** မြေငလျင်ဒဏ်ခံပြည်သူများ ဘေးအန္တရာယ်ကင်းရေး ဂျပန်ဘုရင်မင်းမြတ် အာကီဟီတို ဆုတောင်းမေတ္တာပို့သ **
(တိုကျို၊ မတ်လ ၁၈ ရက်)
မြေငလျင်ဒဏ်ခံပြည်သူများအား အန္တရာယ်ကင်းရှင်းရေးအတွက် မိမိဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ဂျပန်ဘုရင်မင်းမြတ် အာကီဟီတိုက မတ်လ ၁၆ ရက်နေ့တွင် ရုပ်မြင်သံကြားမှ တစ်ဆင့်ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်က လူအသေအပျောက်များပြားသော မြေငလျင်နှင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှုအပြီး ညူကလီးယားစွမ်းအင်စက်ရုံများရှိ ဓာတ်ပေါင်းဖိုများမှ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်လှိုင်းများပိုမိုထွက်ပေါ်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ မိမိစိုးရိမ်မူပန်မိကြောင်း အသက် ၇၇ နှစ်အရွယ်ရှိ ဘုရင်အာကီဟီတိုက ပြောကြားသည်။ (အင်တာနက်)
** ပေါက်ကွဲဓာတ်ပေါင်းဖိုများ ရဟတ်ယာဉ်များဖြင့် ရေဖျန်း **
(တိုကျို၊ မတ်လ ၁၈ ရက်)
အင်အားပြင်းငလျင်နှင့် ဆူနာမီဒဏ်ခံစားခဲ့ရသော ဂျပန်နိုင်ငံတွင် ဖူကူရှီုးမားဒိုင်အိချီ ညူကလီးယားစက်ရုံမှ ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ ထွက်ပေါ်လာသော ဓာတ်ငွေ့ယိုစိမ့်မှုများကို ဟန့်တားရန်နှင့် ဓာတ်ရောင်ခြည်များဖြာထွက်မှု ထိန်းချုပ်နိုင်ရေးအပြင် ဓာတ်ပေါင်းဖိုများအား အအေးဓာတ် ပေးရန်တို့အတွက် ဂျပန်စစ်ဘက်မှ ရဟတ်ယာဉ်များအသုံးပြုပြီး ဝေဟင်မှ ရေဖျန်းချမှုများ ဆောင်ရွက်လျက်ရှိသည်။ (အင်တာနက်)
** ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန် တရုတ်နိုင်ငံ၏ ငါးနှစ်စီမံကိန်းသစ်၌ ရည်မှန်းချက်များချမှတ် **
(ပေကျင်း၊ မတ်လ ၁၈ ရက်)
တရုတ်နိုင်ငံသည် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက်စက်မှုလုပ်ငန်းများက ဥပဒေအရလိုက်နာရမည့် စံနှုန်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ မကြာမီကကျင်းပပြီးစီးခဲ့သော အမျိုးသားပြည်သူ့ကွန်ကရက်၌ အတည်ပြုချမှတ်ခဲ့ကြောင်း တရုတ်သတင်းဌာနများက မတ်လ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ဂျပန်မြေငလျင်နှင့် ဆူနာမီရေလှိုင်းတို့ကြောင့် လူပေါင်း ၅၄၅၇ ဦးသေဆုံးပြီး
၇၅၅၈ ဦးပျောက်ဆုံးနေ **
(တိုကျို၊ မတ်လ ၁၈ ရက်)
ဂျပန်နိုင်ငံ၌ မတ်လ ၁၁ ရက်နေ့က အင်အားပြင်းငလျင်နှင့် ဆူနာမီရေလှိုင်းရိုက်ခတ်မှုတို့ကြောင့် မတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီအထိ လူပေါင်း ၅၄၅၇ ဦးသေဆုံးပြီး ၇၅၅၈ ဦးပျောက်ဆုံးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ ဂျပန်မြေငလျင်ကြောင့် သေဆုံးသူဦးရေ ၁၅၀၀၀ ခန့်အထိရှိကြောင်း သတင်းဌာနများက ခန့်မှန်ကြသည်။ မြေငလျင်လှုပ်မှုကြောင့် နေအိမ်အလုံးပေါင်း ၁၀၀၀၀၀ ကျော် ပျက်စီးခဲ့ရပြီး အိုးအိမ်မဲ့ဖြစ်ရသူ ၃၈၀၀၀ ခန့်ရှိသည်။ ဂျပန်သတင်းဌာနများ၏ သတင်းထုတ်ပြန်ချက်အရ ငလျင်လှုပ်ခဲ့သော ဒေသရှိ ယာယီခိုလှုံရေးစခန်း ၂၆၀၀ ကျော်၌ ဒုက္ခသည်ပေါင်း ၅၃၀၀၀၀ ခန့် ခိုလှုံလျက်ရှိသည်ဟု ဆိုသည်။ (ဆင်ဟွာ)
** ဂျာမနီညူကလီးယားဓာတ်အားပေးစက်ရုံများ လည်ပတ်မှု ယာယီပိတ်၍ လုံခြုံမှု
စစ်ဆေးမည် **
(ဘာလင်၊ မတ်လ ၁၈ ရက်)
ဂျပန်နိုင်ငံ၌ ညူကလီးယားပြဿနာပေါ်ပေါက်နေစဉ် ဂျာမနီနိုင်ငံသည် ၄င်း၏ ညူကလီးယား ဓာတ်အားပေးစက်ရုံ ခုနစ်ရုံ၌ လုံခြုံရေးအရ ကြိုတင်စစ်ဆေးနိုင်ရန် စက်ရုံများလည်ပတ်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျာမန်အဓိပတိ အင်ဂျလာမာကယ်လ်၏ အဆိုကို ကိုးကား၍ ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

No comments:
Post a Comment