...မင်္ဂလာပါ မိတ်ဆွေတို့
လူထုခွန်အားကို ထုတ်ဖော်ပြသပြီး လက်ရှိ စစ်အာဏာရှင်များ ကျင့်သုံးနေတဲ့အာဏာရှင် စနစ်ဆိုးကို ချုပ်ငြိမ်းအောင် လုပ်ဆောင်ပြီး လှပသာယာတဲ့ လူ့ဘောင် တရပ် ပေါ်ထွန်ရေး အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို အခြေပြုတဲ့ တိုင်းပြည် တခု အဖြစ်ရောက်အောင် အားလုံး ၀ိုင်းဝန်း ကြိုးစားနေကြတာကို သိပြီးသား ဖြစ်လို့ အထူးအထွေ မရေးတော့ပါဘူး ။
အာဏာရှင် စနစ်ကြောင့် ပြိုပျက်နေပါတယ် ဆိုတာကလည်း လက်ရှိ မြန်မာနိုင်ငံ အနေအထားကို ကြည့်လိုက်ရင် လွန်စွာမှပင် သိသာ ထင်ရှားနေလို့ ညွှန်းစာ ဖွဲ့စရာ တောင် မလိုလောက်တော့ပါဘူး ။ ဒါတွေကို သိလို့ ရုန်းထကြဖို့ နိုးဆော်သူက နိုးဆော် ၊ တော်လှန်ရေး ဆင်နွှဲနိုင်အောင် ကြိုးပမ်းသူများက လည်း တက်ညီလက်ညီနဲ့ ကြိုးပမ်းနေကြလို့ မကြာခင် အချိန်ကာလမှာ လူထုကို အခြေပြုထားတဲ့ တော်လှန်ရေး တရပ်ကို ဆင်နွှဲကြဖို့ ပထမဆုံး ခြေလှမ်း အဖြစ်နဲ့နည်းပညာကို အခြေပြုကာ နိုးဆော်တိုက်တွန်းခဲ့ကြတာ အတော်လေးကို ခရီးရောက်သွားပါတယ် ။ လူတော်တော်များများရဲ့ ပါးစပ်ဖျားက လုပ်ရှားချင်ပါတယ်ဆိုတဲ့ စကားသံတွေ ကြားရတာ အင်မတန်မှ အားတက်ဖွယ်ရာ ကောင်းလွန်းလှသလို စစ်အာဏာရှင် စနစ်တည်မြဲမှ စည်းစိမ်ချမ်းသာ ခံစားရမယ်လို့တွေးတောသူများက လည်း တော်လှန်ရေးကြီး မဖြစ်ပွားအောင် အမျိုးမျိုးကြိုးစားနေကြတာကို အားလုံး မျက်မြင်ထင်ရှားတွေ့မြင်ကြရတဲ့ အတိုင်းပါဘဲ ။
လူသားမျိုးနွယ်စု တော်တော်များများဟာ နည်းပညာရဲ့ စွမ်းပကား ကို အသုံးချပြီး သူတို့ဘ၀တွေ တဆင့်ထက် တဆင့်မြင့်မားတိုးတက်ဖို့ ကြိုးစားနေကြတာကို သာဓက ထာြး့ပီး ကျနော်တို့တွေ လုပ်ရှားခဲ့ကြတာကို တော်လှန်ရေးရဲ့ ပထမ ခြေလှမ်းလို့ သတ်မှတ်ထားလို့ရပါတယ် ။ ဒီနေရာမှာတော့ အခက်အခဲ အနည်းငယ်နဲ့ အငြင်းပွားဖွယ်ရာ ပြဿနာ အသေးအဖွဲလေးများက လွဲလို့ အခြား ကြီးကြီးမားမား ပြဿနာတော့ ခုချိန်ထိ မတွေ့ရသေးလို့ အောင်မြင်ပြီးမြောက်တယ်လို့ သတ်မှတ်လို့ရပါတယ် ။ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးလမ်းကိုလည်း အခုလိုဘဲ အောင်မြင်စွာ ဖြတ်သန်းနိုင်ကာ ရည်မှန်းချက် ဟူသမျှ ပြီးမြောက်ဖို့ အတွက် ကျနော်တို့ ထပ်မံကြိုးစားကြရပါအုံးမယ် ။ ဒီနေရာမှာ အနည်းငယ် ပြောကြားလိုတာက ရှေ့ဆက်ရမယ့် ခရီးက နည်းနည်းတော့ ကြမ်းတမ်းမှာ အမှန်ပါဘဲ ။ ကြမ်းတမ်းတဲ့ ခရီးလမ်းဖြစ်ပေမယ့် လျှောက်တတ်ရင် ခရီးရောက်မှာ အသေအချာပါဘဲ ။ ဒါကြောင့် ကျနော်တို့ မပြီးပြတ်သေးတဲ့ ခရီးလမ်းကို လက်တွေ့ကျကျ လျှောက်လှမ်းကြဖို့ အသင့်အနေအထားနဲ့ ပြင်ဆင်ထားရှိဖို့ အထူးလိုအပ်လာပါတယ် ။
တော်လှန်ရေး စမယ်ဆိုလို့ ဘယ်လို စတင် လုပ်ရှားကြမှာလည်း ဆိုတဲ့ မေးခွန်းကို တက်ကြွနေတဲ့လူငယ်တော်တော်များများ ဆီက မေးမြန်းလာကြပါတယ် ။ အင်မတန်မှာ ရိုးရှင်းလှတဲ့ မေးခွန်းလေး ဖြစ်ပေမယ့် အရေးပါလွန်းတဲ့ ကိစ္စတခုဖြစ်လို့ ဘယ်လို စတင် လုပ်ရှားကြရင် ကောင်းမလည်း ဆိုတာကို ၊ ယနေ့ တိုင်းပြည်ရဲ့ အနေအထား ၊ ဖြစ်ပေါ်နေတဲ့ အခြေအနေ တရပ် နှင့် သမိုင်းဖြစ်ရပ်များကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်သုံးသပ် တင်ပြပေးကြ မယ်ဆိုရင် အားလုံး အတွက် အသိအမြင် သုတ တိုးပွားလာမှာ သေချာပါတယ် ။ အမှန်အမှားဆိုတာထက် ကောင်းမွန်တဲ့ လုပ်ငန်းစဉ် တရပ်ကို ဖော်ဆောင်ဖို့သာ အဓိကလို့ သဘောထားပြီး ငြင်းခုံကြခြင်းထက် ဆွေးနွေးတင်ပြပေးကြရင် အရမ်းကို အကျိုးရှိမှာပါ ။ မတူညီတဲ့ စိတ်ထားကို အခြေခံထားတဲ့ လူသားများပီသစွာ အတွေးအခေါ် အယူအဆတွေက ဘယ်သော အခါမှ ထပ်တူမျှ ဖို့ မဖြစ်နိုင်ပါဘူး ။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာတွေ့ကြုံနေရတဲ့ အနေအထားကို ဘယ်သူကမှ ကိုယ့်လောက်ရင်းနှီးကျွမ်းဝင်မှာ မဟုတ်တာတော့ သေချာပါတယ် ။ ဒီတော့ လက်ရှိ အနေအထားမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရှားကြမလည်း ဆိုတာ ကိုယ်ထင်မြင်ချက် အယူအဆကို တင်ပြကြပေးကြပါလို့ လေးစားစွာ
မေတ္တာရပ်ခံလိုပါတယ် ။
ပထမဦးစွာ အကြံပြုလိုတာက ကိုယ်က တော်လှန်ရေးသမားလား ပြည်သူလူထုလား အာဏာရှင်တွေဘက်က ချက်ချင်းကြီး အလွယ်တူ သိသာထင်ရှားစွာ မခွဲခြားနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မြင်ယူဆမိတဲ့အတွက် သာမန် အ၀တ်အစားပေါ်ကို ဘဲ အခြေခံပြီး အချင်းချင်း ဆက်သွယ်ကြတဲ့ ပုံစံမျိုးနဲ့ ဆို သင့်တော်မယ် လို့ထင်ပါတယ် ။ တော်လှန်ရေးကို စတင်လုပ်ရှားဖို့ အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေသူတွေက တစုတစည်းထဲ မဟုတ်တဲ့ အတွက် စုစည်းမှုကို ဘယ်လို ယူကြမလည်း ဆိုတာ အရေးကြီးလာပါတယ် ။ အဲဒီလို စုစည်းဖို့ သင့်တော်မယ့် နေရာ က တော်တော်လေးကို အရေးကြီးပါတယ် ။ ဒီနေရာဟာ လူအများ သွားလာရလွယ်တဲ့ နေရာ ဖြစ်သင့်သလို အားလုံးသိထားတဲ့ ထင်ရှားတဲ့ နေရာ တခုဖြစ်ကာ လူအများ စုဝေး လိုက်လို့ မသိသာတဲ့ နေရာ တခုဖြစ်ခဲ့ရင် အင်မတန်မှ သင့်တော်မယ်လို့ ယူဆမိပါတယ် ။ မိတ်ဆွေတို့ အနေနဲ့ ဘယ်လို ထင်မြင် ယူဆပါသလည်း ဆိုတာ အကြံပြု တင်ပြပေးကြပါ ။ စုစည်းမယ့်နေရာက တခုက ကောင်းသလာ တခုထက် ပိုများတဲ့နေရာတွေ သတ်မှတ်ထားရင် ပိုကောင်းမလား ဆိုတာလေးပါ ထည့်သွင်း ဆွေးနွေးစေလိုပါတယ် ။
တော်လှန်ရေး အင်အားစုများ စုစည်းမှု ရယူပြီးနောက် ဘယ်ကို ချီတက်သင့်လည်း .......။ ချီတက်မယ့် လမ်းကြောင်းကို အရင်ဆုံး ရွေးချယ် ၊ အကယ်၍ အင်အားစုက တခုထက် များခဲ့ရင် ပြန်လည် ပူးပေါင်းသင့်သလား ၊ ဒါမှ မဟုတ်ရင် မတူညီတဲ့ လမ်းကြောင်း များနဲ့ဘဲ ချီတက်ကြမှာလာ ။ အဲဒီလို ချီတက်ကြမယ် ဆိုရင် ချီတက်ရာ လမ်းကြောင်းမှာ ကြုံတွေ့ရမယ့် အခက်အခက်တွေ ၊ အဲဒီလို အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင် ဘယ်လို ဖြေရှင်းကြမလည်း ဆိုတာလေးလည်း ဆွေးနွေးစေချင်ပါတယ် ။
နောက်တချက် သတ်မှတ်ချိန်ကုန်ဆုံးလို့ တော်လှန်ရေး အင်အားစုတွေ လမ်းခွဲကြရင် ကောင်းမလား ၊ နေရာတခုကို အခြေပြုပြီး သပိတ်စခန်း သဘောမျိုးထားရှိကြတာ ကောင်းမလားဆိုတာလည်း သေချာစွာ စဉ်းစားသင့်ပါတယ် ။ အကယ်၍ သပိတ်စခန်း ဖွင့်ဖို့ စဉ်းစားကြရင် အဲဒီစခန်းမှာ ဘယ်သူတွေ နေသင့်သလည်း ၊ အဲဒီလူတွေ အတွက် စားနပ်ရိက္ခာကို ဘယ်လို ကူညီပံ့ပိုးပေးကြရင် ကောင်းမလည်း ဆိုတာလည်း သေချာစွာ စဉ်းစားဖို့ လိုအပ်ပါတယ် ။ အဲဒီလို သပိတ်စခန်း ဖွင့်လိုက်တဲ့ အတွက် ရရှိလာနိုင်တဲ့ အကောင်းနဲ့ အဆိုးကို ယှဉ်တွဲ သုံးသပ်ဖို့ အတွက်ကိုလည်း သေချာစေ့စပ်စွာ ထောင့်စေ့အောင် စဉ်းစားထားမှ တကယ်လုပ်ရှားမှု ဖြစ်လာရင် အားလုံး အဆင်သင့်ဖြစ်လာမှာ ဆိုတာ မမေ့စေချင်ပါဘူး ။
အဲဒီနောက်မှာ အရေးပါတဲ့ အရာတခုက ကျနော်တို့က လက်ရှိ စစ်အာဏာရှင်တွေဆီက ပြည်သူလူထု လိုလားတောင့်တနေတဲ့ အချက်အလက်များကို တောင်းဆို တိုက်ပွဲဝင်ခဲ့လို့ သူတို့ဘက်က မလိုက်လျောခဲ့ရင် ဘယ်လို ရှေ့ဆက်ကြမလည်း ။ စစ်အာဏာရှင်တွေကို ဘယ်လောက် အတိုင်းအတာထိ အချိန်ပေး ကြမလည်း ။ ဒီကိစ္စရပ်တွေမှာတော့ နိုင်ငံရေး ပညာရှင်များက ပိုမို ရင်းနှီးကျွမ်းကျင်ကြမှာ သေချာလို့ သူတို့တတွေရဲ့ ဆုံးဖြတ်ချက်ကို လူထုက လိုက်နာနိုင်အောင် ကြိုးစားကြတာ ပိုကောင်းမယ်လို့ ထင်ပါတယ် ။
မိတ်ဆွေတို့ခင်ဗျာ.......... ရှေ့ဆက်ချီရမယ့် ခရီးလမ်းကို မချီတက်ခင်လေးမှာ အသေအချာ ဆွေးနွေး အဖြေရှာကြရင် အများကြီး အကျိုးထိရောက်မှာ အသေအချာဖြစ်လို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ၀င်ရောက်တင်ပြပေးကြဖို့ကို လေးစားစွာ ထပ်မံပြီး မေတ္တာရပ်ခံအပ်ပါတယ် ။ ဒီက ရတဲ့ အချက်အလက်များထဲက အနှစ်ချုပ်ကို အများသူဌာ သိရှိအောင် အကျဉ်းချုပ်ပြီး ပြန်လည် တင်ပြပေးပါ့မယ်လို့ ဂတိပေးရင်း မိတ်ဆွေတို့ ဦးနှောက်ကို အလုပ်ပေးရင်း စတင် တိုက်ပွဲဝင်ကြရအောင် ဗျာ.......။
**ထိပ်ဆုံးသို့ **
တစ်တောင်ပေါ် တစ်တောင်ဆင့်၊
တောင်အမြင့် ပတ်ခြံရံ၊
တစ်တောင်ဆုံးပြန်တော့၊
တစ်လုံးကျန်ပြန်ပေသမို့၊
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုး
လျှောက်ရပြန်၊
ခါတစ်လေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊
အမှန်တော့ ဖြစ်နိုင်ပါ့မလား၊
စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊
မာလာငွေ ကန်ရေအေးရယ်နှင့်၊
ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊
ချစ်ဖွယ့်လူသား ။
**ငွေတာရီ**
လက်ရှိအနေအထားမှာ အနိမ့်ဆုံးကို ရောက်နေတဲ့ ကျနော်တို့ အနေနဲ့ ထိပ်ဆုံးကို ပြန်လည်ရောက်ရှိအောင် ကြိုးစားကြတဲ့ နေရာမှာ နည်းနည်းတော့ အပင်ပန်း ဆင်းရဲ ခံရမှာ အမှန်ပါဘဲ ။ ကျနော်တို့တွေ ရည်မှန်းချက် အတိုင်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ကြရင် နောင်လာမည့် မျိုးဆက်တွေက သူရဲကောင်းများ သဖွယ် တင်စားပြောဆိုကြမှာ အသေအချာ ဖြစ်သလို သမိုင်းစာမျက်နှာမှာ ချစ်ဖွယ့်လူသားများဆိုတဲ့ စကားသံကို ကြားရဖို့ အတွက် စတင် ရုန်းထလိုက်ကြပါစို့လို့ ဆရာမ ငွေတာရီ ရဲ့ ထိပ်ဆုံးသို့ ကဗျာလေးနဲ့ နိုးဆော် တိုက်တွန်း ရေးသားလိုက်ရပါတယ် ခင်ဗျာ ။
အခု အသုံးပြထားတဲ့ တံဆိပ် အမှတ်အသားလေးရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆို ရှင်းပြရရင်တော့ သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် အနိုင်မခံ အရှုံးမပေးတတ်သည့် ခွပ်ဒေါင်းတို့၏ စွမ်းပကားဖြင့် လွတ်လပ်သော ဗမာ နိုင်ငံ အဖြစ် ကြယ်ငါးပွင့် အလံကို လွတ်လပ်ရေး ပန်းတိုင် ထက်မှာ စိုက်ထူးနိုင်ခဲ့သလို ....... ယနေ့အချိန်ခါမှာ စစ်အာဏာရှင် စနစ်အောက်တွင် အကျဉ်းကျနေသည့် ပြည်သူလူထုအား အချိန်ကြလျှင် ခွပ်တတ်ကြတဲ့ ခွပ်ဒေါင်းတို့ သဘာအတိုင်း Just Do It ကို စတင်မွေးဖွားကာ ထိုမှ ပွင့်လန်းလာသည့် နှင်းဆီနီတော်လှန်ရေး က ထာဝစဉ် လွတ်မြောက်အောင် ကြိုးပမ်းပါမည်ဟု ဒီမိုကရေစီ သူရဲကောင်းများအား ဂတိပေးအပ်ကာ စစ်အာဏာရှင် စနစ်ဆိုးအား တိုက်ပွဲဝင်တော့မည့် အကြောင်းကို သက်သေထူထားခြင်း ဖြစ်ပါသည် ။
ကျွန်ူပ်တို့သည် စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဒုက္ခမျိုးစုံ အဖုံဖုံကို ဆင်းရဲကြီးစွာ ခံစားနေရသည့် ဘ၀မှ လွတ်မြောက်အောင် မတရားမှုကို ခေါင်းငုံ့မခံဘဲ စတင်တွန်းလှန်ပါတော့မည် ဖြစ်ပါ၍ ဒီမိုကရေစီ နိုင်ငံထူထောင်ရန် ကြိုးစားရင်း အသက်ပေးတိုက်ပွဲဝင်သွားကြသော အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် သူရဲကောင်းများအား တိုင်တည် သစ္စာပြုပါသည် ။
အို သူရဲကောင်း အပေါင်းတို့.........သင်တို့လုပ်ဆောင်ခဲ့သော မြင့်မြတ်သော ပေးဆပ်မှုများ၏ အကျိုးဆက်ကြောင့် လွတ်လပ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရသည့် နိုင်ငံ အဖြစ်သို့ပို့ဆောင် နိုင်ခဲ့သလို ကျွန်ူပ်တို့သည်လည်း စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်၍ စစ်မှန်သော ဒီမိုကရေစီ ကို အခြေခံသည့် နိုင်ငံတခု အဖြစ်သို့ရောက်အောင် ကြိုးစားလုပ်ဆောင်ပါမည်ဟု ဂတိပြုပါသည် ။
ခင်မင်လေးစားလျှက်
**ဗမာ့သွေး**

No comments:
Post a Comment