** ၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ အိုဘားမား ထပ်မံယှဉ်ပြိုင်မည် **
(၀ါရှင်တန်၊ ဧပြီလ ၅ ရက်)
၂၀၁၂ ခုနှစ်အတွင်း ကျင်းပမည့် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း လက်ရှိ အမေရိကန်သမ္မတဘာရက်အိုဘားမားက ဧပြီလ ၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် လာမည့် ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲ၌ ၄င်းအနေဖြင့် အခြေအနေကောင်းများ ရရှိမည်ဖြစ်ကြောင်း သမ္မတအိုဘားမားက မျှော်လင့်ထားသည်။ (အင်တာနက်)

(A 92-year-old has become the oldest woman committed to stand trial for murder in …)
** အသက် ၉၂ နှစ်အရွယ် အဘွားအို လူသတ်မှုဖြင့် တရားရင်ဆိုင်နေရ **
(ဆစ်ဒနီ၊ ဧပြီလ ၅ ရက်)
သြစတြေးလျနိုင်ငံသူ အသက် ၉၂ နှစ်အရွယ် အဘွားအိုတစ်ဦးသည် လူသတ်မှုကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်ဖြစ်ရာ သြစတြေးလျနိုင်ငံ၏ အသက်အကြီးဆုံးလူသတ်တရားခံဟု ယူဆရသူဖြစ်လာကြောင်း ဧပြီလ ၂ ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
** သက်တမ်း ၂၀၀၀ ကျော်ရှိ ရှေးဟောင်းအဆောက်အအုံများ နီပေါနိုင်ငံအရှေ့ပိုင်း၌ တူးဖော်တွေ့ရှိ **
(ခတ္တမန္ဒူ၊ ဧပြီလ ၅ ရက်)
နီပေါနိုင်ငံအရှေ့ပိုင်း ဂျာဖာခရိုင်ရှိ ရှေးဟောင်းသမိုင်းဝင် ဒေသတွင် သက်တမ်း ၂၀၀၀ ကျော်ရှိ အဆောက်အအုံ အပျက်များကို တူးဖော်တွေ့ရှိရကြောင်း ဧပြီလ ၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ဆူနာမီရေလှိုင်း ကြိုတင်သတိပေးစနစ် မြေထဲပင်လယ်ဒေသ၌ တပ်ဆင်ရန်ပြင်ဆင် **
(အန်ကာရာ၊ ဧပြီလ ၅ ရက်)
မြေထဲပင်လယ်နှင့် ထိစပ်နေသော နိုင်ငံများ၌ ဆူနာမီရေလှိုင်းကြိုတင်သတိပေးရေးစနစ်တစ်ရပ်ကို တပ်ဆင်နိုင်ရန် ဥရောပရှိ သိပ္ပံပညာရှင်များ ပူးတွဲလုပ်ကိုင်လျက်ရှိကြကြောင်း တူရကီသိပ္ပံပညာရှင်တစ်ဦးက ဧပြီလ ၄ ရက်နေ့တွင် ပြောကြားသည်။ ဂျပန်နိုင်ငံ၌ မတ်လ ၁၁ ရက်နေ့က အင်အား ၈ ဒသမ ၉ ရှိ မြေငလျင်လှုပ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား တွေ့ကြုံခံစားခဲ့ရသည်။ (အင်တာနက်)
** ကမ္ဘာပေါ်ရှိ ညူကလီးယားဓာတ်အားပေးစက်ရုံ အများအပြား မြေငလျင်နှင့် ဆက်နွှယ်နေသော ဓာတ်ရောင်ခြည်အန္တရာယ် ဖြစ်ပေါ်စေနိုင် **
(လန်ဒန်၊ ဧပြီလ ၅ ရက်)
ကမ္ဘာတစ်ဝန်းရှိ ညူကလီးယားဓာတ်အားပေးစက်ရုံအများအပြားသည် မြေငလျင်လှုပ်ခြင်း သို့မဟုတ် ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်းကြောင့် ဓာတ်ရောင်ခြည် ကပ်ဘေးဆိုက်ရောက်မှု ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသီများက ဧပြီလ ၄ ရက်နေ့တွင် သတိပေးလိုက်သည်။ (အင်တာနက်)
** မိုးခေါင်ရေရှားကပ်ဘေးဆိုင်ရာ နိုင်ငံတကာအကူအညီများ ဆိုမာလီတောင်းခံ **
(နိုင်ရိုဘီ၊ ဧပြီလ ၅ ရက်)
ရာသီဥတုပေါင်းများစွာ မိုးရွာသွန်းမှုမရှိခဲ့ခြင်းကြောင့် မိုးခေါင်ရေရှားဒဏ်ကို ခံစားနေရသည့် ပြည်သူများကို နိုင်ငံတကာက အကူအညီများပေးအပ်ရန် ဆိုမာလီအစိုးရက အင်္ဂါနေ့တွင် တောင်းဆိုခဲ့သည်။ (အင်တာနက်)
** ပါကစ္စတန်၌ ဗုံးပေါက်ကွဲမှုများကြောင့် လူ ၄၉ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ **
(အစ္စလာမ္မာဘတ်၊ ဧပြီလ ၅ ရက်)
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဒီရာဂါဇီမန်းမြို့ရှိ လူစည်ကားသည့် ဘာသာရေးပွဲတော်၌ ဧပြီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ရာ လူ ၄၉ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဧရာမောင် **

No comments:
Post a Comment