**ဦးစားပေး မလွဲစေဖို့**
အခြေခံလူတန်းစားများဘဝ မြှင့်တင်နိုင်ရေးနှင့် ပတ်သက်၍ “ နိုင်ငံတစ်နိုင်ငံမှာ အဓိကအားဖြင့် အခြေခံ လူတန်းစားဘဝ မြင့်အောင် ဆောင်ရွက်ရမယ်။ အခြေခံလူတန်းစားတွေ ဘဝအဆင့်အတန်း မြင့်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်။ အရေးကြီးတဲ့ အခြေခံလူတန်းစားဘဝ မြင့်ရေးအတွက်ဆောင်ရွက်သင့်တယ်”ဟု စီးပွားရေး ကျွမ်းကျင်သူ ဆရာဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်)က ပြောသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းအားဖြင့် အခြေခံ လူတန်းစားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကာ ယင်းနှင့်ပတ်သက်၍ “ မြန်မာနိုင်ငံမှာ လယ်သမားတွေ ရှိသလို၊ လယ်ကွက်တွေလဲ ရှိတယ်။ ဒါပေမဲ့ ငွေပိုချေးပေးမယ့် ကိစ္စကတော့ အရေးကြီးတယ်။ လယ်လုပ်သူ ဘက်ကလဲ ကြိုးစားဖို့လဲ လိုတယ်။ တရုတ်နိုင်ငံမှာဆိုရင် လယ်သမားဦးရေနဲ့ မြေလုပ်ပိုင်ခွင့်နဲ့ ချပြရရင် လယ်သမားတစ်ယောက်ကို မြေတစ်ဧကလောက်တောင် မရကြဘူး။ ဒါတောင်မှ လယ်ယာထွက်ကုန် တိုးအောင် ကြိုးစားကြလို့ လူတန်းစေ့ နေနိုင်ကြတာ တွေ့ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က ဆိုသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအား နိုင်ငံသားများ၊ အဓိကအားဖြင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပြေလည်မှုကို ကြည့်ကာ ဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ၏ လက်ရှိအခြေအနေမှာ အားရစရာ မရှိသေးကြောင်း၊ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများဘဝ မြင့်မားစေရေးအတွက် မြန်မာနိုင်ငံတွင် မကြာမီ ထွက်ပေါ်လာတော့မည့် ပြည်ထောင်စုသမ္မတနိုင်ငံတော် အစိုးရသစ်မှ အောက်ခြေရှိ ပြည်သူများ၏ အခြေအနေမှန်အား ထဲထဲဝင်ဝင် လေ့လာကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။
**အခြေခံလူတန်းစားဘဝ တိုးတက်ဖို့ ဘယ်လိုဆောင်ရွက်မယ်**
မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများဘဝ မြင့်မားရေးအတွက် အစိုးရသစ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပေးသင့်သည်များနှင့် ပတ်သက်၍ “အခြေခံလူတန်းစား လို့ခေါ်တဲ့ နေရာမှာ ဘယ်လို အချက်တွေပေါ် မူတည်ပြီး အခြေခံ လူတန်းစားလို့ သတ်မှတ်မလဲ ဆိုတဲ့အပေါ် အများကြီး မူတည်ပါတယ်။ သေသေချာချာ ပြတ်သားစွာ သိရမှ ဘယ်လိုဆောင်ရွက် ပေးသင့်တယ်ဆိုတဲ့ တိကျတဲ့ အဖြေရမှာ။ ဥပမာ-ဘယ်လို လူတွေကို အခြေခံလူတန်းစားလို့ ခေါ်သလဲ၊ ပညာ မတတ်သူတွေလား၊ လစာနည်းသူတွေ ရာထူးငယ်သူ တွေလား၊ လက်လုပ်လက်စား တွေလား၊ မြို့ပေါ်က ကျေးလက် စသည်ဖြင့် ဘယ်လိုလူတွေ အတွက်လဲ ဆိုတာပေါ့လေ။ ဒါမှသာ တစ်ရက်လစာ၊ ဝင်ငွေဘယ်လောက် ရနေသလဲ၊ လုပ်ရတဲ့အလုပ်၊ လစာဝင်ငွေပြတ်သားမှ သူတို့ရဲ့လိုအပ်ချက်တွေ ဘာဆိုတာ ပေါ်လာမယ်။
အကြမ်းအားဖြင့် အခြေခံလူတန်းစား အားလုံးအတွက် စားဝတ်နေရေး ဆိုတာကတော့ အခြေခံကျတဲ့ လိုအပ်ချက်တွေ ပေါ့နော်။ အဲဒီတော့ ပထမအချက် “ စားရေး ”အတွက် ဘာတွေ လုပ်ပေးရမလဲ။ အစိုးရရုံးတွေ၊ ပြင်ပပုဂ္ဂလိက အလုပ်တွေ ဘယ်မှာပဲလုပ်လုပ် အနိမ့်ဆုံး ရာထူးရှိသူတွေကို ဘာလုပ်ပေးရမလဲ၊ အနိမ့်ဆုံး Minimam Wage (ဝန်ထမ်းတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာ) သတ်မှတ်ပေးရမယ်။ ပုဂ္ဂလိကလုပ်ငန်းက ဝန်ထမ်းတွေရော၊ နောက်ဆုံး လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးကအစ ဒီအနိမ့်ဆုံးလစာ သတ်မှတ်ချက်ထဲမှာ ဘောင်ဝင်နေရမယ်။ အဲဒီအတွက် အလုပ်သမားဥပဒေနဲ့ ဆိုင်ရာကို အစိုးရက ပြတ်ပြတ်သားသား လုပ်ပေးရမယ်။ လေဘာလောဟာ လုပ်ခလစာယူသော မည်သူနှင့်မဆို သက်ဆိုင်တယ်ဆိုရင် အရမ်းကောင်းသွားပြီ။ အဲဒီလို ဥပဒေတွေက အခြေခံလူတန်းစားတွေရဲ့ ဘဝလုပ်ခလစာ မြင့်မားစေရေးအတွက် အထောက်အကူပြု ကာကွယ်ပေးနိုင်မယ့် အချက်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အနိမ့်ဆုံးလစာကိုလဲ လူတစ်ယောက် နေ့စဉ်မဖြစ်မနေ စားသောက်ရတဲ့ အပေါ်မှာ မူတည်ပြီး အစိုးရအနေနဲ့ တွက်ချက်ဆောင်ရွက် ပေးသင့်ပါတယ်” MXRမှ ဆရာဦးအေးကျော်က ပြောသည်။
ဆရာဦးအေးကျော်မှ ဆက်၍ “ဝတ်ရေး”အဝတ် အတွက်ကတော့ အခြေခံလူတန်းစားမှာ ကျေးလက်ဒေသက လူတွေအတွက်တော့ မပါဘူးပေါ့လေ။ မြို့နေ အခြေခံလူတန်းစားတွေ အတွက်ကတော့ ကုမ္ပဏီတွေကနေ ယူနီဖောင်း ထုတ်ပေးပြီး သူတို့ရဲ့နေ့စဉ် ဝတ်စားဆင်ယင်မှုကို အထောက်အပံ့ ဖြစ်စေတာမျိုးတွေ ဆောင်ရွက်ပေးရပါမယ်။ “နေရေး” ဒါကတော့ အင်မတန်ကို အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင် အိုးအိမ်ဦးစီးဌာနကနေ ဆောက်လုပ်ပေးထားတဲ့ တန်ဖိုးနည်း အိမ်ရာတွေ၊ တိုက်ခန်းတွေ အများကြီးပဲရှိတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အစိုးရအနေနဲ့ အချို့ဌာနဆိုင်ရာက ဝန်ထမ်းတွေအတွက် နေစရာတွေ စီစဉ်ပေးထားတာ ရှိတယ်။ ဒါတောင် ဌာနဆိုင်ရာတိုင်းမှာ မရဘူးလို့ ထင်တယ်။ အခြေခံလူတန်းစားတွေအတွက် အိမ်ကောင်းရာကောင်း တိုက်ခန်းတွေလောက် မကောင်းရင် နေပါစေ၊ မြို့စွန်မှာပဲ ဖြစ်ရင်ဖြစ်ပါစေ သူတို့အတွက် တန်ဖိုးနည်း အိမ်ရာတွေ အများကြီး ဆောက်လုပ်ပေးဖို့ လိုအပ်ပါတယ်”ဟု ပြောခဲ့သည်။
ထို့ပြင် နိုင်ငံတကာတွင် import tax ကို ကောက်ခံပြီး export tax ကို မကောက်ခံကြသည့်အတွက် လယ်သမားနှင့် ထုတ်လုပ်သူများ အကျိုးအမြတ်များ ပိုမိုရရှိကြသည့်အတွက် ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း တွေ့ရသည်။ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချရာ၌လည်း နိုင်ငံတကာ စံချိန်စံညွှန်းမီ ရောင်းချဖို့ လိုအပ်ပေသည်။ သို့မှသာ စင်ကာပူ၊ တရုတ်၊ ဂျပန် စသည်ဖြင့် အရည်အသွေး ပြည့်မီစွာဖြင့် ပိုမိုတင်ပို့ ရောင်းချနိုင်မည် ဖြစ်ပေသည်။ နိုင်ငံခြားဝင်ငွေလည်း ပိုမိုတိုးတက် ရရှိလာပေမည်။
**အောက်ခြေအထိ ဆင်းကြည့်ပါ**
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း များသာမက မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီးပွားရေး ဇုန်များ၊ ပြည်တွင်းစီးပွားရေးဇုန်များ ပိုမိုတိုးချဲ့ ဖွင့်လှစ်ပေးခြင်းအားဖြင့် အဆိုပါ စီးပွားရေးဇုန်များ၌ မြန်မာလုပ်သား အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လမ်း၊ တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးခြင်း အားဖြင့်လည်း မြန်မာအလုပ်သမားများအား အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
**ဝမ်းဝမှ စာရိတ္တကောင်းမယ်**
အစိုးရဆိုတာ ပြည်သူ့အစေခံ၊ ပြည်သူဆိုတာ အစိုးရရဲ့အရှင်သခင် ဆိုတဲ့ စကားလေးအတိုင်း အစိုးရဟာ ပြည်သူကို ဆောင်ရွက်ပေးသင့်တာတွေ ဆောင်ရွက်ပေးရမယ်။ အတိတ်က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ထားခဲ့လိုက်ပြီး အနာဂတ်မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမယ်။ အတိတ်ကို ပြန်တွေးပြီး အချင်းချင်း အပြစ်တွေပုံချနေရင် နိုင်ငံတိုးတက်မှာ မဟုတ်တော့ဘူး။ အနာဂတ် ကောင်းအောင်၊ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ အဓိကပဲ။ ၁၉၄၈က လွတ်လပ်ရေးရတဲ့ မြန်မာနိုင်ငံကို ၁၉၇၅မှ လွတ်လပ်ရေးရတဲ့ ဗီယက်နမ်က ကျော်တက်သွားပြီ။ မြန်မာနိုင်ငံဟာ ဗီယက်နမ်ကို အတုယူသင့်တယ်။ ဝမ်းဝအောင် ရှာဖွေလို့ ရပြီဆိုရင် အခြေခံလူတန်းစားတွေဘဝ တိုးတက်လာမယ်။ အခြေခံလူတန်းစား ဘဝတိုးတက်လာရင် တိုင်းပြည်ဖွံ့ဖြိုးမှုနဲ့အတူ ပြည်သူလူထုရဲ့ စာရိတ္တကလဲ တိုးတက်ကောင်းမွန်လာမယ်”ဟု ဆရာဦးငွေသိန်း(ကုမ္ပဏီလမ်းညွှန်)က ပြောသည်။
