တစ်ခါက ထင်းခုတ်ရောင်းသောသူ တစ်ဦးသည် ပင်ပန်းစွာ ကိုယ်ပိုင်အိမ်တစ်လုံးကို ဆောက်လုပ်ပြီးစီးခဲ့သည်။ အိမ်မှာ လေလုံမိုးလုံ ဆိုရုံဖြစ်သည်။ တစ်နေ့တွင် သူသည် မြို့ထဲသို့ ထင်းများသွားရောင်းလေသည်။ အပြန်တွင် သူ့၏အိမ်မှာ မီးလောင်နေသည်ကို တွေ့လိုက်ရသည်။ လူအများက ကူညီပြီး မီးဝိုင်းငြိမ်းပေးကြသော်လည်း မီးမှာအိမ် တစ်အိမ်လုံးကို ၀ါးမျိုခဲ့သည်။ ထင်းခုတ်သမားမှာလည်း မီးလောင်နေသော အိမ်ကို ကြည့်ရင်း လက်မှိုင်ချခဲ့ရသည်။ အိမ်တစ်ခုလုံး ပြာကျသွားမှ ထင်းခုတ်သမားသည် ပြာတောထဲသို့ တိုးဝင်ကာ တစ်စုံတစ်ရာကို အငမ်းမရ လိုက်ရှာနေသည်။ လူအများက တန်ဖိုးရှိသော ပစ္စည်းကို လိုက်ရှာ နေသည်ဟုသာ ထင်ကြသည်။ တခဏ ကြာသော် ထင်းခုတ်သမားမှာ “တွေ့ပြီ တွေ့ပြီ” ဟု လက်ထဲက မီးလောင်ခံထားသော ပုဆိန်ရိုးတိုကို ကိုင်မြှောက်ပြီး ၀မ်းသာအားရ အော်ဟစ်လေသည်။ “ဒီပုဆိန်သာရှိမယ်ဆိုရင် ဒီထက်ခိုင်ခံ့တဲ့ အိမ်ကို ကျွန်တော်ပြန်ဆောက်လို့ရတယ်” အဖိုးမဖြတ်နိုင်သော အရာကဲ့သို့ ပုဆိန်ကိုကိုင်ပြီး ထင်းခုတ်သမားမှာ ၀မ်းသာစွာပြောသည်။
အောင်မြင်နေသော သူတစ်ဦးသည် ကြိမ်ဖန်များစွာ လဲကျဖူးသည်။ လဲကျရာမှ ပြန်ထပြီး အောင်မြင်သော ပန်းတိုင်သို့ ရောက်ရန် မဆုတ်မနစ် ကြိုးစားခဲ့သည်။ ကြိမ်ဖန်များစွာ လဲကျဖူးခြင်းသည် ကျွန်တော်တို့ အတွက် ရှက်စရာ၊ စိတ်ပျက်ဝမ်းနည်းစရာ မဟုတ်။ လဲကျပြီးနောက် ပြန်မထခြင်းသည်သာ ရှက်စရာ၊ စိတ်ပျက်စရာ ဖြစ် သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment