“ကိုရင့်အရွယ်က အချောအလှကို မြင်တတ်ကြည့်တတ်ပေါ့ကိုး။ အေးလေ ကြည့်ပြန်တော့ကြည့်ရာက ထိလာချင်တယ်။ ထိမိပြန်တော့ သားတွေသမီးတွေ ရှိလာဦးမှာဗျာ။ ကိုရင်တို့အိမ်က မတောင်သာသလို ဟိုကောင်မလေးအိမ်ကလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ဒီတော့ ကိုရင့်စိတ်ထဲ မိန်းမယူကြည့်လိုက်စမ်းပါ။ အဲဒီအချိန်မှာ သားရယ်၊ သမီးရယ်လို့ရ၊ မိန်းမက မီးယပ်ရောဂါထလို့ ဘာမှမလုပ်နိုင်။ ကလေးက နို့မ၀လို့ ငို၊ လယ်ပြင်၊ ယာပြင်ကိုလည်း မသွားလို့ကမဖြစ်။ ငှားထားတဲ့နွား တစ်ကောင်ကလည်း ခွာနာလျှာနာဖြစ်လို့ ခိုင်းမရ။ ရွယ်လယ် ၀တ်ဇရပ်မှာ နေ့မီးကင်းကလည်း စောင့်ရဦးမှာ။ ဆန်အိုးထဲ ဆန်ကုန်လို့ ဆန်ကလည်း ချေးရဦးမှာ။ လယ်ပြင်ယာပြင်မှာရေလုရင်း ရန်ဖြစ်ခဲ့လို့ သူကြီးကလည်း မင်းကိုသူ့အိမ် နေခင်း (၂)နာရီအရောက်လာဖို့ ဆင့်ခေါ်ထားဆိုပဲ” လို့လည်းပြောလိုက်ရာ…။
လူထွက်ချင်တဲ့ ကိုရင်ကလျာဏဟာ ကြားရရုံနဲ့ လူ့ဘ၀ ရှုပ်ထွေးလှပုံကို စိတ်ရှုပ်လာပြီး ခေါင်းကိုသာလှိုင်လှိုင်ကုတ်ရင်း….။
“ဒီလောက်တောင် ရှုပ်ထွေးလှတဲ့ လူ့ဘ၀ကြီးထဲ ခုန်မဆင်းရဲတော့ပါဘူး။ ကိုရင်ပန်းဆိုင်ရာ”လို့ ကတိပေးပြီး စာသင်ထွက်သွားတဲ့ ကိုရင်ကလျာဏဟာ ခုတော့ ပဉ္စင်းနှစ်ဝါရလို့ ဓမ္မာစရိယတန်းတောင် ရောက်နေပါပြီ။ အချိန်မီတဲ့ စကားတစ်ခွန်း တန်ဖိုးရှိသလို ကိုရင်ပန်းဆိုင်ကို ဦးပဉ္စင်း ဦးကလျာဏက ကျေးဇူးတင်လို့မဆုံးနိုင်ခဲ့ပါဘူး။ ကိုရင်ပန်းဆိုင်ဟာ ကိုရင်ကလျာဏအတွက် သူ့ဘ၀နဲ့ရင်းပြီး သူ့ဘောင်ရှုပ်ထွေးပုံကို ဒီတရားကိုသာ ချက်ပိုင်ပိုင်ဟောနိုင်စွမ်းရှိပေမယ့် သူ့ကိုသင်္ကန်းလှူတုန်းက တရားလေး တိုတိုတုတ်တုတ် ဟောပါဦးဆိုတော့…။
“သိတော့သိတယ်၊ ဟောတတ်ဘူး”လို့ စုံမှိတ်ငြင်းခဲ့သလို ဆွမ်းသွတ်တစ်ခုမှာ ရေစက်ချဖို့ လူတစ်ယောက်က လျှောက်တုန်းကဆိုရင်လည်း…။
“လူ ရန်စတာလား”လို့ ပြောခဲ့တာပါ။ အေးလေ ခုဟာကတော့ သူကိုယ်တိုင် ကျင်လည်ခဲ့ဖူးတဲ့ လူ့ဘ၀ရဲ့ ဒုက္ခ၊ သောက အရှုပ်အထွေး၊ အပူပင်တွေကို ရင်းနှီးပြီး ဟောရပြောရတာဆိုတော့ ထိထိမိမိရှိတာပေါ့။ ပေးတဲ့လူကလည်း ပေးတတ်သလို ခံယူတဲ့လူကလည်း ခံယူတတ်တဲ့ ဓာတ်ခံပါရမီကရှိပါမှ နို့မဟုတ်လို့ကတော့ ဟိုကဗျာလို….။
“ပါရမီနဂို၊ မရှိလိုက
ကုသိုလ်စရိုက်၊ မဟောထိုက်တည့်
လူမိုက်၊ တိရစ္ဆာန်
မိဗာန်စကား၊ အလွန်ခါး၏” ဆိုသလိုနေမှာ….။
တင့်လွင်ကျော်ဖြိုး (စလင်း)
(ဖက်ရှင်သစ္စာ မဂ္ဂဇင်းမှ)

No comments:
Post a Comment