တစ်ခါက လူတစ်ဦးသည် သဲကန္တာရတစ်ခုတွင် နှစ်ရက်ကြာ ခရီးနှင်လေသည်။ လမ်းတစ်နေရာတွင် သဲမုန်တိုင်းနှင့် တိုးသည်။ မုန်တိုင်း ဆဲသွားပြီးနောက် သူသည် ဦးတည်ရာလမ်းကို မမှတ်မိတော့ပေ။ စမ်းတ၀ါးဝါးဖြင့် ရှေ့သို့သွားရင်း တစ်နေရာတွင် စွန့်ပစ် အိမ်တလုံးကို သူတွေ့မိသည်။ ဆာလောင် မွတ်သိပ်သော ခန္ဓာကိုယ်ဖြင့် အိမ်ထဲသို့ သူဝင်သွားမိသည်။ အိမ်မှာ မိုးလေလုံပြီး သစ်ဆွေးများ စုပုံထားသည် ကိုတွေ့သည်။ သူသည် အထဲသို့ ဆက်လျောက်ကြည့်ရာ ရေစုပ်စက် တစ်လုံးကို ထူးဆန်းစွာ တွေ့မိသည်။ သူသည် အားရ ၀မ်းသာဖြင့် ရေကို စုပ်ယူလေသည်။ သို့သော် ဘယ်လို စုပ်စုပ် ရေတစ်စက်မှ ထွက်မလာပေ။ စိတ်ပျက်ပျက်နှင့် ရေစုပ်စက် ဘေးတွင် သူထိုင်လိုက်မိသည်။ ရေစုပ်စက် ဘေးတွင် ရေပုလင်း တစ်လုံးကို ထူဆန်းစွာ တွေ့မိပြန်သည်။ ပုလင်းပေါ်တွင် အ၀ါရောင် သမ်းနေပြီ ဖြစ်သော စာရွက် တစ်ရွက် ကပ်ထားသည်။ စာရွက်ပေါ်တွင်....
“ပုလင်းထဲက ရေကို စက်ထဲ အရင်သွန်ထည့်မှ ရေကို စုပ်ယူနိုင်မည် ဖြစ်သည်။ ဤနေရာမှ မထွက်ခွာခင် ပုလင်းထဲသို့ ရေဖြည့်ရန် သင် မမေ့ပါနှင့်”
ပုလင်းဖုံးကို သူဖွင့်လိုက်သည်။ ပုလင်းဖုံးကို ဖွင့်နေစဉ် သူ့စိတ်မှာ တွေဝေလှုပ်ရှားနေမိသည်။
အကယ်၍ သူသာ တစ်ကိုယ်ကောင်းဆန်ပြီး ပုလင်းထဲက ရေကို စက်ထဲ မသွန်ထည့်ဘဲ သောက်လိုက်လျင် ရေငတ် ပြေပြီး ဤနေရာမှ အသက် ရှင်လျက်ထွက်ခွာ သွားနိုင်သည်။ စာရွက်ပေါ်ကအတိုင်း ပြုလုပ်မိသော် မတော်တဆ တွင်း
ထဲက ရေမထွက်ခဲ့လျှင် သူသည် ဤနေရာတွင် သေဆုံးသွားနိုင်သည်။
နောက်ဆုံးတွင် ပုလင်းထဲကရေကို ဟောင်းနွမ်းနေသော စက်ထဲသို့ တုန်ရီနေသော လက်ဖြင့် သူသွန်ထည့်ပြီး ရေကို စုပ်လိုက်သည်။ အားလုံးကြီးသော ရေများ စက်ထဲမှ ထိုးထွက်လာသည်။ သူသည် ရေကို တ၀သောက်ပြီး ပုလင်းကို ရေပြန်ဖြည့်လိုက်သည်။ ထို့နောက် စာရွက်အောက်တွင် စာတိုလေးတစ်ကြောင်း ထပ်ရေးလိုက်မိသည်။
“ အမှန်တကယ် အသုံးဝင်သည် ယုံကြည်ပါ။”
လိုချင်တာကိုမရခင် တစ်ခုခုကို အရင် ပေးဆပ်ရမည်မှာ သဘာဝပင်ဖြစ်သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment