**(ဟာဒယနှလုံး -တခဏပြုံး)**
အရက်မူးနေသော လူတစ်ယောက်သည် ကဖီးဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားပြီး ပိုက်ဆံအကြွေစေ့ထည့်လျှင် စားစရာထွက်သောစက်ထဲသို့ အကြွေစေ့တစ်စေ့ထည့်လိုက်၏။ စက်ထဲမှ အစာသွတ်မုန့်တစ်ခု ထွက်လာသည်။ အမူးသမားသည် နောက်ထပ်အကြွေစေ့တစ်စေ့ ထည့်လိုက်ပြန်သည်။ နောက်ထပ် အစာသွတ်မုန့်တစ်ခုထွက်လာသည်။ အမူးသမားသည် မုန့်တစ်ခုထွက်လာပြီးတိုင်း အကြွေစေ့တစ်စေ့စီကို ထပ်ကာထပ်ကာ ထည့်နေလေရာ သူ့ရှေ့တွင် အစာသွတ်မုန့်ဆယ့်လေးခုပင် ရှိနေလေပြီ။
ထိုအခါ အလှည့်ကျစောင့်နေသော လူတစ်ယောက်က သည်းမခံနိုင်တော့။
“ဒီမှာ ကိုယ်လူ၊ ခင်ဗျားရှေ့မှာ မုန့်တွေတစ်ဒါဇင်မကတော့ဘူး။ ခင်ဗျားရပ်လိုက်ဖို့ကောင်းပြီ”ဟု ပြောလိုက်သည်။
အမူးသမားက ဒေါသတကြီး လှည့်ကြည့်ပြီး- “ဘာ ရပ်လိုက်ဖို့ကောင်းပြီ ဟုတ်လား။ ကျုပ်ဒီလောက် နိုင်နေရက်သားနဲ့ ရပ်ပစ်လိုက်ရအောင် ကျုပ်က အရူးလား” ဟု ပြန်ငေါက်လိုက်လေ၏။
**ကိုကျေးတော**
(၂၀၀၇ ခုနှစ် သုတပဒေသာစာစောင်မှ)

No comments:
Post a Comment