**ပြည်သူအတွက် ထောက်ပံ့ပေးပါ**
အစိုးရအနေဖြင့် ယင်းကဲ့သို့ အခြေခံလူတန်းစားများဘဝ တိုးတက်အောင် ဆောင်ရွက် ပေးရာတွင်လည်း အခြေခံလူတန်းစားများအတွက် ပြည်ပနိုင်ငံများတွင် သက်ဆိုင်ရာ အစိုးရမှ မည်သို့ထောက်ပံ့ဆောင်ရွက် ပေးနေသည်များကို သိရှိကာ ဆောင်ရွက်ပေးသင့်ကြောင်းနှင့် ပြည်ပနိုင်ငံများတွင် ယင်းတို့ နိုင်ငံသားများအတွက် အစိုးရမှ ထောက်ပံ့ ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ MHRမှ ဆရာဦးအေးကျော်ကလည်း “အနောက်နိုင်ငံတွေကိုတော့ မပြောတော့ဘူး၊ အာဆီယံနိုင်ငံ အချင်းချင်း ယဉ်ကျေးမှုချင်း ထိစပ်မှုရှိတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံသားတစ်ဦး ဆေးရုံတက်ရင် ဘတ် ၅၀ ပဲကုန်တယ်။ သူ့ဘာသာ ဘာရောဂါကြီးပဲ ဖြစ်ဖြစ်၊ ဆေးရုံမှာ ဘယ်လောက်ပဲ ကြာကြာ နေရနေရ၊ ဆယ်ကြိမ်မက ခွဲစိတ်ရတာမျိုးပဲရှိရှိ ဘတ် ၅၀ပဲ ကုန်ကျတယ်။ အဲဒီတော့ အခြေခံလူတန်းစားတွေအတွက် ကိုယ့်ရဲ့ကျန်းမာရေးကို အစိုးရက တာဝန်ယူထားတာ မဟုတ်လား။ အဲဒီအတွက် မတ်တတ်စာ၊ လဲလျောင်းစာ စတာတွေ ရှာစရာ မလိုတော့ဘူး။ ချမ်းသာသူတွေကတော့ သူတို့အဆင့်အလိုက် သူတို့ဘာသာ အကုန်ခံ ဆေးကုသမှုခံကြတာ ထုံးစံပဲလေ။ ပြောချင်တာက အခြေခံလူတန်းစားတွေ အတွက်ပဲ။ ပြီးတော့ ပညာရေးကို ထိုင်းမှာ GCE A Level (၁၂)တန်းအထိ အခမဲ့ ပညာသင်စနစ်နဲ့ သင်ကြားရတယ်။ မြန်မာနိုင်ငံမှာဆိုရင် တက္ကသိုလ်ဝင်တန်း အောင်တဲ့အထိပေါ့။ အဲဒီလိုတွေ တာဝန်ယူထားတယ်။ အဲဒီလိုတွေ ထောက်ပံ့ပေးထားတော့ ကိုယ့်စားဝတ်နေရေးအတွက် မိသားစုဖူလုံဖို့အတွက် အချိန်ပြည့် လောဘတကြီး ရှာဖွေနေစရာ မလိုတော့ဘူး။ ဘာသာရေး၊ လူမှုရေးတွေအတွက် အချိန်ပေးလာနိုင်ပြီ”ဟု ပြောသည်။ ယင်းနှင့်ပတ်သက်၍ ဆရာဦးငွေသိန်း ကလည်း “သူများနိုင်ငံမှာ ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးထားတဲ့ အခွင့်အရေးတွေ ရှိတယ်။ အင်္ဂလန်မှာဆိုရင် ပင်စင်စား လင်မယားနှစ်ယောက်ရဲ့ သားလေးမှာ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခု ဖြစ်တယ်။ သူတို့လင်မယားနှစ်ယောက်ကို တစ်လပေါင် ၁၅၀၀ စီနဲ့သားလေးကို ပေါင် ၉၀၀ အစိုးရက လစဉ်ထောက်ပံ့ ပေးထားတယ်။ အဲဒီအတွက် သူတို့ဆီမှာ ရှိနေတဲ့သူတွေဟာ အလုပ်အကိုင်ဘယ်လောက်ပဲ မရှိမရှိ ကုန်ဈေးနှုန်းတွေနဲ့အညီ လူတွေဟာ ဝယ်စားနိုင်တယ် ”ဟု ပြောခဲ့သည်။
