** Public Health **** လက်ဖက်စိမ်းရှည်သောက်ပြီး ထိုက်ချိနေ့စဉ်ကစားလျှင် သက်ကြီးအမျိုးသမီးများ၏ အရိုးများပိုမိုကြံ့ခိုင်လာနိုင် **
(လောစ်အိန်ဂျလိစ်၊ ဧပြီလ ၁၂ ရက်)
လက်ဖက်စိမ်းရည်သောက်ခြင်းနှင့် ထိုက်ချိခေါ် တရုတ်ရိုးရာကိုယ်လက်လှုပ်ရှားကစားခြင်းတို့သည် မီးယပ်သွေးဆုံးအရွယ် အမျိုးသမီးကြီးတို့၏ အရိုးနှင့် ပတ်သက်သော ကျန်းမာရေးကို ပိုမိုမြှင့်တင်ပေးနိုင်ဖွယ်ရှိသည့်အပြင် ရောင်ရမ်းမည့် အလားအလာများကိုလည်း လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိချက်တစ်ရပ်တွင် ဖော်ပြထားသည်။

တက္ကဆက်နည်းပညာတက္ကသိုလ် ကျန်းမာရေးသိပ္ပံဗဟိုရှိ အမျိုးသမီးများ ကျန်းမာရေးအင်စတီကျူမှ သုတေသီများက ဦးဆောင်သည့် အဆိုပါလေ့လာမှုကို သက်ကြီးအမျိုးသမီးများအား အဓိကဦးတည်၍ လက်ဖက်စိမ်းရည်သောက်ခြင်းနှင့် ထိုက်ချိကစားခြင်းတို့ ပေါင်းစပ်ခြင်းအားဖြင့် မီးယပ်သွေးဆုံးအရွယ် အမျိုးသမီးများ၏ အရိုးများကြံ့ခိုင်သန်မာမှု အလားအလာကို စူးစမ်းလေ့လာခဲ့ခြင်းဖြစ်သည်။ အရင်းမူလအားဖြင့် တရုတ်ရိုးရာကိုယ်ခံပညာတစ်ရပ်ဖြစ်သော ထိုက်ချိသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ ဖြည်းညှင်းညင်သာစွာ ရွေ့လျားလှုပ်ရှားခြင်းအားဖြင့် ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုတို့ကို ရယူနိုင်ပြီး နက်နက်ရှိုင်းရှိုင်းအသက်ရှုခြင်းနှင့် အနားယူဖြေလျှာ့နိုင်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်(သို့မဟုတ်) ချီဓာတ်ကို ထွက်ပေါ်လာစေနိုင်မည်ဟုဆိုသည်။

အဆိုပါ လေ့လာမှုကိုပျမ်းမျှ အသက် ၅၇ နှစ်အရွယ်ရှိ အရိုးအားနည်းချက်ရှိသော အမျိုးသမီး ၁၇၁ ဦးကိုအုပ်စုလေးစုခွဲကာ ခြောက်လကြာလေ့လာခဲ့ခြင်းဖြစ်သည်။ လေ့လာမှုရလဒ်များအရ နေ့စဉ်လက်ဖက်စိမ်းရည်လေးခွက်မှ ခြောက်ခွက်အထိ သောက်ပြီး ထိုက်ချိကစားသူများမှာ သုံးလမှာ ခြောက်လအတွင်း အရိုးကျန်းမာရေးကို မြှင့်တင်နိုင်ခဲ့ပြီး ကြွက်သားများလည်း သန်စွမ်းလာသည်ကို တွေ့ရှိရသည်ဟု ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ (ဆင်ဟွာ)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **

** Public Health **
** လက်ဖက်စိမ်းရှည်သောက်ပြီး ထိုက်ချိနေ့စဉ်ကစားလျှင် သက်ကြီးအမျိုးသမီးများ၏ အရိုးများပိုမိုကြံ့ခိုင်လာနိုင် **

No comments:
Post a Comment