** နယူးဇီလန် မြေငလျင် သေဆုံးသူ ၁၁၃ ဦးထိရှိလာ **
(ခရစ်ချတ်ခ်ျ၊ ဖေဖော်ဝါရီလ ၂၅ ရက်)
နယူးဇီလန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ခရစ်ချတ်ခ်ျတွင် ငလျင်ပြင်းလှုပ်သဖြင့် အဆောက်အအုံများ ပြိုကျပျက်စီးသွားရာ၌ ပျောက်ဆုံးနေသူ ၂၂၈ ဦးအား နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကြိုးပမ်းရှာဖွေလျက်ရှိသည်။ သို့သော် မိုးရွာသွန်းမှုနှင့် ရာသီဥတုချမ်းအေးမှုတို့က ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ မျှော်လင့်ချက်များကို မှေးမှိန်စေသည်ဟု သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** **အမေရိကန်လက်လီဆိုင်များကို အလစ်သုတ်သူများ ခြိမ်းခြောက်နေ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ပစ္စည်းအလစ်သုတ်သည့် ရာဇ၀တ်မှုများထူပြောလာခြင်းက အမေရိကန်နိုင်ငံ၏ စီးပွားရေးကို မအောင်မြင်စေသည့် အကြောင်းတရားဖြစ်ကြောင်း သောကြာနေ့ အင်တာနက်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် အများဆုံးကျူးလွန်သည့် လက်လီဆိုင်များမှ ဈေးသူခိုးများကြောင့် စီးပွားရေးလုပ်ငန်းများမှ နှစ်စဉ်ဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရှိသည်ဟု ဆိုသည်။ (အင်တာနက်)
** နယူးဇီလန် စတီးဝပ်ကျွန်း၌ ဝေလငါးများ သေဆုံး **
(၀ယ်လင်တန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ငလျင်ဒဏ်ခံရသော နယူးဇီလန်နိုင်ငံ စတီးဝပ်ကျွန်းကမ်းခြေတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝေလငါးကောင်ရေ ၁၂၀ ခန့်သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု နယူးဇီလန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** အာဖဂန်စစ်ပွဲအတွက် ရုရှားလေပိုင်နက် အမေရိကန်သုံးခွင့်သဘောတူညီချက် ရုရှား ဒူးမားလွှတ်တော်က မဲခွဲအတည်ပြုမည် **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၅ ရက်)
အာဖဂန်နစ္စတန်တွင် ပြုလုပ်နေသော စစ်ဆင်ရေးများအတွက် တပ်ဖွဲ့ဝင်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို ရုရှားပိုင်နက်အတွင်းမှ ဖြတ်သန်းသယ်ဆောင်ခွင့် အမေရိကန်စစ်ဘက်အားပေးနိုင်မည့် သဘောတူညီချက်ကို အတည်ပြုရေးအတွက် ရုရှားအောက်လွှတ်တော်က သုံးသပ်နေကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
**ဗုံးတည်ဆောက်ရန် ကြိုးစားမှုဖြင့် ဆော်ဒီနိုင်ငံသားတစ်ဦးကို အမေရိကန်တရားစွဲ **
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
လူအစုအပြုံလိုက် သေစေနိုင်သော လက်နက်များ အသုံးပြုရန်ကြိုးစားမှု၊ အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ်ကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းမည့် အလားအလာများ တွေ့ရှိမှုတို့ကြောင့် အမေရိကန်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အင်ဒိုနီးရှား ရွှံ့မီးတောင်မှ ရွှံ့ရည်များ လာမည့်နှစ် ၂၀ အထိ ဆက်လက်ထွက်ပေါ်ဖွယ်ရှိ **
(ဆီဒိုရာဂျို၊ ဖေဖော်ဝါရီလ ၂၅ ရက်)
လူနေအိမ်များ ဆန်စပါးစိုက်ပျိုးခင်းများ၊ စက်ရုံများနှင့် လမ်းများကို ၀ါးမျိုပစ်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ ရွှံ့မီးတောင်ကြီးသည် နောက်နှစ်ပေါင်း ၂၀ နှစ်အထိ ဆက်လက်ပေါက်ကွဲနေဦးမည့် အလားအလာရှိကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ကူရိုင်းကျွန်းစုသို့ ရဟတ်ယာဉ်တင်စစ်သင်္ဘော ရုရှားစေလွှတ်ဖွယ်ရှိ **
(မော်စကို၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်ခွင့်အငြင်းပွားလျက်ရှိသော ကူရိုင်းကျွန်းများကို ကာကွယ်ရန် ရုရှားနိုင်ငံသည် ပြင်သစ်နိုင်ငံလုပ် Mistral အတန်းစား ရဟတ်ယာဉ်တင်စစ်သင်္ဘောနှစ်စင်း သို့မဟုတ် တစ်စင်းကို ဖစိဖိတ်သမုဒ္ဒရာရေပြင်သို့ စေလွှတ်ထားဖွယ်ရှိကြောင်း ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပါကစ္စတန်နယ်မြေဒေသများအတွင်း တိုက်ခိုက်ဖျက်ဆီးခံရ **
(အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
ပါကစ္စတန်အနောက်မြောက်ပိုင်း မို့မာန်မျိုးနွယ်စုတို့၏ ဒေသတွင် အစိုးရအမျိုးသမီးစာသင်ကျောင်းများကိုလည်ကောင်း၊ အနောက်တောင်ပိုင်းရှိ မီးရထားလမ်းတစ်လမ်းကိုလည်းကောင်း အမည်မသိ တိုက်ခိုက်သူများက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သောကြာနေ့အင်တာနက်သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီး လန်ဒန်ပြတိုက်၌ ပြသထား **
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၅ ရက်)
အလေးချိန် ၁၁၀ ကရက်ရှိ တောက်ပသော အ၀ါရောင်စိန်ပွင့်ကြီးကို လန်ဒန်မြို့ သဘာဝသမိုင်းပြတိုက်၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ဖော်ပြသထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:
Post a Comment