** စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ရီးယဲလ်က ဘာစီလိုနာကို အနိုင်ယူ ၊အသင်း၏ (၁၈)ကြိမ်မြောက် ဆုဖလားကို မော်ရင်ဟို ဆွတ်ခူးပေး **
(မက်ဒရစ်၊ ဧပြီလ ၂၁ ရက်)
စပိန်ဘုရင်ဖလား နောက်ဆုံးဗိုလ်လုပွဲကို ကြာသပတေးနေ့ နံနက်ပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရီးယဲလ်မက်ဒရစ်အသင်းကအချိန်ပိုတွင် သွင်းသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရသွားသည်။ ယခုပွဲမှာ စပိန်ဘုရင့်ဖလား၏ နောက်ဆုံးဗိုလ်ပွဲဖြစ်သည်နှင့်အညီ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားစေခဲ့ရရာ ပွဲကစားချိန် ၁၀၃ မိနစ်တွင် စီရော်နယ်ဒိုက ရီးယဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ (အင်တာနက်)

(Andrés Iniesta)
** အင်နီယေစတာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်ပွဲပြန်ပါမည် **
(ဘာစီလိုနာ၊ ဧပြီလ ၂၁)
ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာသည် ရှက်တာဒိုးနက်နှင့်ပွဲတွင် ရခဲ့သည့် အ၀ါကတ်ပြစ်ဒဏ်ကြောင့် ရီးယဲလ်မက်ဒရစ်နှင့် ကစားရမည့် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲကို လွဲချော်ရမည့်အဖြစ်နှင့် ကြုံခဲ့ရသည်။ သို့သော် ယခုအချိန်တွင် ယူအီးအက်ဖ်အေက ယင်းပြစ်ဒဏ်ကို ပယ်ဖျက်ခဲ့၍ အင်နီယေစတာမှာ ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ခွင့်ရရှိတော့မည်ဖြစ်သည်။ (အင်တာနက်)
** စပါးကို သရေသာကစားနိုင်သည့် အာဆင်နယ် တတိယနေရာကို ဆင်းပေးရ၊ ချဲလ်ဆီး
ဒုတိယနေရာကို တက်လာ **
(လန်ဒန်၊ ဧပြီလ ၂၁ ရက်)
ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)၏ လက်ကျန်ပွဲနှစ်ပွဲကို ကြာသပတေးနေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ ချဲလ်ဆီးအသင်း နိုင်ပွဲရပြီး စပါးနှင့် အာဆင်နယ်တို့ပွဲမှာ သရေဖြင့် အဆုံးသတ်ခဲ့သည်။ စတမ်းဖို့ဒ်ဘရက်ခ်ျတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချဲလ်ဆီးနှင့် ဘာမင်ဂမ်တို့ပွဲတွင် အိမ်ရှင်ချဲလ်ဆီးက သုံးဂိုး- တစ်ဂိုးဖြင့် နိုင်ပွဲ ရသွားသည်။ ချဲလ်ဆီးသည် ယခုပွဲအနိုင်ရလိုက်ခြင်းကြောင့် ပွဲစဉ် (၃၃)အပြီးတွင် ရမှတ် ၆၄ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာသို့ရောက်ရှိကာ ပထမနေရာမှ မန်ယူနှင့် ခြောက်မှတ်အကွာတွင် ရှိနေသည်။ (အင်တာနက်)
** လီယောင်အေး (ချန်ဂင်) အမြွာသားနှင့် သမီးတို့ရဲ့ မေမေဖြစ်ပြီ **
(အာရှပရိသတ် အသည်းစွဲ ကိုရီးယားမင်းသမီး Lee Young-ae သည် အမြွာကလေးနှစ်ဦးကို ဖွားမြင်ခဲ့ကြောင်း ၄င်း၏ အေးဂျင့်က ထုတ်ဖော်ပြောကြားသည်။ အသက် (၄၀) အရွယ်ရှိ မင်းသမီးလီသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်တွင် ဆိုးလ်ဆေးရုံကြီး၌ အမြွာသားနှင့် သမီးကို ဖွားမြင်ခဲ့ကြောင်း၊ မိခင်နှင့် ကလေးများအားလုံးကျန်းမာကြောင်း ၄င်း၏ အေးဂျင့် Storms Company က ပြောသည်။ (အင်တာနက်)
** ဂျူနီယာဂေါ်တီ၏ ဇနီးအဖြစ် သရုပ်ဆောင်ခွင့်ရှိသွားသည့် လင်ဆေးလိုဟန် **
Gotti: Three Generations ဇာတ်ကားတွင် ဂျူနီယာဂေါ်တီ၏ ဇနီးအဖြစ် သရုပ်ဆောင်ရန် ယင်းဇာတ်ကား ထုတ်လုပ်သူနှင့် လင်ဆေးလိုဟန်တို့ နာရီအနည်းငယ်ကြာ ဆွေးနွေးပြီးနောက် သဘောတူညီမှုရခဲ့ပြီဖြစ်သည်။ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး လူမှုရေးပြဿနာများနှင့် ရင်ဆိုင်နေရသည့် လိုဟန်က ယင်းဇာတ်ကားတွင် သရုပ်ဆောင်ခွင့်ရရှိမှုသည် မင်းသမီးတစ်ယောက်အနေဖြင့် အနုပညာလောကကို ပြန်လည်ခြေချခွင့်ရှိနေကြောင်း သက်သေပြရန် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အေပီသတင်းဌာနသို့ ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ဟန်သစ် **
** စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ရီးယဲလ်က ဘာစီလိုနာကို အနိုင်ယူ ၊အသင်း၏ (၁၈)ကြိမ်မြောက် ဆုဖလားကို
မော်ရင်ဟို ဆွတ်ခူးပေး **

No comments:
Post a Comment