ကျမအဒေါ် ဆေးရုံတက်နေစဉ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။
ကျမအဒေါ်ရဲ့ ခုတင်အနီးအနားမှာ ဒေါ်မီဆိုတဲ့ အဘွားကြီးတစ်ယောက်ကလည်း သားအိမ်ရောဂါကြောင့် ဆေးကု သခံယူနေတယ်လေ။ ရွာကလာကုရပြီး သိပ်ရိုး၊ သိမ်အ သလို စကားပြောတော့လည်း ဘွင်းဘွင်းပဲပြော တတ်တဲ့ အတွက် သူ့ကိုကြည့်ပြီး အမြဲရယ်နေကြရတယ်။
အထူးကုဆရာဝန်မကြီး လာကြည့်တဲ့ တစ်နေ့…. “ဆရာမရယ် ဒီထဲက ကိုက်လိုက်တာ လွန်ပါရော၊ စစ်စစ် စစ် စစ်နဲ့ကို ကိုက်တာ ဆရာမရဲ့”
အဲဒီလို ပြောပြီးတဲ့နောက် အထူးကုဆရာဝန်မကြီးလည်း ပြန်ထွက်သွားရော…. သူနာပြု ဆရာမလေး ပြန်ဝင် လာပြီး “အမေကြီး၊ ကျမတို့လို ထဘီအနီဝတ်ထားတာတွေကို ဆရာမလို့ခေါ်ရတယ်။ ဟို ကုတ်အင်္ကျီနဲ့ နားကြပ် လည်ပင်းပေါ်ချိတ်ထားတာကို ဆရာလို့ခေါ်၊ အခု နောက်ဆုံးဝင်လာတဲ့ ပါတိတ်အစိမ်းဝမ်းဆက်နဲ့ ဆရာဝန်မကြီး ကို မမ လို့ခေါ်နော်၊

မှတ်ထား” လို့သင်ပေးတယ်။
မကြာပါဘူး။ အစိမ်းဝတ် ကလာပြီး ခွဲခန်းဝင်ရမယ့်အကြောင်းလာပြောတယ်ဆိုရင်ပဲ ဒေါ်မီက အစိမ်းရောင်ပဲဆိုပြီး “မမ ရယ် ဆေးဝယ်စရာရှိတာတွေ ဘာတွေ လိုမယ်ဆိုတာ ပြောပါ။ ၀ယ်ပါ့မယ်၊ ကျမရောဂါသာပျောက်အောင် အမြန်ကုပေးပါ မမ ရယ်”လို့ ပြောမိရော။
“ဟောတော့ အမေကြီးရယ်၊ ဘယ်လိုဖြစ်တာလဲ၊ ကျမကို မမ လို့မခေါ်ရဘူး။ သမီးတွေ ဘယ်သူ့ကို ဘယ်လိုခေါ်ရမယ်ဆိုတာ ပြောမထားဘူးလား” သင်တန်းသူတွေကို ပြောနေတယ်ဆိုရင်ပဲ၊ ဒေါ်မီက စိတ်ပျက်လက်ပျက်နဲ့ ဒီလို ညည်းထွားနေပါတော့တယ်။
“ဒုက္ခပါပဲတော်၊ ဝေဒနာခံစားရတာက တစ်မျိုး၊ ဘယ်သူ့ မမ ခေါ်ရမယ်မှန်းမသိတဲ့ ရောဂါကတစ်မျိုးနဲ့ ကျုပ်တော့ စိတ်သာညစ်တော့တယ်။ အကုန်လုံးကို မမ ခေါ်လို့ မဖြစ်ဘူးလား။ ကျုပ်ရုပ်က နုပျိုနေလို့ ကျုပ်အသက်ငယ်သေးတယ်လို့များ ထင်နေကြလားမသိဘူး။ ကျုပ်အသက် ၆၉ နှစ် ရှိပြီတော့” တဲ့….။ ကဲ ပြီးပါရော…။ ။
အသွင်ဆန်း (ပခုက္ကူ)
(ဖက်ရှင်သစ္စာ မဂ္ဂဇင်းမှ)
**(ဟာဒယနှလုံး -တခဏပြုံး)**

No comments:
Post a Comment