**အလုပ်အကိုင်တွေ ပေါများစေဖို့**
“မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် တိုင်းဒေသကြီးအလိုက် ကုန်ကြမ်းတွေစုပြီး ကျေးရွာတွေမှာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးကို အကောင်အထည် ဖော်ရမယ်။ အများပိုင်တွေ ထောင်သင့်တယ်။ အများပိုင်ထောင်မှ အများအကျိုးအတွက် ဆောင်ရွက်နိုင်မယ်။ စီးပွားရေး ပညာပေးလုပ်ငန်းတွေလဲ တစ်ဆက်တည်း ဆောင်ရွက်ရမယ်။ မြန်မာနိုင်ငံမှာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးဆိုတာ အခုမှ မဟုတ်ဘူး။ ဘုရင်လက်ထက် ကတည်းက လုပ်လာခဲ့တဲ့ နည်းစနစ်တွေ၊ အရင်ကဆိုရင် ပန်းပဲရွာတို့ ဘာတို့ ရှိနေတာပါပဲ။ ဒီနည်းကို ဂျပန်တွေက ယူသွားတယ်။ ဂျပန်မှာလူတွေက ကိုယ့်ရပ်ရွာကို စွန့်ခွာပြီး တခြားနေရာတွေမှာပဲ အလုပ်သွားလုပ် နေကြတယ်။ ဘာကြောင့်ဆိုတာ ကြည့်လိုက်တော့ သူတို့ဆီမှာ အလုပ်အကိုင်တွေ ရှားပါးနေလို့ဆိုတာ သိပြီး ဒီကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး စနစ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်”ဟု ဆရာဦးငွေသိန်းက ပြောသည်။
နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့် အခြေခံလူတန်းစားများဘဝနှင့် ပတ်သက်၍ ဦးခင်မောင်ညို(ဘောဂဗေဒ) ကလည်း “နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရင် အလုပ်အကိုင်တွေ များလာမယ်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရင်လဲ အများစုကို အလုပ်အကိုင် ပေးနိုင်မယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမှာပဲ။ နောက်တစ်ချက်က ဈေးကွက်က လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီမယ်ဆိုရင်လဲ အလုပ်ရနိုင်တယ်။ ဈေးကွက်က လိုအပ်တာကတခြား ကိုယ်တတ်တာက တခြားဆိုရင် လွဲနိုင်တယ်”ဟု ဦးခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။ အစိုးရအနေဖြင့် နည်းပညာပိုင်းနှင့် အလုပ်အကိုင် ရရှိစေမှုအပိုင်းကို ချိန်ဆပြီး လုပ်ကိုင်နေရသော်လည်း အစိုးရ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း အသီးသီးတို့က နည်းပညာမြင့်မားရေးကို ကြိုးစားရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် ရရှိသော်လည်း ကျွမ်းကျင်မှုနည်းပါက လစာနည်းသော အလုပ်ကိုသာ ရရှိနိုင်ကြောင်း၊ လုပ်ငန်းခွင် ဝင်ရောက်သော သူများအနေဖြင့် အနိမ့်ဆုံး ဘွဲ့ရဖြစ်ဖို့ လိုအပ်ပြီး ဘွဲ့ရသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဘာသာရပ်များကို အမှန်တကယ် တတ်မြောက်ဖို့ လိုအပ်ကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ)က ပြောသည်။
