-၂၉ နေ့ အစာငတ်ခံ ဆန္ဒပြသည့် ၈၃ ရက်မြောက်နေ့တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးက ရန်ကုန် ထောင်တွင်း၌ အိပ်ရာထဲ လဲလျက် စကား မပြောဆိုနိုင်တော့သော ဂီလာန ပုဂ္ဂိုလ် ဦးဝိစာရအား စစ်ဆေးမေးမြန်းခြင်း မပြုဘဲ 'ထောင် ဒဏ် ၆ နှစ်' ကျခံရန် စီရင်ချက်တစ်စောင် ဖတ်ကြား၍ အပြစ်ဒဏ်ရပြီး အကျဉ်းသားတစ်ဦးအဖြစ် ဝတ်ရုံထားသော သင်္ကန်းတော်ကို ချွတ်ယူသွားခဲ့သည်။

ရန်ကုန်ထောင်တွင်း ဆရာတော်ဦးဝိစာရ အစာငတ် ခံ ဆန္ဒပြသည်နှင့် ပတ်သက်၍ ဦးစိုးသိမ်း (G.C.B.A) မှအစ ခရိုင်အသင်းချုပ်၊ မြို့နယ်အသင်းချုပ်၊ တိုက်နယ်နှင့် ကျေးရွာအသင်းများ၊ သံဃသာမဂ္ဂီအဖွဲ့များ၊ အခြား G.C.B.A များနှင့် ဘာသာရေး အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အစည်းအဝေးများ ကျင်းပ၍ ဆုံးဖြတ် ကန့်ကွက်ကြသည်။ သတင်းစာများကလည်း ပြစ်တင် ရေးသားကြ၏။ အစိုးရထံ သို့ လည်းကောင်း၊ သတင်းစာတိုက်များသို့ လည်းကောင်း နေ့စဉ် ကြေးနန်းများနှင့် ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်များ ပေးပို့ကြ၏။ သို့သော် အစိုးရက တစ်စုံတစ်ရာ တုံ့ပြန် ခြင်း မရှိဘဲ လျစ်လျူရှုထားသည်။

ဦးဝိစာရနှင့် ပတ်သက်သော ကောလာဟလ၊ သတင်း အမျိုးမျိုး ထွက်ပေါ်နေသဖြင့် ၁၂၉၁ ခု ဝါခေါင်လဆန်း ၁၃ ရက် ၁၇-၈-၂၉ နေ့တွင် ဝံသာနု သတင်းစာတိုက်မှ ကိုယ်စားလှယ်တစ်စုသည် ရန်ကုန်ထောင်တွင်း ဝင်၍ ဦးဝိစာရ ၏ အခြေအနေမှန်ကို ကြည့်ရှုခဲ့ကြသည်။ ဦးဝိစာရသည် သီးသန့်အချုပ်တိုက် ထောင်အခန်း အမှတ် ၂ဝ ရှိ ခုတင်ပေါ် တွင် အဝတ်မပါ၊ ငြိမ်သက်စွာ မှေးမှိတ်လျက် အရိုးပေါ် အရေတင် မိမိကိုယ်မိမိပင် မလှုပ်နိုင်တော့သည်ကို တွေ့ရ သည်။ ကိုယ်စားလှယ်များ၏ စကားသံကို သဲ့သဲ့မျှ ကြား ဟန်နှင့် မျက်လုံးကို အားယူ ဖွင့်ကြည့်သည့်အခါတွင်မှ ဝံသာနုသတင်းစာတိုက်မှ ဒကာများ လာရောက်ကြောင်း လျှောက်ထားကြသည်။ ဦးဝိစာရက အားတင်း၍ 'သာသနာ တော်အရေးအတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက် စွန့်လွှတ်ခဲ့ဖူးသော လမ်းစဉ်အတိုင်း ငါသည်လည်း အသက်စွန့်လွှတ်ရန် မြတ်သော အဓိဋ္ဌာန် ပါရမီကို ပြည့် မြောက်အောင် ဆောက်တည်နေခြင်း ဖြစ်သည်။ ယခုအတိုင်း ဆိုလျှင် ဥပုသ် နှစ်ပတ်မျှသာ ငါ့အသက်နှင့် ခန္ဓာတွဲလျက် တည်ရှိနေနိုင်တော့မည်။ သာသနာတော်၏ မျက်နှာကို ထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား ဆောင်ရွက်ကြပါ' ဟု မှာကြားခဲ့ကြောင်း ဝံသာနု သတင်းစာတိုက်မှ ကိုယ်စားလှယ်များက တိုင်းပြည်သို့ အသိ ပေး ရေးသားခဲ့ကြသည်။

၁၉၂၉ ခု သြဂုတ်လတွင် နှစ်စဉ် ကျင်းပသော မြန်မာဥပဒေပြုလွှတ်တော်(ဘတ်ဂျက်) အစည်းအဝေးတွင် ဦးဝိစာရသည် ထောင်တွင်း သင်္ကန်းဝတ်ရုံခွင့်နှင့် ဥပုသ်ပြုခွင့် စသော ဘာသာရေးဆိုင်ရာ အခွင့်အရေးများက မရ၍ အစာ ငတ်ခံ ဆန္ဒပြနေသည်မှာ ရက်ပေါင်း ၁၂ဝ ကျော် ကြာပြီ ဖြစ်၍ စိုးရိမ်ရသော အခြေအနေကြောင့် အရေးပေါ် အစီအစဉ် တစ်ခုအဖြစ် ထည့်သွင်းပေးရန် ဥပဒေပြုအမတ် သာယာဝတီ ဦးပုက အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌ ဝတ်လုံတော်ရ ဦးပုက 'စည်းကမ်းနှင့် မညီညွတ် သည့်အပြင် အရေးတကြီး စဉ်းစားရမည့် ကိစ္စ မဟုတ်'ဟု အကြောင်းပြ ပယ်ချခဲ့၏။

၁၂၉၁ ခု ဝါခေါင်လဆုတ် ၆ ရက် တနင်္ဂနွေနေ့ ၂၅-၈-၂၉ တွင် ရန်ကုန် ရွှေတိဂုံစေတီ ရင်ပြင်တွင် မြို့လုံး ကျွတ် လူထုအစည်းအဝေး ကျင်းပ၍ ဦးဝိစာရသည် ထောင် တွင်း သင်္ကန်းဝတ်ခွင့်နှင့် ဥပုသ်ပြုခွင့်တို့ကို အစိုးရက တင်းမာစွာ လျစ်လျူရှုထားသဖြင့် ဆွမ်းဘုဉ်းမပေးဘဲ နေ သည်မှာ ရက်ပေါင်း ၁၄ဝ မျှ ရှိပြီဖြစ်၍ အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဗြိတိသျှ အစိုးရက အမြန်ဆုံး လိုက်လျောခွင့်ပြုသင့်ကြောင်း မြို့လုံး ကျွတ် အစည်းအဝေးက တိုက်တွန်း တောင်းဆိုသည်။ ယင်း ဆုံးဖြတ်ချက်ကို အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆောင်ရွက် ရန် (၁) အလယ်တောရ ဆရာတော်၊ (၂) ဗားကရာဆရာတော်၊ (၃) ရတနစင်္ကြံ ဆရာတော်၊ (၄) သာဓုတိုက် ဆရာတော်၊ (၅) ဝံသာနု သတင်းစာတိုက်အုပ် ဦးမောင်မောင်ခင်တို့ ပါဝင်သော ကော်မတီတစ်ရပ်ကိုလည်း ရွေးချယ် တာဝန် ပေးအပ်ခဲ့သည်။ ကော်မတီသည် ထိုနေ့မှာပင် မြန်မာပြည် ဘုရင်ခံအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဆာဂျေအေမောင်ကြီး ထံသို့ သွားရောက် တွေ့ဆုံခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးချုပ် က- ''နောက်ဆုံး ရရှိသော ထောင်ဆရာဝန်ကြီး၏ အစီရင် ခံစာအရ စိုးရိမ်လောက်သည့် အခြေအနေ မရှိကြောင်း သိရ ပါသည်။ မည်သည့်နည်းနှင့်မျှ ဦးဝိစာရ ကိုယ်တော် ပျံလွန် တော်မမူစေရပါ။ တပည့်တော် တာဝန်ယူပါသည် ဘုရား'' ဟု ပြန်ကြား လျှောက်ထား၍ ကျေနပ်ဖွယ် အဖြေ မရရှိဘဲ ကျောင်းသို့ အသီးသီး ပြန်ကြွခဲ့ရသည်။

ဆရာတော်ဦးဝိစာရ၏ အခြေအနေ အလွန်ဆိုးဝါးနေ ကြောင်း သိရှိသဖြင့် စီရင်စုတိုင်းဆိုင်ရာ အထူး သံဃအကျိုး ဆောင်အဖွဲ့ တာဝန်ခံ ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေး ကျောင်း ဆရာတော် ဦးကေတု (အသင်းချုပ်၏ တိုက်အုပ် အာလံဦးလာဘနှင့်အတူ ဦးစိုးသိမ်း (G.C.B.A) တို့ ၁၂၉ဝ ခုနှစ် ဝါခေါင်လဆုတ် ၆ ရက် တနင်္ဂနွေနေ့ ၂၅-၈-၂၉ တွင် ထောင်တွင်းသို့ ဝင်ရောက်ကြည့်ရှုကြသည်။ ဦးဝိစာရ ၏ အခြေအနေမှာ အလွန်ဆိုးဝါးနေပြီး ရန်ကုန် ဗဟိုထောင် ကြိုးစင် ကြိုးတိုက် အခန်း အမှတ် ၅ ရှိ ခုတင်ပေါ်တွင် ပြုစုစောင့်ရှောက်သူ ကင်းမဲ့စွာ ဗလာကိုယ်ထီး ငြိမ်သက် နေသည်ကို တွေ့ရသည်။ နားရွက်နား ကပ်၍ လျှောက်ထား ရာ မလှုပ်မယှက် ရှိနေ၍ ဒုတိယအကြိမ် ကျယ်လောင်စွာ ထပ်မံ လျှောက်ထား အသံပြုမှ မျက်လုံးကို အနိုင်နိုင်ဖွင့်ရန် ကြိုးစားသော်လည်း မသဲမကွဲသာ မြင်ရဟန်ရှိပြီး အားယူ၍ လေသံမျှဖြင့်- ''မျက်...မှန်... အလှူခံပါ။ သမ္မ..အာပတ္တိ.. ယော..အာ..ရော...ဓ..ယာ..မိ။ တိုင်း... ပြည်ကို... လိမ္မာ.. ရစ်.. ကြ...ပါ လို့ မှာ... လိုက်ပါတယ်'' ဟု နောက်ဆုံးစကား မိန့်ကြားကာ ဆက်မပြောနိုင်တော့။ မျက်ဖြူလန် မောဟိုက်ပင်ပန်းနေသည်ကို ၁ဝ မိနစ်ခန့် စောင့်ကြည့်ပြီး ထောင်တွင်းမှ ပြန်ထွက်လာခဲ့သည်။

အရှင်ဦးဝိစာရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီ ရသင့်ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ရာ ၁၆၆ ရက် မြောက် ၁၂၉၁ ခု တော်သလင်းလဆုတ် ၂ ရက် ၁၉-၉-၂၉ ည ၈ နာရီ အချိန်တွင် ထောင်တွင်း၌ ပျံလွန်တော်မူခဲ့ သည်။
ထိုည ၁၁ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေးကျောင်းသို့ အကြောင်းကြားသဖြင့် ထောင်တွင်းမှ အလောင်းတော်ကို ပြင်ပသို့ ထုတ်ယူ ဖျောက်ဖျက်မည်ကို စိုးရိမ်ရသောကြောင့် ရဟန်းပျို အချို့ကို ထောင် ဝန်းကျင်မှ စောင့်ကြပ် ကြည့်ရှုရန် ညတွင်းချင်း စေလွှတ် ကြရသည်။ တော်သလင်းလဆုတ် ၃ ရက် နံနက် ၄ နာရီ အချိန်ခန့်တွင် ပုလိပ်အချို့နှင့် ထောင်အရာရှိတစ်ဦးသည် ကားဖြင့် ရုပ်အဆင်း ပျက်ယွင်းနေသော ဦးဝိစာရ၏ အလောင်း တော်ကို လာရောက် ပို့၏။ တွံတေးကျောင်းသို့ အလောင်း တော် ရောက်သည့် သတင်း နာရီပိုင်းအတွင်း ပျံ့နှံ့သွား သဖြင့် ကြည့်မြင်တိုင်၊ အလုံ၊ ဗားကရာ၊ ကမာရွတ် စသည့် နိးစပ်ရာ ရပ်ကွက်တို့မှ ရဟန်းရော ပြည်သူပါ မိုးမလင်းမီ ထောင်သောင်းမက စုဝေး ရောက်ရှိကြသည်။

တစ်ချိန်တည်းမှာပင် ရန်ကုန် ထောင်ကြီးအတွင်း ဦးဝိစာရ၏ လမ်းစဉ်အတိုင်း ဦးကွာပိန္ဒာဓိပတိနှင့် ဦးအာသဘ တို့သည်လည်း ဆွမ်းဘုဉ်းမပေးဘဲ ဝိနည်းတော် အခွင့်အရေး ကို တောင်းဆို တိုက်ပွဲဝင်နေကြသည်။ ဦးကွာပိန္ဒာဓိပတိ သည် သာယာဝတီစီရင်စု၊ လက်ပံတန်းမြို့နယ် အသင်းချုပ် ၏ ရုံးအုပ် ဓမ္မကထိကဆရာတော် ဖြစ်ပြီး အုတ်ဖို၊ မှန်တောင် ကျောင်း ဆရာတော် ဦးအာသဘသည် သာယာဝတီစီရင်စု၊ အုတ်ဖိုမြို့နယ် အသင်းချုပ် ဓမ္မကထိကဆရာတော် ဖြစ် သည်။ ဦးဝိစာရ ပျံလွန်တော်မူပြီး ရက်ပိုင်းအတွင်း တိုင်းပြည် မှ ဆူပူ ကန့်ကွက်မှုများ ပြုကြသဖြင့် ဦးကွာပိန္ဒာဓိပတိအား ထောင်မှ လွှတ်ပေးခဲ့ရသည်။ ဦးကွာပိန္ဒာဓိပတိသည် ထောင် တွင်း၌ ၁၄၆ ရက် အစာငတ်ခံ ဆန္ဒပြခဲ့သူ ဖြစ်သည်။

ဆရာတော်ဦးကေတု၊ ရှင်အရိယနှင့် ဦးစိုးသိမ်း (G.C.B.A) အဖွဲ့ဝင်တစ်စုတို့က ဦးဝိစာရ၏ အလောင်း တော်ကို ရန်ကုန်တွင် မသဂြုင်္ိဟ်လို၊ ရန်ကုန်မှ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ကျောက်ဆည်၊ မန္တလေး၊ စစ်ကိုင်းမှ မုံရွာခရိုင် အမြင့်တိုက်နယ် ကမ်းနိမ့်ရွာ ဦးဝိစာရ၏ မွေးရပ်သို့ ကား ဖြင့် အဆင့်ဆင့်ပင့်၍ လမ်းတစ်လျှောက် ဝံသာနုအသင်းသား များ၊ ရဟန်း ရှင် လူ ပြည်သူများနှင့် စည်ကားစွာ ပူဇော် ကန်တော့၍ အစိုးရ၏ ဘာသာ၊ သာသနာအား စော်ကားမှုကို နိုင်ငံနှင့်အဝန်း ဆန့်ကျင် ကန့်ကွက်ရန် ဖြစ်သည်။ ¤င်း အကြံအစည်ကို ရိပ်စားမိသော အစိုးရဘက်မှ မရမနေ တားဆီး ရန် ရဟန်း၊ ရှင်၊ လူ ပုဂ္ဂိုလ်များမှတစ်ဆင့် ရန်ကုန်မြို့တွင် သဂြုင်္ိဟ်ရန် ဆောင်ရွက်ခဲ့သည်။ ၁၂၉၁ ခု တပို့တွလဆန်း ၁၁ ရက် ၈-၂-၃ဝ ရက်နေ့တွင် ဦးဝိစာရ၏ အလောင်းတော် ကို ရွှေတိဂုံစေတီ အနောက်မုခ် ဝတ္တကမြေအပ ဖြစ်သော ကန်တော်မင်မြေပေါ်တွင် ဈာပနာပွဲကို ပြုလုပ်ခဲ့ရ၏။ ပျံလွန် တော်မူချိန်တွင် ဦးဝိစာရသည် အသက် ၄၁ နှစ်သာ ရှိလေ သည်။

၁၉၄ဝ ခုနှစ်တွင် (ယခင်) ဗွိုင်းလမ်း အမည်အစား 'ဦးဝိစာရလမ်း' ဟု ပြောင်းလဲခေါ်တွင်နိုင်ခဲ့သည်။ ဦးဝိစာရ ကျောက်တိုင်နှင့် ကြေးရုပ် ဖွင့်ပွဲကိုမူ ၁၃ဝ၈ ခု သီတင်းကျွတ် လဆန်း ၄ ရက် ၂-၁ဝ-၄၃ ဖက်ဆစ်များ အုပ်ချုပ်နေသည့် ကာလတွင် ကျင်းပခဲ့သည်။ လူတို့သည် အများနှင့် စုပေါင်း လုပ်ဆောင်ရသည့် အချိန်များတွင် သတ္တိကောင်းသူများ အများအပြား ရှိသော်လည်း တစ်ဦးချင်း၊ တစ်ယောက်ချင်း လုပ်ရသည့် ကိစ္စများတွင် စိတ်ဓာတ် ခိုင်မာပါသည် ဆိုသည် မှာ သာမန်ပုဂ္ဂိုလ်များတွင် ရှိနိုင်ခဲသည်မို့ သည်လမ်းကို လျှောက်တိုင်း၊ သည်ကျောက်ရုပ်ရှေ့မှာ ရပ်တိုင်း၊ သည်အဝိုင်း ကို ပတ်တိုင်း၊ သည်ပုဂ္ဂိုလ်ကို အကြိမ်ကြိမ် ဦးညွတ် ဂါရဝ ပြုခဲ့မိပါသည်။ သည်လမ်း၊ သည်ကျောက်ရုပ်၊ သည်အဝိုင်း ကို ဖြတ်တိုင်း သူလို ပုဂ္ဂိုလ်မျိုး၏ ဂုဏ်ကျေးဇူးကို သတိရ မိပါသည်။ နောင်လာနောက်သားတွေ သိအောင် စိုက်ထူထား သော ဦးဝိစာရ ကျောက်တိုင်သည် မိုးတိမ်ယံ နောက်ခံဖြင့် မားမားစွင့်လျက် ရှိနေလေသည်။

**တေဇာ(လရောင်လမ်း)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)