.
**စောင်**
တစ်နေ့တွင်.. စာရေးသူတို့မြို့တွင် လူတစ်ဦးက စားပွဲတစ်လုံးကို ၀ယ်လေသည်။ ထိုစားပွဲကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အိမ်သို့သယ်ရန် နောက်ထပ်လူနှစ်ဦးက U_Haul ထရပ်ကား တစ်စင်းကို ဌားလေသည်။ ထိုထရပ်ကားထဲတွင် ပစ္စည်းပစ္စယ သယ်ပိုးရန် လှည်းကလေးများ၊ လှေကားတိုလေးများအပြင် မကွဲမရှရန် ထုတ်ပိုးနိုင်သော စောင်ကြမ်းများပါ ပါလေသည်။ ထိုနေ့က စားပွဲအပြင်၊ အခြားသယ်ယူပို့ဆောင်စရာ ကိစ္စများကိုပါ မြန်မာအချင်းချင်း ကူညီသည့်အနေဖြင့် ရပ်ကွက်ထဲလှည့်လာကာ ထိုသူနှစ်ဦးက သယ်ယူပို့ဆောင်ပေးလေသည်။ တစ်နေကုန် သယ်ယူပို့ဆောင်မှု ပြုလုပ်ပြီးသောအခါ ထရပ်ကား ပြန်အပ်ရန် အချိန်တန်သဖြင့် လှေကားတိုလေးများ၊ လှည်းများ စသည်တို့ကို ထရပ်ကားထဲ ပြန်စီထည့်ကြသည်။ စောင်ကြမ်းများကိုလည်း သေသေသပ်သပ်ခေါက်နေရင်း.. တဖွဖွဖြင့် အကျေနပ်ကြီး ကျေနပ်နေကြလေသည်။
“ဒီလောက်စောင်တွေ… ခြောက်ထည်လုံးမှာ ငါးဒေါ်လာပဲ ပေးရတယ်..”
“တန်… လိုက်..တာ .. ကွာ”
“ပစ္စည်းထုတ်တဲ့ စောင်ဆိုပေမယ့်လည်း ချော နေတာပဲ၊ ကြည့်စမ်းပါဦးဗျာ..”
“အေးဗျာ… နောက် အိမ်မှာ စောင်လိုရင်၊ mall ထဲ သွားစရာမလိုဘူး။ U_Haul ကုမဏီမှာပဲ ငါးဒေါ်လာနဲ့ သွားဝယ်ကြတော့ မပေါ့”
“မှန်လိုက်လေ…”
ထိုသို့ ကျေနပ်စွာပြောဆိုပြီးကြပြီး သကာလ၊ စောင်များကို ကားဂိုဒေါင်ထဲတွင် သေသေချာချာ ခေါက်သိမ်းခဲ့ပြီး ထရပ်ကားကြီးကို ပြန်အပ်ရန် မောင်းနှင်ထွက်ခွာသွားလေတော့သတည့်။
သို့သော်…
မိနစ်နှစ်ဆယ်ခန့်ကြာသော်.. ထရပ်ကားကြီးက ပြန်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော်.. သူတို့ချန်ရစ်ခဲ့သော စောင်များပြန်ပါမလာ၍ ထရပ်ကားကုမဏီက စောင်ဖိုးအလျှော်တောင်းသောကြောင့် စောင်များကို ပြန်လာယူခြင်း ဖြစ်သည်ဟူ၏။ ထိုစောင်ခြောက်ထည်လုံးမှ ငါးဒေါ်လာသည် စပေါ်ဖိုးသာလျှင် ဖြစ်သည် ဟူ၏။
♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫
**ကနေဒီယန် ကန်စွန်း**
တစ်နေ့တွင်.. စာရေးသူထံသို့ ဖုန်းလာလေသည်။ ဖုန်းလာသည်မှာ အဆန်းမဟုတ်သော်လည်း ဒီတစ်ခါလာသည့် ဖုန်းသည် အလွန်ဆန်းကျယ်လေသည်။ ဖုန်းဆက်လာသူသည် သူ့အိမ်နားက ရေမြောင်းထဲတွင် ကနေဒီယန်ကန်စွန်းများ (watercrest) တောထအောင် ပေါက်နေသော သတင်းကိုပေးရန် ဆက်လာသော ဖုန်းဖြစ်သဖြင့် ဤဖုန်းသည် အဆန်းတကျယ်ဖုန်း ဖြစ်သည်။ စာရေးသူတို့မြို့တွင် တရုတ်ကန်ဇွန်းရွက်တစ်စည်းသည် ကြက်တစ်ကောင် နီးပါး တန်ဘိုးရှိသဖြင့်၊ ရေမြောင်းထဲတွင် ကန်စွန်းပင်များ တောထအောင် ပေါက်နေသည့် သတင်းသည် နှစ်လုံးထီအတိတ်စိမ်းရသကဲသို့ (ဒါမှမဟုတ်) ပိုင်ရှင်မဲ့ကြက်ခြံတစ်ခြံကို ရှာဖွေ တွေ့ရှိသကဲ့သို့အလား ဖြစ်လေ၏။ ကနေဒီယန်ကန်စွန်းကို မြန်မာကန်ဇွန်းလို ချွတ်စွပ်ပုံတူ ချက်ပြုတ်လို့ မရသော်လည်း မြန်မာကန်စွန်းကဲ့သို့ ကြော်ချက်တစ်မျိုး၊ အသုတ်တစ်ဖုံ ချက်ပြုတ်၍ ရလေသဖြင့် စာရေးသူလည်း ၀မ်းသာလုံးဆို့ကာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။
“ဟယ်.. သေချာရဲ့လား..”
“အို..သေချာပါတယ်.. ညနေစောင်း လူရှင်းတုန်းကတောင် ဆင်းကြည့်ပြီးပြီ”
“လာခူးချင်လိုက်တာ…”
“လာခူး၊ လာခူး၊ ခူးစေချင်လို့ကို တကူးတက ဖုန်းဆက်တာ၊ ဓာတ်ပုံတောင် အခုပဲ မေးလ်ပို့လိုက်သေးတယ်၊ အီးမေး စစ်ကြည့်လိုက်”
“မြောင်းထဲ ဆင်းရမှာလား”
“အို.. မြောင်းက တိမ်တိမ်ကလေးရယ်၊ ဘောင်းဘီတို ၀တ်ခဲ့”
“ဖြစ်ပါ့မလားဟင်၊ နေပါစေတော့ အပြင်မှာလည်း ဈေးသိပ်မပေးရပါဘူး”
“ဘာလို့ မဖြစ်ရမှာလည်း၊ လာခူးလှည့်စမ်းပါ၊ ဒီမယ်..နော်.. အခုကို လာခူးတဲ့ကားတွေ တန်းစီနေတာပဲ..၊ ကားတွေလည်း ဘာအမျိုးအစားလည်း မေးလိုက်ဦး၊ သူဌေးတွေချည်းပဲ.. သိရဲ့လား၊ အဖြူတွေ၊ တရုတ်တွေ ကားအကောင်းစားတွေနဲ့လာတာ၊ ကိုယ့်ကိုသိသူတွေ တစ်ယောက်မှ မရှိဘူး၊ စိတ်ချ”
သူဌေးတွေတောင် ရေမြောင်းထဲဆင်းပြီး ကန်စွန်းခူးတယ်ဆိုမှ အိမ့်ချမ်းမြေ့လည်း ခူးလိုက်စမ်းမည်ဟု အားတက်သွားကာ၊ နောက်တစ်ရက် နေ၀င်ရီတစ်ရော လူခြေတိတ်လောက်ချိန်မှာ အိမ်သူအိမ်သားတွေ စားရန်အလို့ဌာ၊ ကန်စွန်းခူး ထွက်ခဲ့ပါတော့သည်။ ဒီအချိန်သွားလျှင် မည်သူမျှ ရှိလိမ့်မည် မဟုတ်၊ ကိုယ်တစ်ယောက်တည်း ကန်းစွန်းများကို ကြိုက်သလောက်ခူးလိုက်မည်ကွဲ့ဟု တွေးထင်ကာ သီချင်းကလေး တအေးအေးဖြင့် ကားကိုထိုးရပ်လိုက်သည်တွင်..
ရေမြောင်းနား တ၀ိုက်တွင်.. သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပနေသည့်ပမာ… ကန်စွန်းခူးနေကြကုန်သော.. ဗင်ကူးဗားမှ မြန်မာများအား ချိမ့်ချိမ့်သဲ တွေ့လိုက်ရပါတော့သတည်း။
**မိုး to bcc**

No comments:
Post a Comment