**အခြေခံလူတန်းစားများဘဝ မြင့်မားဖို့**
“ အခြေခံလူတန်းစားတွေအတွက် LIFE SKILLS ကို နိုင်ငံတော်အနေနဲ့ တစ်မျိုးသားလုံး လှုပ်ရှားမှုကြီး အနေနဲ့ လုပ်သင့်တယ်။ အခြေခံဗဟုသုတတွေ သိရှိဖို့ သင်ကြားပေးရမယ်။ အခြေခံဗဟုသုတ ဆိုတဲ့နေရာမှာ ဥပမာ-ဗိုက်နာရင် မုန်ညှင်းဆီလိမ်းပါ မနှိပ်ရ၊ စာမျိုးတွေပေါ့။ တောရွာတွေမှာက ဗိုက်နာရင် ဆေးတွေလူး၊ လူးပြီးတိုင်း နှိပ်ကြတယ်။ အဲဒီလို အောင့်တာဟာ အစာအိမ်ယောင်တာ အူသိမ်ယောင်တာဆိုရင် သေတယ်။ အဲဒီလို ဗဟုသုတတွေကို(၁၀)တန်းမှာမှ သိရမှာတွေ မဟုတ်သေးဘူး၊ လူတိုင်း သိသင့်တယ်၊၊ ဒီလိုသင်ပေးမယ်ဆိုတာ အသုံးလုံးသင်တာနဲ့ မတူဘူး။ အသုံးလုံးက စာဖတ်တတ်ယုံပဲသင်တာ အခြေခံဗဟုသုတတွေ မပါဘူး။ အခုက သူတို့ကို တစ်ခါတည်း သူတို့လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့အတွက် သိသင့်သိထိုက်တာတွေ ပါတာ ငလျှင်လှုပ်ရင် ဘာလုပ်မလဲ ဆိုတာမျိုးပေါ့။ အရွယ်ရောက်တဲ့ လူမှန်သမျှ သိသင့်တာတွေ အားလုံးပါတဲ့ စာတွေကို LIFE SKILLS လို့ခေါ်ပါတယ်။ တစ်နိုင်တစ်ပိုင် အိမ်တွင်း စက်မှုလုပ်ငန်းတွေ လုပ်တတ်အောင် ပညာပေးရမယ် ဆောင်ရွက်ပေးရမယ်။ အခြေခံစီးပွားရေး ပညာသင်တန်းတွေ သင်ပေးသင့်တယ်”ဟု ဆရာဦးအေးကျော်က ပြောပြခဲ့သည်။
မြန်မာနိုင်ငံရှိ လူဦးရေး ထက်ဝက်ကျော်မှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများသာဖြစ်ရာ လူအများစု ဘဝမြင့်မားရေးအတွက် ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်မားမှုအား မီးမောင်းထိုးပြသကဲ့သို့ ရှိနေပေရာ အစိုးရသစ်အနေဖြင့် အခြေခံလူတန်းစားများအတွက် ဆောင်ရွက်ပေးဖို့ လိုအပ်လှပေသည်။
**စုစည်းတင်ပြသူ-သဲစုလှိုင်၊နွေဦးလင်း**
By Flower News Journal
http://www.eastwindburma.net/bur/2010-12-26-16-19-23/2010-12-26-16-26-06?start=10
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံလူတန်းစားဘဝ မြင့်မားရေးမှာ အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသလို လူတန်းစား မညီမျှမှုမှာလည်း နိုင်ငံတိုင်းတွင် ရှိနေသည်။ မြန်မာနိုင်ငံတွင်လည်း မကြာမီကာလအတွင်း အစိုးရသစ် တစ်ရပ်ပေါ်ပေါက် လာတော့မည်ဖြစ်ရာ အစိုးရသစ် အနေဖြင့် နိုင်ငံ၏ တိုးတက်ရေးတွင် အဓိကကျနေသော အခြေခံလူတန်းစားများ ဘဝမြှင့်တင်ရေးအတွက် မည်သို့မည်ပုံ ဖော်ဆောင်မည် ဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်နေသည်။

No comments:
Post a Comment